Skip to main content

ပြန်လည်တည်ဆောက်ရေးမှာ ဘယ်လိုအသုံးချဆောင်ရွက်မလဲဆိုတဲ့ကိစ္စဟာ အစိုးရတစ်ရပ်ရဲ့ ဦးဆောင်မှုတင်မကဘူး။ ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာပညာရှင်တွေရဲ့အမြင် အားလုံးကိုစုစည်းပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ပြန်လည်ထူထောင်ရေးကို တည်ဆောက်နိုင်မယ်

ဒေါက်တာဇော်ဦး

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲ” ကို မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါသုံးသပ်ဆွေးနွေးပွဲမှတစ်ဆင့် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းအတွက် ရလဒ်ကောင်းများ ရရှိလာစေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) မှ ဥက္ကဋ္ဌ ဦးကိုကို၊ ဒါရိုက်တာ ဒေါက်တာဇော်ဦးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်တို့ ပါဝင်သည့် အကြိုစကားဝိုင်းဆွေးနွေးမှုများကို ဖော်ပြလိုက်ရပါသည်-

ဦးကိုကို။ ။ ပထမဦးဆုံး အနေနဲ့ ဒေါက်တာဇော်ဦးက ဒီဆွေးနွေးပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကို ပြောကြားပေးပါ။

ဒေါက်တာဇော်ဦး။ ။ ဒီသုံးသပ်ဆွေးနွေးပွဲရဲ့အဓိကရည်ရွယ်ချက်ကတော့ ငလျင်ဘေးသင့်သွားတဲ့ စီးပွားရေးကဏ္ဍကြီးတွေနဲ့ ငလျင်ဘေးသင့်တဲ့ ဒေသတွေမှာ ဘယ်လိုပျက်စီးဆုံးရှုံးမှုတွေ ရှိနေသလဲ၊ ပြန်လည်ထူထောင်ရေးအတွက် ဘယ်လိုကြိုးစားနေကြသလဲ၊ ဒီအတွက် ကုစားပေးရမယ့် အခန်းကဏ္ဍမှာ နိုင်ငံတော်အစိုးရက ဘယ်လိုပံ့ပိုးကူညီပေးနိုင်မလဲဆိုတာ သက်ဆိုင်ရာကဏ္ဍအသီးသီးရဲ့ ကိုယ်စားလှယ်တွေ၊ ပြီးရင်ဘေးသင့်ဒေသက အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးပါမယ်။ နိုင်ငံတကာ ပညာရှင်တချို့ကိုလည်း ဖိတ်ကြားထားပါတယ်။ သူတို့တွေရဲ့ တင်ပြချက်အသီးသီးကို ကြားနာပြီး အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးကို အမြန်ဆုံးမြှင့်တင်ပြီး ဘယ်လိုဆောင်ရွက်နိုင်မယ်ဆိုတာကို ရည်ရွယ်ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။

ဦးကိုကို။ ။ မန္တလေးငလျင်ကြီးက ပြင်းထန်တဲ့ ငလျင်ကြီးပါ၊ ၇ ဒသမ ၇ အဆင့်ဆိုတာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ နီးပါးမှာ လှုပ်တဲ့ငလျင်ကြီးပါ။ သိသိသာသာ စီးပွားရေးအရ၊ လူမှုရေးအရ ဆုံးရှုံးထိခိုက်မှုတွေ အများကြီးရှိတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ အများစုရဲ့အသံတွေကို နားထောင်ရမယ်၊ သူတို့ရဲ့အခက်အခဲတွေအတွက် နိုင်ငံတော်နဲ့ ဘယ်လိုပေါင်းစပ်ဆောင်ရွက်ရမယ်ဆိုတာ လိုအပ်တယ်။ ဒါကြောင့် Business အသိုင်းအဝိုင်းက ဒီဖိုရမ်မှာ ဘယ်လိုကဏ္ဍကနေပူးပေါင်းဆောင်ရွက်မလဲ၊ ဒီဖိုရမ်အတွက် ဘာတွေပြင်ဆင်ပြီးပါပြီလဲ။

ဒေါ်ခိုင်ခိုင်နွယ်။ ။ မန္တလေးငလျင်ကြီး လှုပ်ခတ်သွားတဲ့အခါမှာ ပျက်စီးဆုံးရှုံးတာတွေ တော်တော်များပါတယ်။ အသက်အိုးအိမ်စည်းစိမ်လည်းအများကြီးဆုံးရှုံးတယ်၊ လူနေအိမ်ခြေ၊ စီးပွားရေးလုပ်ငန်းတွေလည်း အများကြီးဆုံးရှုံးတယ်။ အထူးသဖြင့် မန္တလေးလိုနေရာ၊ စစ်ကိုင်းတို့လို နေရာတွေက MSME များတဲ့ နေရာတွေပါ၊ နောက်ပြီး အဲဒီလိုနယ်တွေက ဘာလဲဆိုတော့ သူတို့ရဲ့ လူနေအိမ်ခြေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းက တစ်နေရာတည်းမှာ လုပ်ကြတာများတယ်။ ဒီလိုများတော့ ငလျင်လှုပ်ခတ်မှုကြောင့် အိမ်ပျက်သွားရင် စီးပွားရေးပါသွားတယ်။

