Skip to main content

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အထူးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများကြား ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆက်လက်ဆောင်ရွက်ပြီး တရားမဝင်ထုတ်လုပ်နေမှုကို ယခုထက်ပို၍ ပိုမိုထိရောက် အောင်မြင်အောင်ဆောင်ရွက်

နေပြည်တော် မေ ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်အမှာစကား ပြောကြားသည်။    

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ နေပြည်တော် ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ပြတ်ပြတ်သားသား တိုက်ဖျက်ဆောင်ရွက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တရားမဝင် ကုန်သွယ်မှုများသည် ရာဇဝတ်ကျူးလွန်မှု၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ငွေကြေးထောက်ပံ့မှုအပါအဝင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကိုပါ ထိခိုက်စေသည့်အတွက် သက်ဆိုင်သည့်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်ဆောင်ရွက်သွားရန်” လမ်းညွှန်မှာကြားထားကြောင်း။

တင်ပို့မှုနှင့် တင်သွင်းမှုပါများပြားလာ

ထို့ပြင် စီးပွားရေးရာနှင့်ပတ်သက်သည့် အစည်းအဝေးများတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍ ထိထိရောက်ရောက် တားဆီးဆောင်ရွက်ရန်” အမြဲတစေလမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုကိစ္စရပ်များကို အထူးဂရုစိုက်ပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ၂၀၂၂ ခုနှစ်မှစတင်၍ ပြင်ဆင်ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ၁၉ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခင်အစည်းအဝေး ၁၈ ကြိမ်အထိ ဆုံးဖြတ်ချက် ၆၁၉ ချက်ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သုံးနှစ်နှင့်လေးလတာကာလအတွင်း ဖမ်းဆီးရရှိမှုများကို ပြန်ကြည့်မည်ဆိုပါက ဖမ်းဆီးရမိအမှုတွဲ ၂၂၁၉၈ မှု၊ တန်ဖိုးအားဖြင့် ငွေကျပ် ၅၇၆ ဒသမ ၅၄၁ ဘီလီယံဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း၊ လအလိုက်ဖမ်းဆီးရမိမှုများတွင် ၂၀၂၅ ခုနှစ် မတ်လတွင် ဖမ်းဆီးရရှိမှုသည် အများဆုံးဖြစ်ကြောင်း၊ ယခုထက် ပို၍ ဖမ်းဆီးဖော်ထုတ်နိုင်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ နယ်မြေလုံခြုံရေးအခြေအနေအရ နယ်စပ်ကုန်သွယ်ရေးများ ခေတ္တရပ်တန့်နေသည့်အချိန်တွင် တရားမဝင်ကုန်ပစ္စည်းများ တင်ပို့မှုနှင့် တင်သွင်းမှုပါ များပြားလာကြောင်း၊ ထိုသို့ တရားမဝင်ကုန်သွယ်မှုများ ပေါ်ပေါက်လာမှုနှင့်အတူ ဖမ်းဆီးရရှိမှုများ များလာသည်ကိုလည်းတွေ့ရှိရကြောင်း၊ လုံခြုံရေးအဖွဲ့များနှင့် စစ်ဆေးရေးအဖွဲ့များကလည်း စနစ်တကျထိထိမိမိ စစ်ဆေးဆောင်ရွက်မည်ဆိုပါက ယခုထက်ပို၍ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း။

ညှိနှိုင်းပြီး ဆောင်ရွက်ကြရမည်

ထို့အပြင် ကုန်သွယ်ဖက်အိမ်နီးချင်းနိုင်ငံများနှင့်လည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာတွင် သတင်းများဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဝန်ကြီးဌာန အချင်းချင်း၊ အစိုးရအဖွဲ့ အချင်းချင်းညှိနှိုင်းပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့ (Transnational Alliance to Combat Illicit Trade - TRACIT) ၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်သည့် တရားမဝင် ကုန်သွယ်မှု အညွှန်းကိန်း 2025 Illicit Trade Index တွင်လည်း နိုင်ငံပေါင်း ၁၅၈ နိုင်ငံအနက် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၁၁၇ သတ်မှတ်ထားသည်ကို တွေ့ရှိရကြောင်း၊ ယခင် ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှုဆိုင်ရာ ပတ်ဝန်းကျင်အညွှန်းကိန်း Global Illicit Trade Environment Index တွင် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၈၁ သာ ရရှိခဲ့သည့်အတွက် ၂၀၂၅ ခုနှစ်တွင် အညွှန်းကိန်း ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရ ကြောင်း၊ သို့သော် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံအနေဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် အဆင့်(၉)သာ ရရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့်နိုင်ငံအတွင်း ထိထိမိမိဖြင့် ဖမ်းဆီးရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံများဖြင့် အစိုးရအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်းညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့ (Transnational Alliance to Combat Illicit Trade - TRACIT)၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်သည့် တရားမဝင်ကုန်သွယ်မှု အညွှန်းကိန်း 2025 Illicit Trade Index တွင်လည်း တရားမဝင်ကုန်သွယ်မှုများ အလွန်အကျူးပြုလုပ်နေသည့်ကဏ္ဍ ၁၂ ရပ် ဖော်ထုတ်ထားကြောင်း၊ ယင်းတို့တွင် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ၊ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းနှင့် ပိုးသတ်ဆေးများ၊ အရက်၊ အတုအပကုန်စည်ပစ္စည်းများ၊ သစ်တောထွက်ကုန်များ၊ တရားမဝင် ငါးဖမ်းဆီးမှုများ၊ ရေနံထွက်ပစ္စည်းများ၊ ဆေးဝါးများ၊ အဖိုးတန်သတ္တုနှင့် ကျောက်မျက်များ၊ ဆေးရွက်ကြီး ကုန်စည်များ၊ လူကုန်ကူးမှုများ၊ တောရိုင်းတိရစ္ဆာန်များပါဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း။

