Skip to main content

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၁၀

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁၀ ရက်အထိ သေဆုံးသူ ၃၇၂၁ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၆ ဦး ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိအသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၉၈ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များကငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များကငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၉ ရက် ညနေ ၅ နာရီမှ မေ ၁၀ ရက် ညနေ ၅ နာရီအတွင်း အိန္ဒိယနိုင်ငံသံရုံးက ထောက်ပံ့သည့်ဆေးပစ္စည်းများ (အလေးချိန် ၀ ဒသမ ၀၉၀ တန်)နှင့် တရုတ် (တိုင်ပေ) အခြေစိုက်ဗုဒ္ဓဘာသာကျူချီပရဟိတဖောင်ဒေးရှင်းက လှူဒါန်းသောခြင်ထောင်နှင့် အိပ်ရာခင်း ၃၄ ပုံး (အလေးချိန် ၁ ဒသမ ၀၆၉ တန်) ရောက်ရှိခဲ့ပြီး အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်အမြန်ဆုံး ခွဲဝေထောက်ပံ့လျက်ရှိပါကြောင်း သိရသည်။

သတင်းစဉ်