ကျွန်မတို့ အသင်းချုပ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ညီနောင်အသင်းတွေရှိတယ်။ အသင်းချုပ်အောက်မှာ လုပ်ငန်း Sector တွေက ၆၀ ကျော်လောက်ရှိပါတယ်၊ ဒါကြောင့် ကျွန်မတို့အနေနဲ့ အသံအမျိုးမျိုးကို နားထောင်တယ်။ ပြီးတော့ အသင်းချုပ်အနေနဲ့ မတ် ၂၈ ရက် ငလျင်ပြီးတော့ မတ် ၂၉ ရက်မှာ Urgent အစည်းအဝေးခေါ်တယ်။ စတင်ပြီးတော့ ဘယ်လိုကူညီရမလဲ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ညီနောင်အသင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ပြင်းထန်စွာသက်ရောက်မှုရှိတဲ့ ဒေသတွေမှာ ကူညီမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဆရာပြောခဲ့သလို စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုတွေ၊ ဒီ Panel ထဲမှာ ပထမ Panel ထဲမှာ မန္တလေးငလျင်ကြီးကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုတွေကို ဆွေးနွေးကြမှာပါ။ ဆွေးနွေးတဲ့အခါ ကဏ္ဍကအစုံပါဝင်ပြီးတော့ သက်ရောက်မှုကို အပြင်းအထန်ခံစားရတဲ့ မန္တလေးကုန်သည် စက်မှုအသင်းကို ဖိတ်ကြားထားတယ်။ ပြီးတော့ စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်တာ၊ Supply Chain တစ်ခုလုံး ပါ၊ ပြီးရင် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အသေးစား၊ အလတ်စားတွေ ပါလာမှာပါ၊ ပြီးရင် CMP ထုတ်လုပ်မှု ကဏ္ဍပါ၊ ဝိုင်းဝန်းဆွေးနွေးကြဖို့ စီစဉ်ထားတာရှိပါတယ်။

ဆရာပြောသလို အခွင့်အလမ်းလည်းရှိတယ်၊ စိန်ခေါ်မှုလည်းရှိပါတယ်။ နောက် Panel တွေရဲ့ ဆွေးနွေးမှုတွေကလည်း အကျိုးရှိမယ်လို့ ယူဆပါတယ်၊ ဒီမှာဆိုရင် မြန်မာ့အာမခံလုပ်ငန်းလည်း ပါဝင်မယ်လို့ နားလည်ထားပါတယ်။ လုပ်ငန်းတွေ တော်တော်များများအနေနဲ့ အာမခံပတ်သက်တဲ့ အသိပညာရှိဖို့ လိုအပ်ပါတယ်၊ အာမခံထားမှ ကိုယ့်အတွက်ကိုယ်ပြန်ပြီး အာမခံချက်ရှိမယ်ဆိုတာ အသိပညာပေးချင်တာလည်း ပါပါတယ်။ ဒီ Panel တွေကနေ လုပ်ငန်းရှင်တွေ၊ ပြည်သူတွေပါ မသိသေးတဲ့ အပိုင်းတွေ၊ ကြိုတင်ပြီးတော့ ပြင်ဆင်ထားရမယ့်ကိစ္စတွေ၊ နိုင်ငံတော်အနေနဲ့ မူဝါဒပိုင်းဆိုင်ရာမှာ ဒီဟာတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက်၊ ပြန်လည်ကုစားနိုင်ဖို့အတွက် ဘယ်လိုနည်းနဲ့ လွယ်ကူအောင် လုပ်ပေးရမလဲ၊ ချိတ်ဆက်ပေးရမယ့်အပိုင်းကိုလည်း သိသွားမယ်ဆိုရင် ဒါဟာ အတိုင်းထက်အလွန်၊ အလွန်အောင်မြင်တဲ့ သုံးသပ်ဆွေးနွေးပွဲဖြစ်မှာပါ။ ဒီလိုလည်း မျှော်လင့်ပါတယ်။

ဦးကိုကို။ ။ အခုပြုလုပ်မယ့် Economic Recovery  Forum မှာ ထူးခြားတဲ့ တစ်ချက်က အဓိက Private Sector ပါလာတယ်၊ Private Sector က သူတို့ရဲ့လက်တွေ့ ကြုံတွေ့ထိတွေ့နေရတဲ့ ကဏ္ဍတွေကနေပါတယ်။ နောက်တစ်ခါ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ Problem Solving ကို ချဉ်းကပ်နိုင်တဲ့၊ စီးပွားရေးပြဿနာတစ်ခုကို ဖြေရှင်းရာမှာ ကျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်တွေ ပါလာတယ်။ ထိုနည်းလည်းကောင်းပဲ ဒီပြဿနာတွေ၊ Issue တွေ၊ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေအပေါ်မှာ ဒီဟာတွေအားလုံးကို အကျိုးသက်ရောက်မှုကောင်းအောင်၊ ထိရောက်အောင်လုပ်ပေးနိုင်တဲ့ Policy Maker ဆိုတဲ့ အစိုးရအဖွဲ့အစည်းပိုင်းဆိုင်ရာတွေက ပါလာတယ်။ ဒါက ဒီဖိုရမ်ရဲ့ ထူးခြားချက်လို့ ဆိုနိုင်သလို Inclusiveness ပူးပေါင်းပါဝင်မှုကများပါတယ်။ Pillar သုံးခုပေါ့။ ဒီ Pillar သုံးခုနဲ့ ဒီဖိုရမ်မှာ ဆွေးနွေးကြမှာဖြစ်တဲ့အတွက် ဘယ်လိုထိရောက်တဲ့ အကျိုးရလဒ်တွေရလာနိုင်တယ်ဆိုတာ ဆရာဒေါက်တာ ဇော်ဦးရဲ့အမြင်ကို ဆွေးနွေးပေးပါဦး။

