Skip to main content

ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါ ပိုး အတည်ပြုလူနာပေါင်း ၃၀၀၀၀ နီးပါးရှိလာနေပြီ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ အဖွဲ့အစည်းအသီးသီးက ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေက ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်နေကြတာဆိုရင် တကယ့်ကို ကျေးဇူးတင်ဂုဏ်ယူစရာဖြစ်သလို၊ ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ထိရောက်အောင်မြင်မှာ ဖြစ်ပါ တယ်။

ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်း စည်းကမ်းတွေကို ပါမောက္ခကြီးတွေ၊ သမား တော်ကြီးတွေက ရုပ်မြင်သံကြားအစီအစဉ်နဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် အပတ်စဉ် အသိပညာပေး ရှင်းလင်းပြောကြားနေသလို ပြည်သူတွေကလည်း ဒီအချက်တွေကို အတိအကျလိုက်နာခြင်းဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။

ဒီနေ့အတွက် မေးခွန်း မေးမြန်း၊ ဖြေကြား ဆွေးနွေးမှုမှာ ပါမောက္ခ ဒေါက်တာ မြင့်ဟန် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်)၊ ပါမောက္ခ ဒေါက်တာဇော်လင်းအောင် (ပါမောက္ခဌာန မှူး၊ ဆေးပညာဌာန - ဆေးတက္ကသိုလ် (၁) ရန်ကုန်)တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒေါက်တာထွန်းတင် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဆရာကြီးတို့အားလုံး မင်္ဂလာပါ။ ဒီနေ့မှာ ဆရာကြီးတို့ မအားလပ်တဲ့ကြားကနေအချိန်ပေးပြီး လာရောက်ဆွေးနွေးပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပြောကြားပါရစေ။ ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် ဆရာကြီးတို့ကို ဖိတ်ခေါ်ပါတယ်။

ဒေါက်တာထွန်းတင်။ ။ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ကြည့်ရှုနေကြတဲ့ မိဘပြည်သူများအားလုံး မင်္ဂလာပါ။ ဒီအစီအစဉ်ဟာ အခုဆိုရင် တတိယအပတ်ထဲရောက်ရှိလာပြီးတော့ ပြီးခဲ့တဲ့အစီအစဉ်တွေမှာလည်း ဆရာကြီး၊ ဆရာမကြီးတွေ တော် တော်များများ ပြည့်ပြည့်စုံစုံ ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။

ဖြေစရာတွေ ရှိနေ

ဒါပေမယ့်လည်း ဒီ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ကတော့ မေးစရာတွေ ကျန်နေ မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါရဲ့ သဘာဝအရလည်း ပြောင်းလဲမှု တွေ ရှိနေတယ်။ ဒီလို ပြောင်းလဲမှုမှာ မူတည်ပြီး လိုက်ပြီးတော့ တုံ့ပြန်ဆောင်ရွက် ရတဲ့ အစီအစဉ်တွေကလည်း ပြောင်းလဲနေ တာဖြစ်လို့ ဖြေစရာတွေက ဆရာတို့မှာ ရှိနေပါတယ်။

ဒီနေ့အစီအစဉ်အတွက် စုဆောင်းထား တဲ့ မေးခွန်းတွေကို ဆရာတို့အနေနဲ့ လေ့လာ ကြည့်လိုက်တဲ့အခါမှာ ကဏ္ဍစုံ ပါဝင်နေတာ ကို တွေ့ရပါတယ်။ ရောဂါကူးစက်မှု၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှု၊ ရောဂါလက္ခဏာ ကုသမှု တွေ၊ အန္တရာယ်ရှိတဲ့အုပ်စု၊ ရောဂါအခံရှိသူတွေ၊ သေဆုံးမှုတွေ၊ ရောဂါကူးစက်မှုမရှိအောင် ဆောင်ရွက်ရမယ့်အပိုင်းတွေ စသည်ဖြင့် အစုံစုံ မေးထားတာတွေကို ဆရာတို့ တွေ့ရပါတယ်။

