Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုဆိုင်ရာများ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တာဝန်စတင်ထမ်းဆောင်ချိန်မှစတင်၍ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တာဝန်ပေးအပ်ရာတွင်လည်း တပ်မတော်သားများကိုသာ ခန့်အပ်ခြင်းမဟုတ်ဘဲ စစ်ဘက်နှင့် နယ်ဘက်မျှတအောင် တာဝန်ပေးခန့်အပ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင် ရွက်ခဲ့ကြောင်း။

မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက်ကြည့်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပညာရေးအရ၊ စီးပွားရေးအရ အားနည်းမှုများရှိကြောင်း၊ အဆိုပါအားနည်းမှုများကြောင့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရ လှုံ့ဆော်မှုမျိုးစုံကို ခံစားခဲ့ရပြီး တိုင်းပြည်တည်ငြိမ်မှုမရှိခဲ့ခြင်းကို သမိုင်းမှတ်တမ်းများတွင် သမိုင်းသင်ခန်းစာအဖြစ် တွေ့ရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ပြည်ထောင်စုမပြိုကွဲရေးအတွက် တွက်ဆ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ရေးဆွဲပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးထားသည့်အခွင့်အရေးများ၌ ဖက်ဒရယ်အခွင့်အရေးများ ပေးထားသည်ကို တွေ့ရကြောင်း။

၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အာဏာရပါတီကို နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းချိန်၌ အာဏာရပါတီအတွင်း သဘောထားကွဲလွဲမှုများ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်၌ အတိုက်အခံပါတီဖြစ်သည့် NLD ပါတီအနေဖြင့် NCA ကို လက်မှတ်ရေးထိုးခြင်းမပြုရန် လှုံ့ဆော်ကန့်ကွက်မှုများရှိခဲ့ကြောင်း။

၂၀၁၅ ခုနှစ် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းတွင် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါအစိုးရသက်တမ်းကာလအတွင်း နိုင်ငံတော်အတွက် အရေးကြီးသည့်ကာလများ၌ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအား လုံးဝပြုလုပ်ခြင်းမရှိခဲ့ကြောင်း၊ အလားတူ ဥပဒေနှင့်မညီသည့် ပြဋ္ဌာန်းချက်များအား အတည်ပြုခဲ့ပြီး ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း။

ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်၏ ကုန်သွယ်ရေးလိုငွေမှာ ၁၂ ဘီလျံကျော်ခန့်နှင့် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် ၁၂ ဘီလျံကျော်ခန့် စုစုပေါင်း ၂၅ ဘီလျံကျော်ခန့် လိုငွေပြခဲ့ကြောင်း၊ အဆိုပါငွေများအား ပြည်ပအကူအညီများ၊ ချေးငွေများ၊ ကုန်သွယ်မှုမှအပဝင်ငွေများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် ကျောင်းနေရာခိုင်နှုန်းများ မြင့်တက်လာခဲ့သည်ကို အချက်အလက်များအရ သိရှိရကြောင်း၊ ကိုဗစ် - ၁၉ ဖြစ်ပွားပြီးချိန်၌ ကျောင်းနေရာခိုင်နှုန်းများ ကျဆင်းခဲ့ကြောင်း၊ ထိုကဲ့သို့ ပညာရေးအားနည်းချက်များကို ဂရုပြုရန်လိုကြောင်း။

၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အထူးဒေသများဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင်လည်း NCA လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်ချမ်းရေးနှင့်ပတ်သက်၍ သမိုင်းတစ်လျှောက်တွင် အခက်အခဲများရှိခဲ့ကြောင်း၊ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေးညီလာခံအား (၂၁) ရာစုပင်လုံအဖြစ် အမည်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ သမိုင်းကြောင်းအရ အခက်အခဲများရှိလာနိုင်သဖြင့် အသိပေးမှုများဆောင်ရွက်ခဲ့ရကြောင်း။

တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်ပေးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်ကတည်းက ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန် တပ်မတော်က ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများအရ ဗိုလ်မှူးကြီးဟောင်း တင်မောင်ရေးသားသည့် “တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်” ဆိုသည့်အတိုင်း ၎င်းအချိန်က “ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန်” ဖြစ်ပေါ်နေသည့်ကာလဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေလျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့မူလရည်ရွယ်ချက်တွင်ပါသည့်အတိုင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင်လည်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသကဲ့သို့ ဖဆပလခေတ်တွင်လည်း အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် တရားမျှတသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈၊ ပုဒ်မ ၁၅၅ တို့တွင် လွှတ်တော်ခေါ်ရာ၌ အထမြောက်သည့်အပိုင်းများကို ထည့်သွင်းရေးသားထားကြောင်း၊ ဥပဒေများအား ချိန်ထိုးကြည့်ရာတွင် ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ ရွေးကောက်ပွဲကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံရေးအရ တာဝန်ယူဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာများကို ခွဲဝေဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်ကျေးရွာအဆင့်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ ပေးအပ်ထားခြင်းဖြစ်ကြောင်း၊အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အရည်အချင်းပြည့်ဝနေရန်လိုကြောင်း၊ အုပ်ချုပ်ရေးတာဝန်ယူထားသူများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းနေရန်လိုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူများအနေဖြင့် အရည်အချင်း ပြည့်ဝရန်လိုအပ်သကဲ့သို့ အုပ်ချုပ်မှုအတတ်ပညာ၊ ဥပဒေနှင့် ဒေသဖွံ့ဖြိုးရေးအမြင်များ ရှိရန်လိုကြောင်း။

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေဖော်ဆောင်ပေးရမည်

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မဖြစ်မနေဖော်ဆောင်ပေးရမည်ဖြစ်ပြီး စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ပညာတတ်များရှိမှသာလျှင် နိုင်ငံ့အနာဂတ်အတွက် စိတ်ချရမည်ကို အမြဲတမ်းခံယူထားရန်လိုအပ်မည်ဟု ပြောလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ လွတ်လပ်ရေးမရမီကတည်းကပင် အားနည်းချက်များရှိခဲ့ကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းအထောက်အထားများကို လေ့လာကြည့်မည်ဆိုပါက သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ရှေးဘုရင်များလက်ထက်က ဥရောပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့သည့် သမိုင်းမှတ်တမ်းများလည်းရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ရှေးဘုရင်များခေတ်က နိုင်ငံတော်၌ ကျင့်သုံးခဲ့သည့် ပညာရေးစနစ်များနှင့် ခေတ်အဆက်ဆက်၌ ကျင့်သုံးခဲ့သည့် ပညာရေးစနစ်များကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပညာရေးအားနည်းမှုများနှင့်ပတ်သက်ပါက ပြုပြင်ပြောင်းလဲမှုများစွာဆောင်ရွက်၍ မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေချိန်အတွင်း ပညာရေးနှင့်ပတ်သက်၍ များစွာမြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပညာရေးညီလာခံများ လုပ်ဆောင်ရာ၌ အကြောင်းအရာဖော်ထုတ်ချက်များအပြင် ပညာရေးနှင့်ပတ်သက်၍ မည်ကဲ့သို့မြှင့်တင်ဆောင်ရွက်မည်ကို လက်တွေ့ကျကျ ဆုံးဖြတ်ဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကို သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်ပြူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ပြီး အကျိုးရလဒ်များကို တွေ့မြင်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးနှင့်ပတ်သက်ပါက ရေရှည်အနာဂတ်အကျိုးကိုကြည့်၍ စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အများစုအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုများလည်း ရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာသင်အထက်တန်းကျောင်းများကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများ အထိုက်အလျောက်ရရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန်လို အပ်မည်ဖြစ်ကြောင်း။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့ချိန်တွင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာအချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် စာမေးပွဲပြန်လည်ဖြေဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ရကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည့်အတွက် ပြန်လည်ဖြေဆိုမှုမဆောင်ရွက်စေဘဲ ဖြေလျှော့မှုဖြင့် စာမေးပွဲအအောင်ပေးရန် ပြောဆိုမှုများရှိကြောင်း၊ သို့သော် သိက္ခာရှိသည့်အောင်မြင်မှုမျိုးနှင့် နိုင်ငံတကာစံချိန်စံနှုန်းများအရ စာမေးပွဲပြန်လည်ဖြေဆိုရန် မိမိတို့အနေဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း စာမေးပွဲပြန်လည်ဖြေဆိုရမည့်ဒေသများ၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် အဆင်ပြေချောမွေ့မှုရှိစေရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ မေလ ၂၂ ရက်နေ့ဆိုပါက ကျောင်းအပ်နှံရေးရက်သတ္တပတ်စတင်ပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအလိုက် ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ နှောင့်ယှက်မှုများမဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေမည်ဆိုပါက ထိုသို့ဆောင်ရွက်နေသည့်နေရာဒေသများသည် အခြားဒေသများ၏နောက်တွင် ကျန်နေခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့်လည်း ၎င်းကဲ့သို့ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေခြင်းသည် မိမိတို့အနာဂတ်ကို မိမိတို့ဖျက်ဆီးနေသည်ကို အသိရှိရန်လိုကြောင်း။