ဒေါက်တာဇော်ဦး။ ။ အားလုံးပါဝင်အောင် ဆောင်ရွက်ခဲ့တဲ့ အဓိကရည်ရွယ်ချက်က ပိုပြီးအခွင့်အလမ်းတွေ ဖော်ထုတ်ရယူပြီးတော့ ပြန်လည်တည်ဆောက်ရေးမှာ ဘယ်လိုအသုံးချဆောင်ရွက်မလဲဆိုတဲ့ကိစ္စဟာ အစိုးရတစ်ရပ်ရဲ့ ဦးဆောင်မှုတင်မကဘူး။ ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာပညာရှင်တွေရဲ့ အမြင်အားလုံးကို စုစည်းပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ပြန်လည်ထူထောင်ရေးကို တည်ဆောက်နိုင်မယ်။

အတွေ့အကြုံတွေအပေါ် သင်ခန်းစာယူပြီး လုပ်ကြမယ်ဆိုရင် ပြည်သူတွေအနေနဲ့ အခုဆိုရင်ငလျင်ဘေးဟာ တော်တော်ကြီးမားတဲ့ ပျက်စီးဆုံးရှုံး မှုဖြစ်တယ်။ ပြီးတဲ့ သဘာဝကပ်ဘေးအားလုံးထက် ဆုံးရှုံးမှုများနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြတာလည်းရှိတယ်။ သို့သော်လည်း ဒီအပေါ်မှာ စိတ်ဓာတ်ကျနေ စရာမလိုဘူး။ ကျွန်တော်တို့အတွေ့အကြုံ၊ သင်ခန်းစာအရ ပြန်ပြီးကောင်းအောင် တည်ဆောက်နိုင်တယ် ဆိုတဲ့အခွင့်အလမ်းလည်း ရှိနေတယ်။ အဲဒီအခွင့်အလမ်းကို ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ ရှုထောင့်ကနေ အားလုံးဝိုင်းပြီး အမြင်တွေ စုစည်းကြဖို့ ဖြစ်ပါတယ်။

ဦးကိုကို။ ။     အခုလာမယ့် အဆောက်အအုံတွေ၊ အထူးသဖြင့် Public Property တွေကို ငလျင်အဆင့် ၈ အထိ ခံနိုင်ရည်ရှိအောင်လုပ်ရမယ်ဆိုတာ ပါတယ်။ အဲဒါက ကျွန်တော်ခုနက ဆွေးနွေးသလိုဆုံးရှုံးမှုထဲက ပြန်လည်ရရှိတဲ့အခွင့်အလမ်းက ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုပြန်လည်တည်ဆောက်နိုင်တယ်ဆိုတဲ့ အခွင့်အလမ်းတွေရယူဖို့တော့ လိုတာပေါ့၊ ဆုပ်ကိုင်မိဖိုတော့လိုတာပေါ့။

ဒီလိုမျိုးအခြေခံအဆောက်အအုံဆိုတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာ ပိုပြီးကောင်းမွန်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ Infrastructure တွေအတွက် ကျွန်တော်တို့မှာ အခွင့်အလမ်းရှိတယ်။ နိုင်ငံတော်တစ်ခုတည်းကနေ လုပ်ရမှာမဟုတ်ဘူး။ ပုဂ္ဂလိကအပိုင်းမှာလည်းလိုအပ်တယ်။ ပူးပေါင်းလုပ်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေဟာ ငလျင်ကြောင့် ထိခိုက်မှုရှိသော်ငြားလည်း အဲဒီပေါ်ကနေ မူတည်ပြီးတော့ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဆောက်အအုံတွေ ပျက်စီးသွားတော့ ပြန်လည်ပြီးတော့ သုံးသပ်သလိုပေါ့။ ကျွန်တော်တို့ကလည်း မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်သုံးသပ်သင့်တယ်။

ဒေါ်ခိုင်ခိုင်နွယ်။ ။ မှန်ပါတယ်။ ကျွန်မတို့ အသိုင်းအဝိုင်းမှာဆိုရင် Business Continuity Plan ဆိုတာကို အမြဲပြောခဲ့ကြပါတယ်။ စီးပွားရေးကို ဆက်လက်လုပ်ကိုင်နိုင်မယ့် အစီအမံတွေရှိဖို့ လိုအပ်ပါတယ်။ ကိုဗစ်ကာလတုန်းက တစ်ကမ္ဘာလုံးထိခိုက်တဲ့အချိန်မှာ လုပ်ငန်းတော်တော် များများဟာ ကမ္ဘာတစ်ဝန်းထိခိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီမှာ Business Continuity Plan ဆိုတာကို ILO ရဲ့ အလုပ်ရှင်အဖွဲ့အစည်းအကူအညီနဲ့ စာအုပ်တွေထုတ်ဝေခဲ့ပြီးတော့ သင်တန်းတွေလည်း အများကြီးပေးခဲ့ပါတယ်။ MSME လုပ်ငန်းတွေအကုန်ပေါ့။ အခုလည်း ဒီတစ်ခေါက်ဖြစ်တဲ့အခါ ကိုဗစ်နဲ့တော့ မတူဘူးပေါ့။ ဒီတစ်ခေါက်မှာ သဘာဝဘေးအန္တရာယ်တွေနဲ့ ယှဉ်တွဲရှိနေတဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို လိုက်လေ့လာပါတယ်။ ခဏခဏဖြစ်တဲ့ နိုင်ငံတွေ ကို လေ့လာပါတယ်။ Expert တွေလာတယ်၊ သူတို့ဆွေးနွေးပေးတယ်၊ သူတို့ဆီမှာ Business Continuity Guideline ဆိုတာရှိတယ်။ အဲဒါကို ကျွန်မတို့ကို မျှဝေပေးပါဆိုပြီး ဒါတွေကို ကျွန်မတို့ ဆောင်ရွက်နေပါပြီရှင့်။