ဦးစားပေး ဖြေဆို

ကျွန်တော်တို့ အဖွဲ့အနေနဲ့က အကုန်လုံး ကို တစ်ခါတည်း ဖြေကြားပေးလိုပေမယ့်လည်း ရရှိတဲ့ အချိန်ကန့်သတ်ချက်ပေါ် မူတည်ပြီး ဦးစားပေးပြီး ရွေးချယ်ဖြေဆိုသွားပါရစေ။ မိဘ ပြည်သူတွေ သိတဲ့အတိုင်းပဲ အခုဆိုရင် ကိုဗစ်- ၁၉ ရောဂါ အတည်ပြုနိုင်သူ စုစုပေါင်းက ၃၀၀၀၀ နီးပါး ရှိလာပြီ၊ သေဆုံးသူပေါင်းက ၆၀၀ ကျော်၊ ၇၀၀ နီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါနဲ့ဆက်စပ်ပြီး ပထမဆုံးမေးခွန်းအနေနဲ့ ကိုဗစ်-၁၉ ကြောင့် ကူးစက်ရောဂါအခံရှိသူ တွေ သေဆုံးမှုများတယ်ဆိုရင် သူတို့ရောဂါ တွေကို ဘယ်မှာသွားပြကြရမလဲ၊ ဆေးမပြတ် အောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်းကို သွားရပါ့မလဲ ဆိုတဲ့ မေးခွန်း နဲ့ပတ်သက်ပြီး ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးမြင့်ဟန်ကို စတင်ဖြေကြားပေးဖို့ ပန်ကြားပါ တယ်။

ပါမောက္ခဒေါက်တာမြင့်ဟန်။ ။ ကျွန်တော် ဒီမေးခွန်းနဲ့ အစပြုပြီးတော့ ပြည်သူတွေက အန္တရာယ်ရှိတဲ့ အုပ်စု၊ ရောဂါအခံရှိတဲ့အုပ်စုနဲ့ပတ်သက်ပြီး မေးမြန်းတာတွေလည်း ရှိပါတယ်။ အခု ကိုဗစ် ကာလမှာ ဆေးရုံ၊ ဆေးခန်းတွေကို သွားပြီး တော့ လူနာတွေက ပြသဖို့ အခက်အခဲ ရှိနေ တာတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာတွေ အားလုံးကို ကျွန်တော့်အနေနဲ့ စုစည်းပြီး ဆွေးနွေးပါ့မယ်ဆရာ။

ရောဂါစုံရှိနေတာ တွေ့ရ

ဒီနေရာမှာ ကျွန်တော်တို့ NCD ခေါ်တဲ့ မကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ အဓိက အရေးကြီးတာကတော့ သွေးတိုးရောဂါ၊ ဆီးချို ရောဂါ၊ နှလုံးရောဂါ စသဖြင့် ဖြစ်ပါတယ်။ ဒီ ရောဂါတွေက တစ်ခုတည်း ဖြစ်နိုင်သလို ဒါတွေ က ဆက်စပ်ပြီးတော့လည်း ရောဂါပေါင်းစုံ တစ်ဦးတည်းမှာ ရှိနေတာမျိုးလည်း တွေ့ရပါ တယ်။

ဒီကာလမှာ မိမိတို့ရဲ့ သွေးပေါင်ချိန်ကို ထိန်းသိမ်းထားဖို့ လိုပါတယ်။ ဆီးချိုကိုလည်း ထိန်းသိမ်းထားဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဆီးချို၊ သွေးချိုကြောင့် နောက်ဆက် တွဲ ရောဂါတွေ၊ ကိုဗစ်ရောဂါရခဲ့ရင် ပိုမိုလာဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ လူနာ ကိုယ်နှိုက်က မိမိရဲ့ ဆီးချို၊ သွေးချိုကို မိမိတို့ ကိုယ်တိုင်ထိန်းကျောင်းနိုင်ဖို့၊ သွေးပေါင်ကို လည်း ထိန်းနိုင်ဖို့ ကျွန်တော် နည်းလမ်းလေး တွေ ဆွေးနွေးပါ့မယ်။

လူတိုင်း လက်လှမ်းမီ

အဓိက မိမိရဲ့အိမ်မှာ သွေးပေါင်ချိန်နိုင်ဖို့ လိုပါတယ်။ သွေးပေါင်ကို စနစ်တကျချိန်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ရဲ့ Facebook စာမျက်နှာ မှာ ဗီဒီယိုနဲ့တကွ သွေးတိုးရောဂါအကြောင်း တွေလည်း ရှင်းလင်းထားတာ တွေရှိပါတယ်။ ဒါတွေကိုလည်း လေ့လာနိုင်ပါတယ်။ သွေးချို တိုင်းကိရိယာ၊ ဆီးချိုတိုင်းတဲ့ကိရိယာတွေက အခုအချိန်မှာဆိုရင် အသုံးဝင်လာပြီး လူတိုင်း လည်း လက်လှမ်းမီလာတဲ့ အနေအထားရှိတဲ့ အတွက် ဒါတွေကို အသုံးချကြပါလို့ တိုက်တွန်း လိုပါတယ်။