ကျန်းမာရေးကဏ္ဍအားပေးမြှင့်တင်

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ နေ့စဉ်လူမှုဘဝလှုပ်ရှားမှုများ၌ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် နေထိုင်သွားလာလှုပ်ရှားမှုများမရှိသည်ကို တွေ့မြင်ရပြီး ကျန်းမာရေးအသိအမြင်များ အားနည်းမှုများရှိနေဆဲဖြစ်ကြောင်း၊ အချို့သောဒေသများ၌ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကြောင့် ကျန်းမာရေးအရ အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပါက ကျန်းမာရေးဝန်ထမ်းများအပြင် ကျန်းမာရေးနှင့် နှီးနွယ်သည့်သူများ၊ ပြည်သူများအားလုံး အတူတကွဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်”၊ “လူ့အသက်ထက်အရေးကြီးသည်မှာ ဘာမျှမရှိ”၊ “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” စသည့်မူဝါဒများချမှတ်၍ ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးခြင်း၊ အထောက်အကူပြုပစ္စည်းများဖြည့်ဆည်းပေးခြင်းတို့ဖြင့် အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ မိမိတို့စတင်တာဝန်ယူခဲ့စဉ် နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် လုပ်ငန်းခွင် စွန့်ခွာမှုများရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်းအများစုလည်း ပါဝင်ခဲ့ကြောင်း၊ ကိုဗစ် ၁၉ ဖြစ်ပွားနေစဉ်ကာလနှင့် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပေါ်နေစဉ်ကာလဖြစ်သဖြင့် ယင်းအကြပ်အတည်းကို မိမိတို့အနေဖြင့် ရှိသည့်အင်အားများကို စုစည်း၍ ကြိုးပမ်းဆောင်ရွက်ကာ ကျော်လွှားခဲ့ရကြောင်း၊ တပ်မတော်သားဆရာဝန်၊ ဆေးမှူးများကိုလည်း နိုင်ငံအနှံ့သို့ စေလွှတ်၍ ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ရကြောင်း၊ အရေးကြီးသည်မှာ ပြည်သူများ၏ ကျန်းမာရေးကိစ္စများ အဆင်ပြေစေရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ များစွာဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆေးရုံအဆောက်အဦများ၊ မြေနေရာများနှင့်ပတ်သက်၍လည်း လိုအပ်သည်များဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေး၊ ကျန်းမာရေးတို့နှင့်ပတ်သက်ပါက လိုအပ်သည်များကို ဖြည့်ဆည်းမြှင့်တင်ပေးသွားရန် မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုအပ်မည် ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်လို