အဲဒီ Guideline ကတော့ ယေဘုယျပေါ့။ ငလျင်ကြောင့်ဖြစ်စေ၊ ဆူနာမီကြောင့်ဖြစ်စေ အဲဒီလိုမျိုး အခြေအနေမျိုးမှာ လုပ်ငန်းကို ဘယ်လိုဆက်လုပ် ရမလဲ၊ ဒီ Guideline က Sector အားလုံးအတွက် General ပါ။ ပြီးရင် Sector တစ်ခုချင်းစီအတွက် Plan ရှိတယ်။ Business Continuity Plan (BCP) ပေါ့။ အဲဒါကိုလည်း ကျွန်မတို့ လေ့လာဖို့အတွက် တောင်းဆို ထားတဲ့အတွက် သူတို့ဆီက ရနေပါပြီ။ ကျွန်မတို့ ဖိတ်ခေါ်ပြီးတော့ Seminar လုပ်ဖို့ ပြင်ဆင်နေပါပြီ။ အဓိကကတော့ ကျွန်မတို့အဝန်းအဝိုင်းကလုပ်ငန်းရှင်အဝန်းအဝိုင်းပါ။ ဒါပေမယ့် ပြည်သူတွေလည်း သိဖို့လိုအပ်တယ်လို့ ထင်ပါတယ်။

ဦးကိုကို။ ။ ဖိုရမ်မှာ Panel ကြီး သုံးခုနဲ့ ကျင်းပဖို့ စဉ်းစားထားတယ်။ ပထမ Panel က ပြောခဲ့သလို ငလျင်ကြောင့် စီးပွားရေးအပေါ်မှာ ရိုက်ခတ်မှု impact ၊ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ Problem တွေကို ပထမဆုံးဆွေးနွေးကြမယ်။ ဒုတိယကတော့ ငလျင်ဘေးပြန်လည်ထူထောင်တဲ့ Recovery လုပ်တဲ့အချိန်မှာ တွေ့ရမယ့် စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေကို ဆွေးနွေးကြမယ်။ သဘာဝဘေးဖြစ်တိုင်းမှာ စီးပွားရေးအရ ပြတ်တောက်မှု၊ Communication အရ ပြတ်တောက်မှုဆိုပြီးရှိတယ်။ ပြတ်တောက်မှု အချိန်ကာလအတိုဆုံးဖြစ်အောင် ချက်ချင်း Connected ပြန်လုပ်နိုင်ရမယ်ဆိုတဲ့ Strategy တွေ၊ Code of Conduct တွေ၊ Plan တွေ၊ အဲဒါတွေအတွက် Idea ရလိုက်ပါတယ်။

ဒေါက်တာဇော်ဦး။ ။တတိယ Panel ကတော့ စီးပွားရေးအရ ပြန်လည်ကုစားနိုင်မယ့် နည်းလမ်းတွေပေါ့။ ဆောက်လုပ်ရေးကဏ္ဍမှာဆိုရင် ငလျင်ရဲ့ ထူးခြားတဲ့သက်ရောက်မှုက လူနေအိမ်ခြေအများစု ပျက်စီးဆုံးရှုံးတယ်၊ ၆၇၀၀၀ ကျော်ပေါ့။ ပြီးရင် ကျွန်တော်တို့ရဲ့ အခြေခံအဆောက်အအုံ၊ လမ်း၊ တံတားတွေ ပျက်စီးဆုံးရှုံးတယ်။ အဲဒီတော့ ပြန်ပြီးတည်ဆောက်တဲ့အပိုင်းမှာ ပါလာတာက ဆောက်လုပ်ရေးကဏ္ဍပေါ့။ ဆောက်လုပ်ရေးကဏ္ဍရဲ့ အခုလောလောဆယ် လိုအပ်ချက်က ငလျင်ဘေးတင်မကဘူး၊ တခြားသဘာဝကပ်ဘေးတွေကိုပါ ပိုပြီးခံနိုင်ရည်ရှိအောင် ကောင်းကောင်းဆောက်ဖို့ လိုနေတယ်။

လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိတာတော့ မဟုတ်ဘူး။ ရှိပါတယ်။ သို့သော်လည်း အဲဒီစည်းမျဉ်း စည်းကမ်းတွေလိုက်နာမှုကို ဘယ်လိုဆောင်ရွက်ကြမလဲ။ ဒီအချိန်မှာ အခွင့်အလမ်းတစ်ခုအနေနဲ့ ဖြစ်လာတာက အရင်တုန်းက အစိုးရကတော့ တိုက်ရိုက်အုပ်ချုပ်ရေးအမိန့်နဲ့ စည်ပင်သာယာရေးကနေတစ်ဆင့် ဒီအတိုင်းလုပ်ရမယ်၊ ဆောင်ရွက်ရမယ်ဆိုတဲ့ပုံစံနဲ့ ထိန်းသိမ်းခဲ့တာပေါ့။ သို့သော်လည်း လိုက်နာမှုအားနည်းတယ်ဆိုရင် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားနဲ့ ဆောင်ရွက်တာနဲ့တင် မလုံလောက်တော့ဘူး။ ဈေးကွက်ရဲ့ သဘောတရားနဲ့လည်း ပြန်ပြီးထိန်းညှိပေးရမယ်ဆိုတော့ ဈေးကွက်ထဲမှာ ပါလာကြမှာက ဘဏ်တွေ ပါလာမယ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ ပါလာမယ်၊ အာမခံလုပ်ငန်းတွေပါလာမယ်၊ သို့သော်လည်းပဲ သူတို့အတွက် လိုအပ်နေတာက အစိုးရမှာ ဒီလုပ်ငန်းတွေနဲ့ အခုပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ အံဝင်ခွင်ကျဖြစ်အောင် နိုင်ငံတော်အစိုးရဘက်ကလည်း လိုအပ်နေတဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ချမှတ်ပေးဖို့ လိုတယ်။ ဒုတိယ Panel က ဒါတွေကို ဆွေးနွေးကြတဲ့အခါ တတိယ Panel က ဒါတွေကို ဆောင်ရွက်နေတဲ့ နိုင်ငံတော်ဘက်က တာဝန်ရှိသူတွေကို ဖိတ်ထားမယ်။ ပြီးရင် တတိယအကြံပြုနိုင်တဲ့ ပညာရှင်တချို့ကိုလည်း ဖိတ်ထားတယ်။ ကျွန်တော်တို့ခေါ်တာတော့ Regulator တွေပေါ့၊ ဒီ Regulator တွေ ကျွန်တော်တို့ရဲ့ ဈေးကွက်စီးပွားရေးကို ညှိနှိုင်းပေးနေတဲ့ အဖွဲ့အစည်းတွေမှာလည်း ပြန်လည်ထူထောင်ရေးဈေးကွက်မှာ ဈေးကွက်အားနဲ့ ပြန်ညှိလို့ရအောင်၊ လိုအပ်တဲ့ မူဝါဒတွေ ချမှတ်နိုင်အောင် ဆွေးနွေးဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။

တတိယ Panel ကတော့ ကျွန်တော်တို့ ခုနက ဆွေးနွေးခဲ့တဲ့ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေ၊ တကယ်လက်တွေ့ ရှေ့လျှောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အဆင်ပြေချောမွေ့စွာ၊ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ အမိန့်ပေးပြီး ဆောင်ရွက်တာတင်မကဘဲ ဈေးကွက်ရဲ့ အားနဲ့လည်း ဆွဲနိုင်ဖို့အတွက် ပိုကောင်းမွန်အောင် လည်ပတ်နိုင်မယ့် ယန္တရားတွေကိုပါ ဈေးကွက်ထဲမှာ တည်ဆောက်သွားဖို့၊ ဒါမှသာလျှင် ပိုမိုကောင်းမွန်တဲ့ ပြန်လည်ထူထောင်ရေးတစ်ရပ်ကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဦးကိုကို။ ။ ဖိုရမ်ကို နဂိုဒီဇိုင်း လုပ်ထားတာက တစ်ရက်တာ ဆွေးနွေးပွဲပါ။ ဒါပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြတော့ စေတနာရှိကြပါတယ်။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေလည်း စေတနာထားကြတယ်။ သူတို့ ကိုယ်တိုင်က ဆွေးနွေးမှုက အချိန်လောက်ပါ့မလား၊ ဒီထက်ပိုပြီးတော့ အချိန်တိုးရင် မကောင်းဘူးလားလို့ ဆွေးနွေးပေးတဲ့အတွက် ကျွန်တော်တို့က နောက်ထပ် ၃၁ ရက်နေ့ နေ့တစ်ဝက် အချိန်ယူလိုက်ပါတယ်။ ကျွန်တော်တို့အတွက် အဲဒီနေ့တစ်ဝက်ကလည်း ထူးခြားတဲ့နေ့တစ်ဝက်ပါ။ Round Table Discussion တစ်နည်းအားဖြင့် Public Private Dialogue ပါ။ လက်တွေ့ကျကျ ဆောင်ရွက်နိုင်တဲ့အဖြေကို ထုတ်ဖို့ပါ။ ဒီဇိုင်းအရ UMFCCI အပိုင်းက ပြောနိုင်ဆိုနိုင်တဲ့ ကိုယ်စားပြုအဖွဲ့ပါမယ်၊ နိုင်ငံတော်အပိုင်းကလည်း ကိုယ်စားပြုဆွေးနွေးမယ့်သူတွေပါလာမယ်၊ Host တွေ၊ Organizer တွေလည်း ပါလာမယ်။ အဲဒီမှာ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးကြပါမယ်။