ဥပမာအားဖြင့် သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး အခုလို ကိုဗစ်ကာလမှာ ကိုယ်လက်လှုပ်ရှားမှုတွေ နည်းလာတယ်။ တာရှည်ခံ အစားအသောက်တွေ စားရတယ်။ အငန်တွေ ပိုကဲစွာ စားသုံးမိတဲ့ အခွင့်အလမ်း တွေ ဖြစ်လာနိုင်တယ်။

တစ်နေ့ နာရီဝက် တစ်ပတ် ငါးရက်

နောက်အရေးကြီးတဲ့အပိုင်းက ကိုဗစ် ကြောင့် စိတ်ဖိစီးမှုတွေ အားလုံးများပြားကြပါ တယ်။ ဒါကြောင့်လည်း သွေးပေါင်ချိန် တက်နိုင်ပါတယ်။ နောက်မိမိရဲ့ သွေးပေါင် ချိန်ကို မှန်မှန်ချိန်တဲ့အပြင် သွေးပေါင်ချိန် အနည်းငယ် မြင့်တက်ရုံမျှနဲ့လည်း စိုးရိမ် ပူပန်စရာ မရှိပါဘူး။ ပုံမှန်သွေးကျဆေးတွေကို လည်း ပုံမှန်အတိုင်း သောက်သုံးပြီး စောစောက ကျွန်တော်ပြောတဲ့ အစားအစာကို လျှော့ပြီး၊ အငန်လျှော့ပြီးစားမယ်၊ တာရှည်ခံအစား အသောက်တွေ လျှော့စားမယ်။ ကိုယ်လက် လှုပ်ရှားမှုကို တစ်နေ့ကို နာရီဝက်၊ တစ်ပတ်ကို အနည်းဆုံး ၅ ရက် လုပ်မယ်။

နောက်ပြီး ဆေးလိပ်နဲ့ အရက်ကို ရှောင် မယ်။ စိတ်ဖိစီးမှုတွေ လျော့ပါးအောင် သတိ မှတ်တဲ့ အလေ့အကျင့်မျိုး၊ တရားထိုင်တဲ့ တရားမှတ်ခြင်းစတဲ့ အလေ့အထတွေက သွေးပေါင်ချိန် တော်ရုံ၊ တန်ရုံ မြင့်မားတာကို ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒီတော့ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲ ခြင်းဖြင့်လည်း မိမိရဲ့သွေးတိုးကို ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုပြီး ကျွန်တော်တို့ ထိန်းသိမ်း နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီသွေးတိုးရောဂါ၊ ဆီးချို ရောဂါတွေက ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်တဲ့ အခါမျိုးတွေရှိမှာပါ။ အခုလို အင်တာနက်နဲ့ အွန်လိုင်းတွေ အသုံးပြုမှုများလာတဲ့ အချိန်မှာ ကောင်းတာကတော့ မိမိတို့ရဲ့ ဆရာဝန်၊ မိသားစုဆရာဝန်နဲ့ တိုင်ပင်နိုင်တဲ့ အခွင့်အရေး တွေလည်း ရှိနိုင်ပါတယ်။ အဲဒီတော့ မိမိရောဂါ ကို ကြည့်ရှုကုသနေကျ ဆရာတွေနဲ့ တိုင်ပင် တာကလည်း ကောင်းတဲ့နည်းလမ်းဖြစ်ပါ တယ်။

ဒါ့အပြင် မြို့နယ်တွေ၊ ကျေးလက်တွေမှာ ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း (Community Clinic) တွေမှာ သွေးတိုးနဲ့ ဆီးချိုရောဂါ ကုသပေးတဲ့ ဆေးခန်းတွေ အပတ်စဉ်မှာ တစ်ရက် သတ်မှတ် ပြီး ဖွင့်လှစ်ထားတာတွေ ရှိပါတယ်။ အဲဒီမှာ လည်း အခြေခံကျတဲ့ လုံလောက်တဲ့ ဆေးဝါး တွေ၊ စမ်းသပ်စစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

တိုင်ပင်ဆွေးနွေးနိုင်

အထူးသဖြင့် ကိုဗစ်ဆိုးရွားနေတဲ့ ဒီရန်ကုန်တိုင်းဒေသကြီးမှာ ကျွန်တော် လမ်းညွှန်ရရင် မြို့နယ်ပေါင်း ၂၂ မြို့နယ် ကျော်ကို မြန်မာနိုင်ငံဆရာဝန်အသင်းက GP Society လို့ခေါ်တဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ရဲ့ Facebook Page မှာ ဒီရောဂါလက္ခဏာတွေ၊ မိမိမှာရှိတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနိုင်တယ်ဆိုပြီး ညွှန်ပြချင် ပါတယ်။ ဆရာဝန်ပေါင်း ၁၅၀ ကျော်က တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဒီဝန်ဆောင်မှုကို ပေးနေတယ်ဆိုတာ သတင်းပါးလိုပါ တယ်။