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးဒဏ်ကို များစွာကြုံတွေ့ခဲ့ရကြောင်း၊ ကပ်ရောဂါကြုံတွေ့ရမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ပဋိပက္ခများကြုံတွေ့ရမှု၊ ငလျင်ဘေးဒဏ်ကြုံတွေ့ရမှုစသည်တို့ဖြင့် နိုင်ငံတော်အနေဖြင့် ဆုံးရှုံးခဲ့ရမှုများစွာဖြစ်ပေါ်ခဲ့ရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း တစ်ဦးချင်း ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများရှိကြောင်း ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလီယံဖိုး ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အစိုးရဘက်ဂျက်မှ ငွေကျပ် ၇၃ ဒသမ ၇၉၇ ဘီလီယံကျော်ဖိုး ပြန်လည်ပြုပြင်ထောက်ပံ့ပေးခဲ့ကြောင်း၊ ပြည်သူတို့၏ ကုန်ကျမှုများ မပါရှိသေးဘဲ နိုင်ငံတော်မှ ကုန်ကျမှုသီးသန့်ပင်ဖြစ်ကြောင်း၊ ထို့အတူ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလီယံကျော်ဆုံးရှုံးခဲ့ရပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၅၄ ဒသမ ၈၀၇ ဘီလီယံထောက်ပံ့ပေးခဲ့ရကြောင်း၊ မတ်လ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအနေဖြင့် ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်များ ကြုံတွေ့ခဲ့ရခြင်းမရှိပါက မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်များအပြင် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ထိခိုက်သေဆုံးခဲ့ရမှုများ၊ နိုင်ငံပိုင်လမ်းတံတားအဆောက်အဦများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှုများ များစွာရှိခဲ့ကြောင်း၊ ယင်းတို့သည် တိုင်းပြည်အတွက် အရှုံးများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများ အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုကောင်းစွာဖြင့် ကာကွယ်နိုင်ရန်လိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည်လည်း ကြီးမားသည်ဖြစ်သည့်အတွက် ငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ နိုင်ငံတစ်ခုတိုးတက်ရန်အတွက် စီးပွားရေးအရ အားကောင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရန်အတွက် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ရှိကြောင်း၊ နိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများထက် လျော့နည်းလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ယခုထက်ပိုမိုကြိုးပမ်းဆောင်ရွက်သွားရဦးမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်မူဝါဒကိုသာ ချမှတ်ပေးမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်အောင်ဖန်တီးပေးရန်နှင့် တိုက်တွန်းပေးရန်မှာ အစိုးရတွင်တာဝန်ရှိပြီး မိမိတို့အနေဖြင့် ချေးငွေများထုတ်ပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းများ ထိုက်သင့်သလောက် အောင်မြင်မှုမရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိသေးသည်ကို တွေ့ရကြောင်း၊ ဆီထွက်သီးနှံနှင့်ပတ်သက်၍လည်း အထွက်နှုန်းအားနည်းနေဆဲဖြစ်ပြီး ပြည်ပမှတင်သွင်းနေရဆဲပင်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ခန့် လျော့နည်းခဲ့သည်ကို တွက်ချက်မှုများအရ တွေ့ရှိရကြောင်း၊ သီးထပ်စွမ်းအားများ ရာနှုန်းပြည့်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါကလည်း အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံခန့် ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရေခံမြေခံကောင်းများနှင့် လုပ်အားအရင်းအမြစ်များရှိပြီးဖြစ်သော်လည်း အမှန်တကယ်အလုပ်လုပ်ခြင်းမရှိသဖြင့် ဝင်ငွေနည်းရခြင်းဖြစ်ကြောင်း၊ ငွေကြေးဈေးနှုန်းများ မတည်မငြိမ်ဖြစ်ရခြင်းနှင့်ပတ်သက်၍လည်း အချက်တစ်ချက်အနေဖြင့် စဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ဝင်ငွေတိုးတက်အောင် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဆိုပါက ငွေကြေးဈေးနှုန်းများ တက်လာမည်မဟုတ်သကဲ့သို့ ကုန်ဈေးနှုန်းများလည်း တိုးမြှင့်လာမည်မဟုတ်သဖြင့် မိမိတို့အနေဖြင့် အလုပ်ကို အမှန်တကယ်လုပ်ကြရန်နှင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းနှင့်ပတ်သက်၍ အဖြေရှာရန်လိုပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းတို့ကို ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုတိုးမြှင့်အောင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း။

လျှပ်စစ်စွမ်းအား လုံလောက်စွာရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှုတိုးတက်ကောင်းမွန်စေရေး

လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လိုအပ်ချက်ရှိခဲ့ပြီး အချိန်တိုအတွင်း လျှပ်စစ်ရရှိနိုင်ရန် ဆိုလာစွမ်းအင်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်၍ မရနိုင်စေရေး စက်ရုံ၊ အလုပ်ရုံများ၊ ဓာတ်အားပေးတိုင်များအား ဖျက်ဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ဆောင်ရွက်လျက်ရှိသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်၍ လျှပ်စစ်စွမ်းအားပေးနိုင်ရေး အစွမ်းကုန်ဆောင်ရွက်လျက်ရှိသဖြင့် မိမိအနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း အကြမ်းဖက်သမားများ၏ လမ်းတံတားဖောက်ခွဲဖျက်ဆီးမှုများကို ရက်ပိုင်းအတွင်း နာရီပိုင်းအတွင်း ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုမရှိပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ရန်အခက်အခဲများစွာရှိမည်ဖြစ်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထုက ယုံကြည်မှုရှိပြီး အားကိုးရသည့် အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းကြောင်းကောင်းကို ရေးထိုးနိုင်ရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဆိုင်ရာအချက်အလက်အကျဉ်းချုပ်၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍဆိုင်ရာများတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အထွေထွေတင်ပြချက်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ညှိနှိုင်းအစည်းအဝေးပထမနေ့ကို ညနေပိုင်းတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။