ဒေါ်ခိုင်ခိုင်နွယ်။ ။ ပထမနေ့ကတော့ Speaker တွေက အချိန်ကော၊ လူကော အကန့်အသတ်ရှိတာပေါ့၊ Panel မှာတော့ လူကလေးယောက်ဆိုရင် လေးယောက်ပဲ၊ အချိန်အရလည်း ဒါပဲပြောရမှာပေါ့။ အဲဒီမှာ ထွက်လာတဲ့ရလဒ်ပေါ့။ ရလဒ်တွေကို ဒုတိယနေ့မှာ ပြန်ပြီးဆွေးနွေးကြမှာ။ အဲဒီအခါမှာ ဆွေးနွေးမယ့်သူက Panel ပေါ်မှာချည်း မဟုတ်တော့ဘဲ သက်ဆိုင်ရာ Stakeholder တွေ ထပ်ပါလာမှာပါ။ ကျွန်မ မြင်တာကတော့ ပိုပြီးတော့ ထဲထဲဝင်ဝင်နဲ့ ထိရောက်မှုရှိမယ်လို့ မြင်တယ်။ ဒါကြောင့် ဒုတိယနေ့မှာ ဖိတ်မယ့်သူတွေကိုလည်း ကိုယ်စားပြုနိုင်အောင် ရွေးချယ်နေပါတယ်။ ပထမနေ့မှာ တက်ရောက်ပြီး နားထောင်တဲ့သူဖြစ်ရင် ပိုကောင်းတာပေါ့။ ပထမနေ့ နားထောင်ပြီးတော့ အားသာချက်၊ အားနည်းချက်တွေကို Note down ယူသွားပြီး ဒုတိယနေ့မှာ ပြန်ပြီးဆွေးနွေးကြတဲ့အခါ အားသာချက်၊ အားနည်းချက်ကိုလည်း ဆွေးနွေးပေးမယ်။ ဒီဘက်က မစဉ်းစားမိတဲ့အဖြေကို ပေးနိုင်ရင်လည်း ကောင်းတယ်။ ဘယ်သူတွေကတော့ ပါကို ပါရမယ်၊ ဘယ်သူတွေကို ဖိတ်ကြားမယ်ဆိုတာ စဉ်းစားထားပါပြီ။

ဦးကိုကို။ ။ ဒုတိယနေ့ နေ့တစ်ဝက် ဆရာဇော်ဦးနဲ့ UMFCCI က ကိုယ်စားလှယ်နဲ့ သဘာပတိတွေအဖြစ် ဆောင်ရွက်ကြမယ်။ ဒုတိယနေ့မှာ နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ်၊ ပြည်သူတွေအတွက်လည်း အကျိုးခံစားရမယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း အကျိုးဖြစ်ထွန်းမယ်၊ Win-Win-Win သုံးခုစလုံးအကျိုးခံစားရမယ့် ရလဒ်တွေ၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေ၊ လက်တွေ့ကျတဲ့ Implementation တွေ ပေါ်ထွန်းလာဖို့ ဖြစ်ပါတယ်။