နောက်ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး စောစောက လူနေမှု နေထိုင်ပုံ၊ စားသောက်ပုံ ဒါလေးတွေကို ဂရုစိုက်ဖို့ မှာကြားချင်ပါ တယ်။ အချိုကို လျှော့စားဖို့၊ ကဆီဓာတ် ပါတဲ့ အစားအသောက်တွေကိုလည်း ဆင်ခြင်ပြီး စားသုံးဖို့ ဒီလိုနည်းအားဖြင့် မိမိရဲ့ သွေးချိုကို ထိန်းထားနိုင်ပါတယ်။ ဒါပေမယ့်လည်း လိုအပ်တဲ့အချိန်မှာဆိုရင် ဆရာဝန်တွေနဲ့ ပြသတိုင်ပင်ရမှာဖြစ်ပါ တယ်။ စောစောက Tele-consultation, Tele-medicine ဆောင်ရွက်တာမျိုးရှိသလို၊ တကယ်တမ်းရောဂါ ကြီးမားလာတယ် ဆိုရင် ဆေးရုံ၊ ဆေးခန်းတွေကို မဖြစ်မနေ သွားရမှာ ဖြစ်ပါတယ်။

ပြည်သူ့ဆေးရုံတွေမှာလည်း အခုအချိန်မှာ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင် ကိုဗစ်လူနာတွေနဲ့ အလုပ်များနေတဲ့ အနေအထား မှာလည်း ရှိပါတယ်။ ဒါပေမယ့် ကိုဗစ်မဟုတ်တဲ့ လူနာတွေကိုလည်း ဆက်လက်ပြီး ကုသပေး နေတယ်ဆိုတာ ပြောကြားချင်ပါတယ်။

ဒီနေရာမှာ ဆက်စပ်ပြီး ဆေးရုံ၊ ဆေးခန်း တွေမှာ သွားပြဖို့အခက်အခဲတွေက လူနာက လည်း စိုးရိမ်တယ်။ ဆေးရုံတွေကလည်း ကိုဗစ်လူနာတွေ ပြန့်ပွားများပြားလာရင် ဆေးရုံကို ပိတ်ထားရတာ၊ Lock down ချရတာ၊ ဆရာဝန်တွေကိုယ်နှိုက်က Quarantine ဝင်ရတာ ဒီလိုအခက်အခဲတွေကြောင့် ဆေးရုံနဲ့ဆေးခန်းတွေက လွယ်လွယ်ကူကူ ပြည်သူတွေအတွက် လက်လှမ်းမမီ ဖြစ်နေပါတယ်။ အဲဒါမှာ အဓိက ကိုဗစ်ရောဂါနဲ့ ကိုဗစ်မဟုတ်တဲ့လူနာကို ပြင်ပဆေးရုံ၊ ဆေးခန်းတွေအားလုံးကလည်း ဒီလိုစစ်ဆေးခွင့်ရှိရင် ဒီအခက်အခဲကကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကျော်လွှားနိုင်အောင်လည်း ညှိနှိုင်းလုပ်ဆောင်နေတယ်ဆိုတာ တစ်ပါတည်း တင်ပြအပ်ပါတယ်။

ဆေးဝါးတွေ ပြတ်ဖို့မရှိ

စောစောကဆေးဝါးတွေ မပြတ်ဖို့ဆို တာက စိတ်ပူစရာမရှိဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆေးဝါးနဲ့ပတ်သက် တဲ့ လုပ်ငန်းတွေက ပြည်သူတွေအတွက် မရှိမဖြစ်လုပ်ငန်းတွေဖြစ်တော့ နိုင်ငံတော် ကနေပြီး ခွင့်ပြုပံ့ပိုးနေတာဖြစ်တဲ့အတွက် အသုံးများတဲ့ဆေးတွေ ပြတ်ဖို့အကြောင်း ရှိမယ်မထင်ပါဘူး။

ဒါပေမယ့် ခဏခဏထွက်ပြီး ဝယ်ရ၊ ခြမ်းရတာမဖြစ်အောင် မိမိတို့အနေနဲ့ အသင့်အတင့် ဒါတွေ စုဆောင်းထားရင် လည်း မမှားပါဘူးလို့ ဖြေကြားလိုပါတယ်။

