နေပြည်တော် မေ ၂၇
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သို့လည်းကောင်း၊ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့လည်းကောင်း သွားရောက်၍ ၂၀၂၅-၂၀၂၆ လေ့ကျင့်ရေးနှစ်တွင် တက္ကသိုလ်အလိုက် ဖွင့်လှစ်သွားမည့် သင်တန်းများနှင့် ပတ်သက်၍ အုပ်ချုပ်ရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာများ ကြိုတင်ပြင်ဆင်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များအလိုက် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံ့ဝန်ထမ်းမျှော်မှန်းချက်ကို ဦးတည်သော သင်ကြားမှုများဖြစ်စေရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းမျှော်မှန်းချက်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရှေးရှုမြော်တွေး၍ သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ မိမိတို့ သင်ကြားပေးလိုက်သော နိုင်ငံ့ဝန်ထမ်းများသည် နောင်ဆယ်စုနှစ်များသို့ ရောက်သည့်အခါ နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကိုးအားထားပြုနိုင်မည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ရုံးလုပ်ငန်း၊ စီမံခန့်ခွဲရေး၊ ခေါင်းဆောင်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုများ တတ်ကျွမ်းနားလည်စေရေး ရာထူးအဆင့်အလိုက် တစ်ဆင့်ချင်းလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ စားသောက်ရေးအတွက် အထောက်အကူဖြစ်စေရန် တက္ကသိုလ်အလိုက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် သင်တန်းအိပ်ဆောင်များ၊ စားရိပ်သာများနှင့် စာသင်ဆောင်များ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်