ဒေါက်တာဇော်ဦး။ ။ ဒုတိယနေ့ရဲ့ အနှစ်သာရကတော့ Round Table သဘောပေါ့။ စားပွဲဝိုင်းမှာ အားလုံးဝိုင်းထိုင်ပြီးတော့ ဝိုင်းပြီး ဒူးတိုက်ဆွေးနွေးတယ်ဆိုတဲ့ အနှစ်သာရဟာအရေးကြီးပါတယ်။ ဘာကြောင့် အရေးကြီးတယ်ဆိုတော့ Panel လို သီးခြားစီခေါင်းစဉ်အလိုက် ဆွေးနွေးတဲ့အခါ သက်ဆိုင်ရာကဏ္ဍနဲ့ သက်ဆိုင်ရာဒေသတွေက သူတို့ရဲ့အမြင်နဲ့ သူတို့ရဲ့အတွေ့အကြုံနဲ့ ပြန်လည်ထူထောင်ရေးကို ပုံဖော်ဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ စကားဝိုင်းမှာ ဝိုင်းထိုင်ပြီး အားလုံးဆွေးနွေးကြတာကတော့ ကဏ္ဍပေါင်းစုံ၊ ဒေသပေါင်းစုံပေါင်းစပ်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ပြန်လည်ထူထောင်ရေးမှာ ဦးစားပေးတွေက ဘာလဲ၊ ပြည်သူတွေကတော့ ဦးစားပေးအရေးကြီးဆုံးပါ။ စီးပွားရေးအရတော့ အားလုံးကို ကုစားရမှာ မှန်သော်ငြားလည်း အခုလောလောဆယ်အချိန်ကာလတစ်ခုအနေနဲ့ အနီးကပ်မှာ ဆောင်ရွက်ရမယ့်ကိစ္စရပ် Quick Win လေးတွေပါ။ ဥပမာဆိုရင် ကျောင်းဖွင့်ချိန်ပါ။ ကျွန်တော်တို့အတွက် ကံကောင်းတာကတော့ ကျောင်းပိတ်ထားတဲ့ အချိန်ငလျင်လှုပ်တာဖြစ်တယ်၊ ကျောင်းတွေ ပြိုကျပေမယ့် ကျောင်းတက်တဲ့အချိန် မဟုတ်ဘူး။ သို့သော်ဒီတိုင်းကျောင်းတွေ ဆက်ပြီးမဖွင့်နိုင်ရင် ကလေးငယ်တွေ တော်တော်များများ ပညာရေးအရဆုံးရှုံးမှုတွေ ဖြစ်နိုင်တယ်။ ဒီကနေတစ်ဆင့်ပြီး တစ်ဆင့်စီးပွားရေးအရလည်း အများကြီးဆုံးရှုံးနစ်နာမှုတွေ ရှိနိုင်တယ်။ ဒီဟာတွေကိုလုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က ဒီဟာကိုတင်ပြဖို့ စဉ်းစားထားတာရှိတယ်။ ပညာရေးဝန်ကြီးဌာနကလည်း လာရောက်ဆွေးနွေးမှာလည်း ရှိတယ်။ သို့သော် ဒီဟာကို ဦးစားပေးအနေနဲ့ ပုဂ္ဂလိကကော ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂလိကစာသင်ကျောင်းတွေလည်း အများကြီးရှိတယ်။ လာပြီးဆွေးနွေးမယ့်သူဆိုရင် သူကိုယ်တိုင်က မန္တလေးဒေသမှာ ပုဂ္ဂလိကစာသင်ကျောင်းတွေ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူကလည်းကျွန်တော်တို့ကို ဆွေးနွေးပေးမယ်လို့ ပြောထားတာရှိပါတယ်။ အဲဒီလို Quick Win ရနိုင်မယ့်ကိစ္စတွေကိုလည်း ဒုတိယနေ့မှာ အားလုံးဝိုင်းပြီး ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ အရင်းအမြစ်တွေကို ဘယ်လိုပြန်ပြီး စုစည်းကြမလဲ။ ဘာကြောင့်လဲဆိုရင် ဆုံးရှုံးမှုက ကြီးတယ်။ ပုဂ္ဂလိကတစ်ဦးတည်းလည်း လုပ်လို့မရဘူး၊ အစိုးရတစ်ဦးတည်းလည်း လုပ်လို့မရဘူး။ အစိုးရနဲ့ပုဂ္ဂလိက ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲပေါ့။ ဆောင်ရွက်တဲ့ပုံစံတွေက ကဏ္ဍအလိုက် ဆောင်ရွက်မှာလေးတွေရှိတယ်၊ အရေးတကြီးစဉ်းစားရမယ့်ကိစ္စက ရန်ပုံငွေလိုမျိုး၊ ဒါကိုစုပေါင်းပြီးတော့ ဖြေရှင်းလိုက်ရင် အဆင်ပြေ နိုင်မလဲ။ ဘာသာရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာအရလည်း အားလုံးအတူတစ်ခုကို စုပေါင်းပြီးတော့ လှူကြတယ်။ အဲဒီလိုမျိုး စုပေါင်းရန်ပုံငွေဘယ်လိုထူထောင်မလဲ၊ ရန်ပုံငွေကိုလည်း နည်းနည်း၊ များများထည့်တဲ့သူတွေ အားလုံးအကျိုးရှိအောင် ဘယ်လိုပြန်အသုံးချမလဲဆိုတဲ့ အစီအစဉ်တွေ စနစ်တကျရေးဖို့လိုသလို သုံးစွဲမှုတွေကလည်း ပြည်သူတွေဆီကို တိုက်ရိုက်ဘယ်လိုဖြန့်ဖြူးပေးနိုင် သလဲဆိုတာ စစ်ဆေးခံနိုင်တဲ့ နည်းစနစ်တွေ ကျင့်သုံးပြီး လုပ်နိုင်ပြီဆိုရင် ဖိုရမ်အပြီးမှာ နောက်ဖိုရမ်တွေနဲ့ အသေးစိတ်လုပ်ရမှာတွေလည်း ရှိမှာပါ။ ဒါတွေကို ဆက်လုပ်နိုင်ဖို့ ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးနေကြတာလည်း ရှိပါတယ်။

ဒေါ်ခိုင်ခိုင်နွယ်။ ။ ခုနက ဆရာပြောသလို ကျွန်မတို့ Chamber က စီးပွားရေးလုပ်ငန်းတစ်ခုတည်းတင် မဟုတ်ဘူး။ ကျောင်းတွေကအစ၊ ကလေးတွေက ကျောင်းတွေ မကြာခင်ဖွင့်တော့မယ်၊ ဒါကြောင့် စစ်ကိုင်းဘက်မှာ ကျောင်းတွေ ပြင်တာတွေ ကျွန်မတို့ လုပ်တယ်၊ Chamber ကလည်း လုပ်တယ်၊ Chamber Member တွေလည်း ဝိုင်းလုပ်ကြတယ်။ ဒါက ကျွန်မတို့ ဆောင်ရွက်နေတဲ့ကိစ္စတွေပါ။ ဒီမှာကျွန်မတစ်ခုဆွေးနွေးချင်တာက ဆရာ လာဆွေးနွေးတဲ့အချိန်မှာ Chamber အနေနဲ့ ချက်ချင်းပဲအားထည့်ပြီး လုပ်မယ်လို့ ပြောလိုက်တာက ဒီအချိန်မှာ လုပ်ဖို့လည်း လိုအပ်တယ်။ အများပြည်သူကို သိစေချင်တဲ့ကိစ္စတွေပါ။ လုပ်ငန်းရှင်တွေကိုလည်း အသိပညာပေးဖို့ လိုအပ်သလို ပြည်သူတွေကိုလည်း အသိပညာပေးဖို့ လိုအပ်တယ်။ ကျွန်မတို့ဘက်က ဂရုစိုက်ရမယ့်ကိစ္စရပ်တွေရှိသလို ပြည်သူတွေအနေနဲ့ ပိုနားလည်စေချင်တဲ့ကိစ္စတွေလည်း ရှိပါတယ်။ ပစ္စည်းဝယ်တာက အစပါ၊ အခုကအဆောက်အအုံလို့သာ ပြောလိုက်တာ ပစ္စည်းအားလုံး အများကြီးပါသွားမှာပါ။