ဒေါက်တာထွန်းတင်။ ။ ဟုတ်ကဲ့ပါဆရာ၊

တော် တော် လေး လည်း ပြည့်ပြည့်စုံစုံ ဖြေတဲ့အတွက်ကြောင့်မို့ လူနာတွေအနေနဲ့က ဗဟုသုတလည်း တော်တော်လေးရမယ်လို့ ယူဆပါတယ်။ နောက် ဆရာပြောတာ မှန်ပါတယ်။ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဆေးတွေမပြတ်အောင်လို့ အသိပေးပြီး စီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ထပ်မေးထားတဲ့မေးခွန်း တွေထဲမှာ ကြည့်လိုက်တဲ့အခါ လူနာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပါ။ မေးခွန်းတွေက တော်တော်လေး များတဲ့အတွက်ကြောင့်မို့ ဆရာကြီး ပါမောက္ခ ဒေါက်တာဇော်လင်း အောင်အနေနဲ့ ခြုံငုံပြီးတော့ ဖြေကြားပေးဖို့ ပန်ကြားအပ်ပါတယ် ဆရာ။

ပါမောက္ခဒေါက်တာဇော်လင်းအောင် ။ ။ ကျွန်တော့် အနေနဲ့ ရရှိ ထားတဲ့မေးခွန်းတွေကို ဖြေကြားတဲ့အထဲမှာ အပိုင်း ၂ ပိုင်း ဖြေကြားလိုပါတယ်။

ပထမအပိုင်းမှာ အနံ့ပျောက်ခြင်းနဲ့ ပတ်သက်လို့ ဒီအနံ့ပျောက်ခြင်းသည် အခု ဒီကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး လူတွေ အများစုသိလာကြတယ်။ အနံ့ပျောက်လာလို့ ရှိရင်လည်း ဒါဆိုရင် ရောဂါဖြစ်နိုင်တယ်ဆိုတဲ့ အသိတွေရှိလာတဲ့အချိန်မှာ ရှေ့ယခင်က ပြောခဲ့တဲ့ဆရာကြီးတွေရဲ့ ပြောကြားချက် တွေထဲမှာလည်း အနံ့ပျောက်ခြင်းအကြောင်း ကို အသင့်အတင့် ပါရှိပြီးဖြစ်ပါတယ်။

ရန်ကုန် အထွေထွေရောဂါကုဆေးရုံ အသစ်ကြီးမှာ ဒီလူနာတွေကို ကုသနေတဲ့ သမားတော်ကြီးတစ်ယောက်အနေနဲ့ အနံ့ ပျောက်ခြင်းအကြောင်းတွေကို ထပ်မံပြီး ဖြည့်စွက်တင်ပြလိုပါတယ်။

လတ်တလောအနံ့ပျောက်ခြင်း

အနံ့ပျောက်ခြင်းဆိုတဲ့နေရာမှာ အရေးကြီးတဲ့အချက်ကတော့ လတ်တလော ရုတ်တရက် အနံ့ပျောက်ခြင်းဖြစ်ပါတယ်။ ရေရှည်အနံ့ပျောက်တဲ့သူတွေကို မဆိုလိုပါဘူး။ တချို့သောသူတွေသည် နှာခေါင်းရောဂါ တွေရှိတယ်။ လေဝင်ရိုး ပိုးဝင်တဲ့ရောဂါတွေရှိတယ်။ အဲဒီလိုရောဂါတွေမှာ ကြာရှည်အနံ့ ပျောက်တာတွေ ဖြစ်တယ်။

ဒါပေမယ့် လူတစ်ယောက်က ယခင်အနံ့ကောင်းကောင်းရရှိပြီး အနံ့သည် လတ်တလော ရုတ်တရက် ပျောက်သွားရင် နည်းနည်းဂရုစိုက်ရမယ့် အနေအထားရှိပါ တယ်။ ဒီလို အနံ့ပျောက်တဲ့အခါမှာ သီးသန့် အနံ့ပျောက်ခြင်းနဲ့ လာနိုင်သလို၊ အနံ့ပျောက် ခြင်းနဲ့တွဲပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မောခြင်းနဲ့ တခြား လက္ခဏာတွေနဲ့တွဲပြီး လာနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့က ဒီအနံ့ ပျောက်တဲ့သူတွေ သို့မဟုတ် အနံ့ပျောက်တာ နဲ့ တခြားရောဂါတွေနဲ့ တွဲပြီးလာတဲ့သူတွေ သည် ကိုဗစ်သံသယရှိတဲ့ လူနာဆိုပြီး စစ်ဆေးကုသမှုတွေ ပြုကြရပါတယ်။ ဒီတော့ ဘယ်လောက် ရာခိုင်နှုန်းတွေက အနံ့ပျောက် နိုင်သလဲလို့မေးရင် နည်းနည်း အပြောင်း အလဲရှိပါတယ်။

