Skip to main content

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ယခုလက်ရှိတွင် ကိုဗစ်-၁၉ လူနာများအား ဆေးရုံများ၌ ကုသမှုပေးနေသည့် အခြေအနေ၊ ရောဂါကူးစက် ပြန့်ပွားကူးစက်မှု ကွင်းဆက်နှင့် အရှိန်ကျဆင်းရန် ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများအား သုံးသပ်ခြင်းနှင့် လိုအပ်သည့် ပံ့ပိုးမှုများကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ လုပ်ငန်းနည်းစနစ်များကို လောလောဆယ် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေ အရပ်ရပ်နှင့်အညီ လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းများ လုပ်ဆောင်ရန်အတွက် လည်းကောင်း ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ နေ့စဉ်ပြုစုထားသည့် ကူးစက်ရောဂါ ဗေဒဆိုင်ရာ သုံးသပ်ချက်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ နေ့စဉ်အစည်းအဝေးပြုလုပ် ဆွေးနွေးသုံးသပ် တင်ပြချက်များ၊ အသွားအလာကန့်သတ်ရာနေရာများ၊ ကိုဗစ်-၁၉ ကုသရေး ဌာနများနှင့် ဆေးရုံများမှ သတင်းအချက်အလက်များနှင့်အညီ လိုအပ်ချက်များကို ပံ့ပိုးဖြည့် ဆည်းခြင်းနှင့် ဝန်ကြီးဌာနမှ လုပ်ဆောင် နိုင်သည့်အတိုင်းအတာအတွင်းမှ လုပ်ငန်းများကို ဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိပါကြောင်း။

လူနာများသေဆုံးမှု ကျဆင်းစေရန်အတွက် ကုသပုံနည်းစနစ်သည် အရေးကြီးသကဲ့သို့ လူနာများအား ရောဂါဖြစ်ပွားမှု အခြေအနေအလိုက် နေရာချထားမှုနှင့် အချိန်မီလွှဲပြောင်း ကုသပေးမှု တို့သည် ထပ်တူထပ်မျှ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ သေဆုံး လူနာများ၏ (၉၅) ရာခိုင်နှုန်းသည် နာတာရှည်အခံရောဂါ ရှိသူများဖြစ်သဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးနှင့်သွေးကြော၊ ကျောက်ကပ်၊ ကင်ဆာ၊ အဆုတ်ရောဂါ အစရှိသည့် အခံရောဂါရှိ သူများနှင့် သက်ကြီးရွယ်အိုများ အနေဖြင့် ကိုဗစ်-၁၉ သံသယလက္ခဏာ ခံစားရခြင်းရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား ပြသကြရမည် ဖြစ်ပါကြောင်း၊ နေအိမ်တွင် သာနေထိုင်သူများတွင်လည်း နေအိမ်ပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့် သွားလာရသည့် တစ်အိမ်တည်းနေသူများထံမှ ရောဂါကူးစက်ခံရမှုများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိနေရပါ ကြောင်း။

ကိုဗစ်-၁၉ ရောဂါအပြင် အခြားသော ရောဂါအမျိုးမျိုးအတွက် ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အခန်း ကဏ္ဍသည် အရေးကြီး သဖြင့် ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများနှင့် ပေါင်းစပ်လုပ်ကိုင်ရန် မိမိတို့အားပေးရမည် ဖြစ်ပါကြောင်း၊ ဤကိစ္စကို ထိရောက်စွာစနစ်တကျအကောင်အထည် ဖော်နိုင်ရန် ရန်ကုန် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့က ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု အတက်အကျ၊ ကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်၊ အရှိန်အဟုန်၊ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူသူများ၏ ရောဂါရရှိမှု ပုံစံနှင့် ကပ်ရောဂါ (epidemiological characteristics) တို့ကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါထိန်းချုပ်ရေး ရှုထောင့်မှ အထူး ဂရုပြုသုံးသပ်ဆောင်ရွက်စေလိုပါကြောင်း၊ ကိုဗစ်-၁၉ လူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းသည် ယခုအချိန်ကာလ၌ အထူးအရေးကြီးပြီး ၎င်းတို့အားဖော်ထုတ်၍ အသွားအလာကန့်သတ်မှုများ လုပ်ဆောင်နိုင်မှ သာလျှင် ရောဂါဖြစ်ပွားမှု ကွင်းဆက်ပြတ်သွားပြီး ရောဂါဖြစ်ပွားသူနည်းပါးလာမည် ဖြစ်ပါကြောင်း။

