နေပြည်တော် မေ ၃၀
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်းဝိစစ်စတန်အား ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား အရှိန်အဟုန်မြှင့်တင်သွားရေးနှင့် အာဆီယံနှင့်ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မန္တလေးငလျင်ဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း ထိုင်းပြည်သူပြည်သားများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခဲ့မှုများအပေါ် ကျေးဇူးတင်ရှိသည့်အနေဖြင့် ဂုဏ်ပြုအမှတ်တရတံဆိပ်များအား ထိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်