နိုင်ငံတကာ စစ်ဆေးမှုတွေအရ ပျမ်းမျှ အားဖြင့် ၅၀ ရာခိုင်နှုန်းလောက်သည် အနံ့ ပျောက်နိုင်ပါတယ်လို့ ဆိုထားပါတယ်။ တချို့နေရာတွေမှာ ၃၀ ရာခိုင်နှုန်း အနံ့ ပျောက်တယ်။ တချို့လည်း ၇၀ ရာခိုင်နှုန်း လောက် အနံ့ပျောက်တယ်။ အကြမ်းဖျင်း အားဖြင့် ၅၀ ရာခိုင်နှုန်းလောက် အနံ့ပျောက် တယ်လို့ ဆိုလို့ရပါတယ်။

အနံ့ပျောက်သွားပြီဆိုရင် ဘာလုပ်ရ မလဲဆိုတော့ သူသည် ရုတ်တရက် အနံ့ ပျောက်တဲ့ လူနာတစ်ယောက်အနေနဲ့ ကိုဗစ် ဖြစ်နိုင်ခြေရှိလားဆိုပြီး နီးစပ်ရာ ဆေးခန်း သို့မဟုတ် ဆေးရုံကို ရောက်ရှိဖို့လိုပါတယ်။ ဆေးရုံကိုရောက်လာရင် သူတို့ကို အဲဒီ လက္ခဏာရှိတဲ့အတွက်ကြောင့်မို့ ကိုဗစ် သံသယရှိလူနာအဖြစ် သတ်မှတ်ပြီး စစ်ဆေး ကုသမှုတွေ ပြုပါတယ်။

Test တွေက ကန့်သတ်ချက်ရှိ

အဲဒီနေရာမှာလည်း အားလုံးသိကြတဲ့ မကြာသေးခင်က ရရှိတဲ့ Rapid Diagnostic Test လို့ခေါ်ပါတယ်။ အမြန်စစ်ဆေးလို့ရတဲ့ နည်းစနစ်တွေနဲ့ စစ်ဆေးတဲ့အခါမှာ သူရဲ့ ကန့်သတ်ချက်တွေရှိပါတယ်။ ရောဂါစတင် ပြီး မပေါ်ခင် ၂ ရက်ကနေပြီး ရောဂါစတင်ပေါ်ပြီး ၆ ရက်ဆိုတဲ့ ၈ ရက်အတွင်းမှာပဲ ဒီမြန်မြန် စစ်တဲ့ Test က မိတယ်။ ဒါမှမဟုတ်လို့ရှိရင် တချို့သော အနံ့ပျောက်နေတဲ့ သူတွေက ၈ ရက်၊ ၉ ရက်လောက် ရှိပြီဆိုရင် ဒီ Test ထဲမှာ အနုတ်ပြနိုင်ပါတယ်။ Negative ပြနိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီ Test တွေ စစ်တဲ့ အခါမှာ ဒီလိုမျိုး ကန့်သတ်ချက်တွေရှိတယ် ဆိုတာကို သိထားဖို့လိုပါတယ်။

ဒီအနံ့ပျောက်တဲ့လူနာတွေက တစ်ခါတလေ ကျလို့ရှိရင် ဘယ်လိုဖြစ်လဲဆိုတော့ အိမ်မှာ နေကြတယ်။ အိမ်မှာနေရင်းနဲ့ ဆေးခန်းလည်း မသွားဖြစ်ဘူး၊ ဆေးရုံလည်း မရောက်ဖြစ်ဘူး ၉ ရက်တို့၊ ၁၀ ရက်တို့ ဖြစ်သွားတယ်။ တချို့ လည်း ၁၁ ရက်ဖြစ်သွားတယ်။ ဒီမှာ ရောဂါ စပေါ်တဲ့အချိန်ကစပြီး ၁၁ ရက်ကြာလို့ရှိရင် သုတေသနပြုချက်တွေအရ သူများကို မကူး စက်နိုင်တော့ဘူး။

