Skip to main content

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းချော်ကျပြီး လမ်းပိုင်းပျက်စီးခဲ့မှု ပြုပြင်ပြီးစီး၍ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ရထားများ ပြန်လည်ပြေးဆွဲပေးလျက်ရှိ

နေပြည်တော် မေ ၂၇

ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမှတ် (၆၈၇) အစုန်ကျောက်ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး သိမ်ဆိပ်နှင့် ဒုံဝန်းရထားလမ်းပိုင်းအား မေ ၂၅ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရသဖြင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသော အမှတ် (၈၁) အဆန်/ (၈၂) အစုန် လူစီးရထားများ ယာယီရပ်နားခဲ့ရသည်။

မြန်မာ့မီးရထားအနေဖြင့် ယာယီပိတ်ထားရသည့် ရထားလမ်းပိုင်းအတွင်း ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များ အဆင်ပြေစွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် မြန်မာ့မီးရထားတာဝန်ရှိသူများနှင့် လုပ်သားများက လမ်းချော်ကျခဲ့သည့် ကျောက်ရထားအား ပြန်လည်မတင်ခြင်း၊ ရထားလမ်းပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို မေ ၂၅ ရက်မှ ယနေ့အထိ နေ့/ညမပြတ်ဆောင်ရွက်ခဲ့ကြပြီး လမ်းပိုင်းအတွင်း စက်မှုအထူးရထားဖြင့် စမ်းသပ်ပြေးဆွဲ၍ ယနေ့ညနေ ၅ နာရီခွဲတွင် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားလမ်းပိုင်းပြန်လည်ဖွင့်လှစ်မှုကြောင့် ပဲခူး-မော်လမြိုင်လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ကုန်ရထားနှင့် ကျောက်ရထားများအား ယနေ့မှစ၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိပြီး လူစီးရထားများဖြစ်သည့် အမှတ် (၈၁) အဆန်နှင့် အမှတ် (၈၂) အစုန် ရန်ကုန်-မော်လမြိုင်-ရန်ကုန် လူစီးအမြန်ရထားများအား မေ ၂၈ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်