နေပြည်တော် မေ ၁၈
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၈ ရက်အထိ သေဆုံးသူ ၃၇၂၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၀ ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၄ ဦးကို ရှာဖွေပေးနိုင်ခဲ့သည်။
အလားတူ မေ ၁၅ ရက်တွင်လည်း သီရိလင်္ကာနိုင်ငံမှ လှူဒါန်းသည့် ရွက်ဖျင်တဲ၊ ဆေးဝါးနှင့် စားသောက်ကုန်အမျိုးမျိုးပါ ပေ ၂၀ ကုန်သေတ္တာ ၁၀ လုံး (အလေးချိန် ၄၇ ဒသမ ၉ တန်)နှင့် တရုတ်နိုင်ငံ ချုံချင့်မြူနီစီပယ်အစိုးရနှင့် ပြည်သူများက လှူဒါန်းသည့်ပစ္စည်းအမျိုးမျိုးပါ ပေ ၄၀ ကုန်သေတ္တာ ငါးလုံး(အလေးချိန် ၂၈ ဒသမ ၈၄၁ တန်)သည် ရန်ကုန်မြို့ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး အဆိုပါနိုင်ငံတကာမှ ပေးပို့လာသည့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်