ဒါကြောင့် အဲဒီလို နေရင်းထိုင်ရင်းနဲ့ အိမ် မှာများ ၁၁ ရက်ရှိသွားရင် ကိုယ်ရဲ့ ရောဂါပိုး သည်သူများကို မကူးစက်နိုင်ဘူးဆိုတဲ့ အတွက် ကြောင့်မို့ အိမ်မှာဆက်နေလည်းရတဲ့အနေ အထားဖြစ်ပါတယ်။ ဒါကို ဥပမာအနေနဲ့ ပြရရင် တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ယခင်က ရောဂါလက္ခဏာတွေ သိပ်ဆိုးဆိုးရွားရွား မဖြစ် ဘူးပေါ့လေ။ ပေါ့ပေါ့ပါးပါးလေးနဲ့ရှိတဲ့ ရောဂါ လက္ခဏာသည်တွေက အိမ်မှာပဲ နေကြတယ်။ စစ်ဆေးပြီးရင်လည်း ပိုးတွေ့ရင်တောင် အိမ် မှာပဲ နေခိုင်းတယ်။

အိမ်မှာနေတယ်ဆိုတဲ့ကိစ္စကလည်း အိမ် ရဲ့ အနေအထားလိုပါတယ်။ သီးသန့်ခန်းရှိရ မယ်။ မိမိ မိသားစုဝင်အချင်းချင်းကို Social Distancing နဲ့ ခွာနေရမယ်။ လိုအပ်လာရင် Mask တပ်ရမယ်။ လက်ကို မကြာခဏဆေးရ မယ်ဆိုတဲ့ဟာတွေကို လိုက်နာပြီး အိမ်မှာ နေရင်းနဲ့ အဲဒီကာလကို ဖြတ်ကျော်သွားတဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် မြန်မာပြည် မှာတော့ လတ်တလောအနံ့ပျောက်တဲ့သူတွေ ကို စစ်ဆေးခြင်းနဲ့ ရောဂါပိုးရှာဖွေခြင်းဆိုတာ ကို လုပ်နေတာဖြစ်ပါတယ်။

၁၀ ရက်အတွင်း အနံ့ပြန်ရ

ဒီတော့ အနံ့ပျောက်ရင် ဘာလုပ်ရမလဲ နောက်တစ်ခုက စိုးရိမ်ကြတာပေါ့။ ဘာဆေး စားရမလဲ။ အဲဒါကို ရောဂါပျောက်တဲ့ ဆေးရော ရှိသလားဆိုတော့ သီးသန့်ဆေးမရှိပါဘူး။ နှစ်ပတ်၊ သုံးပတ်လောက်အကြာမှာ အနံ့ပြန်ရ တတ်ပါတယ်။ ဆေးရုံတွေမှာဆိုရင် ရက်ပိုင်း အတွင်း၊ ၁၀ ရက်လောက်အတွင်းမှာ အနံ့ပြန် ရတဲ့သူတွေ အများကြီးပါ။

အချို့အနည်းစုမှာ ဆက်ပြီးတော့ အနံ့မရ တာလေးတွေ ရှိပါတယ်။ ဒီတော့ အခြားဆေး တွေ ဘာမှသောက်စရာမလိုပါဘူး။ စောစော ကပြောတဲ့ လိုက်နာသင့်တာတွေ လိုက်နာ မယ်။ အိပ်ရေးဝအောင် အိပ်မယ်။ အစား ကောင်းကောင်းစားမယ်။ အချို့ ဗိုက်တာမင်စီ လေးတွေ စားမယ်ဆိုရင် အနံ့ပျောက်ခြင်း အတွက်ကို စိုးရိမ်စရာမရှိဘူးလို့ ဒီနေရာကနေ Information ပေးချင်ပါတယ်။

ခိုင်မာမှန်ကန်မှုအရေးကြီး

နောက်တစ်ပိုင်း တင်ပြချင်တာက ရောဂါ နဲ့ပတ်သက်ပြီး သွေးထဲမှာ ပဋိပစ္စည်း ကိုယ်ခံအားကို Test လုပ်တဲ့ စက်ကလေးတွေ အခုပေါ်နေပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်ထဲ မှာရှိနေတဲ့ ခုခံအားကို စမ်းသပ်တဲ့အခါ အသုံး ပြုတဲ့စမ်းသပ်မှု (Antibody Test) တွေသည် အရေးကြီးတာဘာလဲဆိုတော့ ဒီစမ်းသပ်မှုရဲ့ ခိုင်မာမှု၊ မှန်ကန်မှုက အလွန်အရေးကြီးပါတယ်။

ရောင်းချနေတဲ့ စက်တွေထဲမှာ အမျိုးစုံ ရှိနေပါတယ်။ စီးပွားရေးအရ ရောင်းချနေပါ တယ်။ ဒါပေမယ့် ခိုင်မာမှုမရှိဘူး၊ တိကျမှုမရှိဘူး ဆိုရင် အဲဒီရဲ့ကောက်ချက်က မှားသွားနိုင်ပါ တယ်။ ဒါပေမယ့် အခုမြန်မာပြည်မှာ ခိုင်မာမှု၊ တိကျမှုရှိတဲ့ စက်ကလေးတွေကို စပြီးတင်သွင်း လာတယ်။ သူရဲ့ ဆေးပစ္စည်းလေးတွေကို တင်သွင်းလာတယ်။ စစ်လို့ ရနေပါပြီ။ ဒီတစ်ပတ်ထဲမှာပဲ စတင်ပြီး စစ်မှာဖြစ်ပါတယ်။