တစ်ခုပဲ ကျွန်မပြောချင်တာက ကျွန်မတို့ စကားဝိုင်းလုပ်တဲ့ ရည်ရွယ်ချက်က ဆရာပြောတဲ့ Public Private Dialogue ပါ။ ဒီမှာ ကျွန်မအနေနဲ့ Public Private Constructive Dialogue လို့ ထပ်ထည့်ချင်ပါတယ်။ အားလုံးအတွက် Constructively အဖြေ တစ်ခုရှာချင်လို့ပါ။ တိုင်းပြည်၊လုပ်ငန်းရှင်၊ ပြည်သူအားလုံးအတွက်ပါ။ အားလုံးအတွက် ကောင်းမွန်တဲ့ အဖြေတစ်ခုကို ရှာချင်လို့ ဒီပွဲကို လုပ်တာဖြစ်တဲ့အတွက် ဒီဟာက ရိုးရိုး Dialogue မဟုတ်ပါဘူး။ Public Private Constructive Dialogue လို့ ပြောချင်တာပါ။

ဒေါက်တာဇော်ဦး။ ။ ငလျင်ကြီး ဖြစ်လိုက်တော့ ပြန်ပြီးကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံအတွက် ပထဝီနိုင်ငံရေးအနေအထားမှာ အင်မတန်မှ ကောင်းမွန်တဲ့ရလဒ်တွေ ရလိုက်တာက အိမ်နီးချင်းနိုင်ငံတော်တော်များများက သူတို့အခေါ်တော့ Golden Hour ပေါ့၊ ၄၈ နာရီအတွင်းမှာ ရောက်လာကြတယ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား စသည်ဖြင့် ရောက်ကြတဲ့အခါမှာ တော်တော်များများ ရာနဲ့ချီ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်လိုက်နိုင်တယ်။

ပြီးရင် သူတို့ဆီက ကယ်ဆယ်ရေးပစ္စည်းတွေက တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်နေတဲ့ကြားထဲက ရောက်လာတယ်။ သဘာဝကပ်ဘေးတင်မကဘူး။ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စတွေအတွက်ပါ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးဆောင်ရွက်နေမှုတွေဟာ ငလျင်ဘေးကနေတစ်ဆင့်ထပ်ပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရိုးရိုးကယ်ဆယ်ရေးပစ္စည်းတင်မကတော့ဘူး။ ပြန်လည်ထူထောင်ရေးကျရင်လည်း ကျွန်တော်တို့ အားကိုးရမှာက တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့က ပစ္စည်းတွေရော၊ နည်းပညာရော များများယူဖို့ လိုတယ်။ အဲဒီအခါ ကျရင်သူတို့က နယ်စပ်ဖြတ်ကျော်ပြီး ပေးကြမှာတွေ ရှိတယ်။ ကျွန်တော်တို့နဲ့ ပိုပြီးပူးပေါင်းဆောင်ရွက်ကြမှာတွေရှိတယ်။ အဲဒီလို အခွင့်အလမ်းတွေကိုလည်း ကျွန်တော်တို့ တံခါးဖွင့်ပေးနိုင်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ကိစ္စကိုပါ ကျွန်တော်တို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဦးကိုကို။ ။ ငလျင်ဘေးကြောင့် နိုင်ငံတကာ၊ အိမ်နီးချင်းတွေ၊ ကျွန်တော်တို့နဲ့ နီးနီးမှာ ရှိတဲ့သူတွေ၊ မနီးမဝေးမှာရှိတဲ့သူတွေ အကုန်လုံးက လာရောက်ကြတယ်၊ ကူညီကြတယ်၊ ပံ့ပိုးကြတယ်။ ထိုနည်းတူပဲ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေ၊ အလွှာအသီးသီးက ဒီထဲမှာ လုပ်ကြတယ်၊ ဆောင်ရွက်ကြတယ်။ ဒါကတော့ မြန်မာစကားပုံနဲ့ ပြောရင်အရေးကြီးရင် သွေးနီးတယ်၊ ကျွန်တော်တို့ အသိတွေ၊ နှလုံးသားတွေ နီးစပ်လာကြတယ်။ နီးစပ်လာတဲ့ အချိန်မှာ ဖိုရမ်ကြီးလုပ်တယ်၊ ဖိုရမ်မှာ ဆရာပြောသလို အဖွဲ့အစည်းအသီးသီးတွေလာပြီး ဆွေးနွေးတိုင်ပင်ကြမယ်၊ အဖြေရှာကြမယ်၊ ဒီဖိုရမ်ကနေ နောက်ထပ်ညီညွတ်မှုလည်းရနိုင်တယ်၊ အားလုံးနဲ့ ပေါင်းစည်းမှု၊ စည်းလုံးညီညွတ်မှုကို ရရှိမယ်လို့ ထင်ပါတယ်။ ပူးပေါင်းကူညီမှုကနေ ပူးပေါင်းစည်းလုံးညီညွတ်မှုဆီသို့ဆိုတဲ့ အရွေ့တစ်ခုအတွက် ကျွန်တော်တို့က ရည်ရွယ်ပြီးတော့ အတတ်နိုင်ဆုံး စဉ်းစားဆောင်ရွက်ကြပါတယ်။ အဲဒီအတွက် ဖြစ်အောင်လို့ ဆရာ ဆရာမတို့ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။

မေထက်၊ ဓာတ်ပုံ- အေးသန်း