ကြပ်မတ်ထိန်းချုပ်ဆောင်ရွက်

ကဏ္ဍ ၁၂ ရပ်၏ ခေါင်းစဉ်များအလိုက် မိမိတို့အဖွဲ့များတွင်ပါဝင်ကြသည့် One Stop Service အဖွဲ့များ၊ စစ်ဆေးရေးအဖွဲ့များက ဖော်ထုတ်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ သုံးနှစ်နှင့် လေးလတာ ကာလအတွင်းဖမ်းဆီးရရှိမှုများအနက် တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် သွင်းကုန် ကုန်ပစ္စည်းများ၊ စက်ကိရိယာပစ္စည်းများနှင့်အခြား လူ့အသုံးအဆောင် ပစ္စည်းများကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် လယ်ယာသုံး ကိရိယာနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်လိုင်စင်များဖြင့် ထုတ်ပေးထားကြောင်း၊ သို့သော်လည်း ယင်းအပေါ်ကျော်လွန်ပြီး ဆောင်ရွက်မှုများရှိနေသည့်အတွက် ကြပ်မတ်ထိန်းချုပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

သတင်းများတွင် မကြာခဏထည့်သွင်းဖော်ပြ

တစ်ဖက်ကလည်း ဖမ်းဆီးထိန်းချုပ်ပြီး တစ်ဖက်ကလည်း မူပိုင်ခွင့်ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများဖြင့် ခိုင်လုံအားကောင်းအောင်ပြုလုပ်၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများအပါ အဝင်အစိုးရနှင့် လုပ်ငန်းရှင်များ စီးပွားရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အကောက်ခွန်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေနှင့် အထူးကုန်စည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ယှဉ်ပြိုင်မှုဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အရေးယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် အဓိက အခန်းကဏ္ဍသည် သတင်းရရှိရေးပင်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများအတွင်း သတင်းရရှိမှု ၂၅၅ ကြိမ်ရရှိခဲ့ပြီး သတင်းမှား ၁၃ ကြိမ်၊ နောက်ကျသတင်း ငါးကြိမ်နှင့် သတင်းမှန် ၂၃၇ ကြိမ်ဖြစ်ကြောင်း၊ နောက်ပိုင်းကာလ နောက်ကျသတင်းပေးပို့မှုများ နည်းပါးလာပြီး သတင်းမှန်ပေးမှု များပြားလာခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို တစ်ဖက်တစ်လမ်းမှထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ သတင်းပေးပြည်သူများ၏ လုံခြုံမှုနှင့်နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် သတင်းလုံခြုံမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ထိန်းသိမ်းလျှို့ဝှက်ပေးရ မည်ဖြစ်ကြောင်း၊ သတင်းပေးသည့်အတွက် ဖမ်းဆီးရရှိသောအမှုအပေါ်မူတည်၍ နိုင်ငံတော်က အကျိုးအမြတ်များ ထောက်ပံ့ပေးခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ပေးခြင်းစသည့် ခံစားခွင့်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်သည်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သတင်းများတွင် မကြာခဏထည့်သွင်းဖော်ပြပေးသွားကြရမည်ဖြစ်ကြောင်း။

ဖမ်းဆီးရရှိမှုနှင့် စပ်လျဉ်း၍ ပစ္စည်းများဖမ်းဆီးခြင်းနှင့် အခြားကန့်သတ်ပစ္စည်း ဖမ်းဆီးရမိခြင်းများရှိကြောင်း၊ ဖမ်းဆီးရမိသည့် ပစ္စည်းများကို အလေအလွင့်အဆုံးအရှုံး အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းခြင်း၊ စစ်ဆေးသည့် ဥပဒေအပိုင်းကလည်း မြန်မြန်ဆန်ဆန်စစ်ဆေးပြီး အမြန်ဆုံးထုခွဲရောင်းချခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်း စသည်တို့ကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ အမြန်ဆုံးဖြစ်စေရေး ကော်မတီဝင်များနှင့်သက်ဆိုင်သည့် တာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အထူးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများကြား ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆက်လက်ဆောင်ရွက်ပြီး တရားမဝင်ထုတ်လုပ်နေမှုကို ယခုထက်ပို၍ ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပါဝင်သည့် ဝန်ထမ်းများကလည်း တစ်ဦးချင်းလုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် တာဝန်ထမ်းဆောင်ကြရန်နှင့် မိမိတို့အဖွဲ့အစည်း အဝင်းအဝိုင်းအတွင်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိများဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရသည့်အတွက် ဦးဆောင်ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များနှင့် ပြည်သူများအားလုံးကပေါင်းစပ်ပြီး ဝိုင်းဝန်းထိန်းကျောင်း ဆောင်ရွက်ကြမှသာ ကော်မတီ၏ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့်အပြင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည့်အချက်များကို တစ်ဖက်တစ်လမ်းမှ တားဆီးကာကွယ် ထိန်းသိမ်းသွားနိုင်မည်ဖြစ်သည့်အတွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာရဲမြင့်တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၅)သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးထွန်းအုံ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ တရားမဝင်ထိန်းချုပ် ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ သစ်များ၊ ယာဉ်များ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ဖမ်းဆီးရမိမှု၊ အဆိုပါဖမ်းဆီးရမိမှုများအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိမှု၊ အဆိုပါဖမ်းဆီးရမိသည့်ပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အမှုတွဲများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပို့ကုန် သွင်းကုန်နှိုင်းယှဉ်ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌ ကုန်စည်စီးဆင်းနေမှုနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်