ယနေ့အစည်းအဝေးတွင် ကုန်တင်ကားမောင်းသူများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးပေးခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ တွေ့ရှိရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေး ကြစေလိုပါကြောင်း၊ အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများ၊ ဆေးရုံနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများ တည်ထောင်ခြင်း လုပ်ငန်းများ အပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသီရိအောင်က ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါကူးစက်ဖြစ်ပွားမှု အတက် အကျ၊ ကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်များ၊ ဓာတ်ခွဲစစ်ဆေးမှုအခြေအနေများကို တင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှုး ဦးစိုးစိုးဇော်က ရန်ကုန် တိုင်းဒေသကြီး ဝင်၊ ထွက် ဂိတ်ပေါက်များတွင် ကုန်တင်ကား ယာဉ်မောင်းများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးနေမှုများ၊ ကုန်တင်ကား ယာဉ်မောင်း များအတွက် Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးရာ၌ လက်ရှိတွင် ရောဂါ ပိုးမရှိကြောင်း အထောက်အထားစာရွက်အား တစ်ပြေးညီဖြစ်စေရန်နှင့် ထိုသို့စစ်ဆေးရာတွင် ပုဂ္ဂလိကဆေးရုံများအသင်းမှ စေတနာ့ဝန်ထမ်းများက ဆေးသုတေသနဦးစီးဌာန၌ ဓာတ်ခွဲ နမူနာရယူစစ်ဆေးမှု သင်တန်းတက်ရောက်ပြီး ပါဝင်ဆောင်ရွက်မည့်ကိစ္စကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာထွန်းမြင့်က ကုန်တင်ကား ယာဉ်မောင်းများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးနေခြင်းအား ၎င်းတို့စတင်ထွက်ခွာလာသည့် တိုင်း ဒေသကြီး/ ပြည်နယ်မှ တာဝန်ယူစစ်ဆေးရန်ကိစ္စကိုလည်းကောင်း၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ကိုဗစ်-၁၉ ကုသရေးဌာနများ၏ ခုတင် အရေအတွက်၊ အောက်ဆီဂျင်ပေးကုသမှုပေးနိုင်သည့် ခုတင်အရေအတွက်၊ အထူးကြတ်မတ် ကုသမှုပေးရန် High Dependency Unit နှင့် Intensive Care Unit များ ခုတင်အရေအတွက် အသေးစိတ်နှင့် ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိသည်များ၊ ကိုဗစ်-၁၉ လူနာများအား လက်ခံ ကုသမှုပေးနေသည့် ကိုဗစ်-၁၉ ကုသရေးဌာနများနှင့် ဆေးရုံများတွင် အောက်ဆီဂျင်ပိုက် လိုင်းများ တပ်ဆင်ထားရှိမှု၊ အောက်ဆီဂျင်အိုးများ မပြတ်တောက် စေရေးအတွက် ကုမ္ပဏီ များနှင့် ဆွေးနွေးထားရှိမှု၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံ၊ ရန်ကုန် အနောက်ပိုင်းဆေးရုံ၊ အင်းစိန် ပြည်သူ့ဆေးရုံနှင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံတို့တွင်လည်း အောက်ဆီဂျင်ပေးရန်ပွိုင့် (၁၀၀) စီ ထပ်မံတပ်ဆင်နေမှု၊ အောက်ဆီဂျင် plant နှင့် generator များ ထပ်မံတပ်ဆင်ရန် စီစဉ်နေမှုနှင့် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ လက်ခံကုသနိုင်ရန်နှင့် ပုဂ္ဂလိက ဆေးခန်းများဖွင့်လှစ်ကာ အထွေထွေကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ စနစ်တကျ ရေးဆွဲရန်တို့ကိုလည်းကောင်း။

ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များမှ ဓာတ်ခွဲဝန်ထမ်း (၈၀) ဦးအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးခြင်းသင်တန်းကို အောက်တိုဘာလ (၁၇) ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် ပြုလုပ်သွားမည့်အစီအစဉ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးပညာဘွဲ့လွန်သင်တန်းသား (၄၀) ဦးအား Ventilator Training ပေးရန် အစီအစဉ်၊ ကိုဗစ်-၁၉ ကူးစက်ခံရသော ကျောက်ကပ်ရောဂါလူနာများအတွက် ကျောက်ကပ် သွေးသန့်စင်ခြင်း (haemodialysis) ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စက် (၅) ခု တပ်ဆင် ဆောင်ရွက်မည့် အစီအစဉ်၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် အဆောင်နေရာနှင့် ဟိုတယ်များဆောင်ရွက်ထားရှိမှု တို့ကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က လက်ရှိတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးနေမှုအခြေ အနေများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက ကိုဗစ်-၁၉ ကုသရေးဌာနနှင့် ဆေးရုံအသီးသီးတွင် ကိုဗစ်-၁၉ လူနာများအား ကုသပေးနေမှု အခြေအနေများကို လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ရန်ကုန်တိုင်းဒေသကြီး တွင် စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ခွဲဝေဆောင်ရွက်မှု လမ်းကြောင်းများ အတိအကျရှိရန်လိုအပ်မှု၊ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းရာတွင် လူနာနှင့်ထိတွေ့ခဲ့သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း အားနည်းနေမှု၊ ကိုဗစ်-၁၉ လူနာများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ လိုအပ်နေမှုတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆေးရုံများနှင့် ကုသရေးဌာနများတွင် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးပေးလျက်ရှိသည့် အခြေ အနေများကိုလည်းကောင်း ဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေး နွေးမှုနှင့် လိုအပ်ချက်များအား တင်ပြခြင်းတို့ကိုဆောင်ရွက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်း ဖြည့်ဆည်း ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ရာတွင် ဝန်ကြီးဌာနအနေဖြင့် ကုန်စည် စီးဆင်းမှုများကောင်းမွန်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းစေရန် ရည်ရွယ်ပြီး ကုန်တင်ကားမောင်းသူများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေး ပေးလျက်ရှိရာ၌ ကုန်တင်ကားမောင်းသူများအနေဖြင့်လည်း စစ်ဆေးမှုခံယူပြီး ရောဂါမရှိ ကြောင်း အဖြေရရှိသော်လည်း စည်းကမ်းလိုက်နာမှုမရှိပါက နောက်တစ်ရက် တွင်ပင် ရောဂါပိုးကူးစက်ရရှိနိုင်သည် ဆိုသည့်အချက်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊ စည်းကမ်း လိုက်နာမှုမရှိပါက နိုင်ငံတစ်ဝန်းရှိ နေရာအရပ်ရပ်သို့ ရောဂါကူးစက်ပျံ့နှံ့နိုင်သဖြင့် ၎င်းတို့ စည်းကမ်းလိုက်နာမှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထား ကြီးကြပ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိအနေဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ လက်ခံကုသနိုင်ရန်ကိစ္စအား လွန်ခဲ့သော လကပင် သဘောတူညီခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်နှင့် ပုဂ္ဂလိကဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးစောင့် ရှောက်မှုပေး နိုင်ရန်အတွက် ရှင်းလင်းပြတ်သားသော လုပ်ငန်းလမ်းညွှန်များကို အမြန်ဆုံး ရေးဆွဲဖြန့်ဝေ ပေးစေလိုပါကြောင်း၊ ပုဂ္ဂလိကဆေးခန်းများမှ ကုသမှုနှင့်ပတ်သက်၍ သိရှိလို သည့်အချက် များကို ဝန်ကြီးဌာနမှအထူးကုဆရာဝန်များထံဆက်သွယ် အကြံပြုချက် တောင်းခံနိုင်ရန် အတွက် hotline ဖုန်းနံပါတ်များကိုလည်း စီစဉ်ထားရှိစေလိုပါကြောင်း၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကုသမှုနည်းစနစ် ပုံစံများကိုလည်း ဆေးတက္ကသိုလ် များနှင့် ဆေးရုံကြီးများမှ ပါမောက္ခဆရာဝန်ကြီးများက ရေးဆွဲပြုစုကာ ဖြန့်ဝေထားရမည် ဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့အနေဖြင့် အောက်ဆီဂျင် plant နှင့် generator များ၊ Intensive Care Unit နှင့် High Dependency Unit များ ထပ်မံတပ်ဆင်ရန်ကိစ္စရပ်များအပါအဝင် အခြားဆေးရုံ လုပ်ငန်းများ၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု ကိစ္စရပ်များအား အဖွဲ့ဝင်များတိုင်ပင်ညှိနှိုင်းကာ အချိန် နှင့်တပြေးညီ ဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်မှုအခြေအနေကိုသာ ဗဟိုသို့ အချိန်နှင့် တပြေးညီ အကြောင်းကြားရန်လိုပါကြောင်း၊ ယခု ကိုဗစ်-၁၉ အရှိန်မြင့် ဖြစ်ပွားစဉ် ကာလ၌ မူဝါဒပိုင်းဆိုင်ရာ၊ မဟာဗျူဟာဆိုင်ရာ ကိစ္စရပ်များကိုသာ မိမိနှင့် တာဝန်ရှိ အကြီး အကဲများထံသို့ တယ်လီဖုန်းနှင့် ဆက်သွယ်ပြောကြားရန် ဖြစ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)