နေပြည်တော် မေ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဇနီး ဒေါ်ကြူကြူလှသည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီရုံး၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီး ဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မေစိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ ဇနီးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ဝင်များအား BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့သည် မကြာမီပြုလုပ်မည့် BRICS Forum တွင် အစိုးရနှင့် စီးပွားရေးနယ်ပယ်ပေါင်းစုံမှ အမျိုးသမီးများပါဝင်သည့် အခြေအနေများ၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုံးခွဲများကို ကမ္ဘာ့နိုင်ငံများတွင်ဖွင့်လှစ်ထားလျက်ရှိပြီး မြန်မာနိုင်ငံဘက်မှ စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လိုသည့် အခြေအနေများ၊ လက်ရှိကမ္ဘာ့ရေးရာများတွင် အမျိုးသမီးများ၏အခန်းကဏ္ဍကို အသိအမှတ်ပြုအားပေးဆောင်ရွက်ရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်သည့်အခြေအနေများ၊ အမျိုးသမီးများ၏ နေ့စဉ်လူမှုဘဝဆောင်ရွက်မှုများ သာမကကမ္ဘာ့ရေးရာကိစ္စရပ်များတွင် ရဲစွမ်းသတ္တိ၊ ယုံကြည်မှု၊ လုံ့လဝီရိယရှိမှု၊ ဦးဆောင်နိုင်မှု၊ ဖန်တီးနိုင်မှု စွမ်းအားတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်နေမှုများအား အသိအမှတ်ပြုအားပေးရန် လိုအပ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးစွန့်ဦးတီထွင်မှုအခန်းကဏ္ဍ မြှင့်တင်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ပညာရေးနှင့်အမျိုးသမီးရေးရာတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ State Tretyakov Gallery သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ခံနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါ State Tretyakov Gallery သည် ရုရှားနိုင်ငံ၏ အရေးအပါဆုံး ယဉ်ကျေးမှုအနုလက်ရာများရှိရာ ကမ္ဘာကျော်ပြခန်းကြီးတစ်ခုဖြစ်ကြောင်း၊ ရုရှားလူမျိုးတို့၏ အနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်မှုတို့ကို လေ့လာနိုင်သဖြင့် ရုရှားလူမျိုးတို့၏ ဓလေ့စရိုက်များ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့် စိတ်နေသဘောထားများ၊ သမိုင်းကြောင်းအစဉ်အလာများ၊ အနုသုခုမပညာရပ်တို့တွင် အဆင့်အတန်းမြင့်မားမှုများကို ပြတိုက်အတွင်းပြသထားသည့် အနုပညာပြကွက်များမှတစ်ဆင့် တွေ့မြင်ရနိုင်ကြောင်း၊ ပြခန်းကြီးတွင် ပြသထားသည့်အနုပညာကို လာရောက်ခံစားကြသူများအနေဖြင့် လူကြီးများသာမကလူငယ်များ၊ ကလေးငယ်များကိုပါ ရုရှားလူမျိုးတို့၏ အနုပညာ၏ တန်ဖိုးနှင့် အဆင့်အတန်းမြင့်မားမှုတို့ကို သိရှိသွားအောင်လုပ်ပေးလျက်ရှိသည့် ပြတိုက်ကြီးတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။