ဒီလိုစစ်တော့ ဘာထူးမှာလဲလို့ဆိုရရင် ရောဂါကို စတင်ပြီးထိတွေ့တဲ့သူက ၂ ပတ်၊ ၁၄ ရက် အလွန်ကျရင် သူ့ရဲ့သွေးထဲမှာ ခုခံအား ဆိုတဲ့ ပဋိပစ္စည်းတစ်ခု ပေါ်လာပါတယ်။ ဒီပဋိ ပစ္စည်းကို တိုင်းတာကြမယ်။ တိုင်းတာတဲ့အခါ မှာလည်း တိုင်းတာပြီး ဒီလူဟာ သူရဲ့ရောဂါပိုး ကို ထိတွေ့ပြီးတဲ့အခါမှာ သူက ပဋိပစ္စည်း ပေါ်လာတဲ့အတွက် ကိုယ်ခံအားဆိုတာ ရှိလာ တာတွေရှိသလို၊ တချို့ မထိတွေ့ရသေးရင် အဲဒီကိုယ်ခံအားဆိုတာ မပေါ်သေးပါဘူး။

ကိုယ်ခံအားပေါ်ပြီဆိုရင်

ဒါကြောင့် စတင်တဲ့ ပထမအဆင့်အနေနဲ့ ဒီရောဂါတွေကို ပြုစုစောင့်ရှောက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကိုယ်ခံအား ပဋိပစ္စည်း ဘယ်လောက်ပေါ်လဲဆိုတာ ကျွန်တော်တို့ စတင်ပြီး စမ်းသပ်ပါတယ်။ စမ်းသပ်တဲ့အခါမှာလည်း တစ်ကြိမ်တည်း စမ်းသပ်လို့ မသေချာရင် နှစ်ကြိမ် စမ်းသပ်မှာ ဖြစ်ပါတယ်။ စမ်းသပ်ပြီးတဲ့အခါမှာ ကိုယ်ခံအား တွေ ပေါ်နေပြီဆိုရင်ဖြင့် ရောဂါကို ထိတွေ့ ပြီးသားဖြစ်တယ်။ ရောဂါပိုး ဝင်ရောက်ပြီး သားဖြစ်တယ်။ တစ်ခါတစ်ရံ လက္ခဏာပြ တယ်။ တစ်ခါတစ်ရံ လက္ခဏာမပြဘူး။ အဲဒီလို မျိုး သတ်မှတ်လို့ ရပါတယ်။

ဒီမှာလည်း လူအများစုကို စစ်လိုက်ပြီး ဥပမာအားဖြင့် တစ်နိုင်ငံလုံးရဲ့ ၆၀ / ၇၀ ရာခိုင် နှုန်းသည် အဲဒီပဋိပစ္စည်းတွေ ပေါ်နေရင်တော့ ဝမ်းသာစရာကောင်းပါတယ်။ ဒါကို Herd Immunity လို့ ခေါ်ပါတယ်။ အဲဒါသည် ကူးစက်ခြင်းကြောင့် ရနိုင်သလို ကာကွယ် ဆေးထိုးခြင်းနဲ့လည်း ရနိုင်ပါတယ်။

ဒါကြောင့် အဲဒါတွေကို မျှော်လင့်နေပါ တယ်။ ဒါကြောင့်မို့လို့ ဒီစစ်ဆေးတဲ့ Test တွေပေါ့လေ။ Antibody Test လို့လည်း ခေါ်ပါ တယ်။ စတင်တော့မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ခိုင်မာမှု သေချာတဲ့စက်တွေလည်း အခုရရှိနေ ပါပြီ။ စစ်ပြီးတဲ့အခါမှာ အဲဒီကနေအခြေခံပြီး Strategy တွေ၊ နည်းဗျူဟာတွေကို ဘယ်လို ပြုလုပ်ကြမလဲ။ ဘယ်လိုရှေ့ဆက်လျှောက်ကြ မလဲဆိုတဲ့ Idea တွေလည်း ရမှာဖြစ်ပါတယ်။

ဒါကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကနေ အဲဒီအဖြေတွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်တွေချမယ်။ ချပြီးရင် ရှေ့ဆက်သွားရမယ့် လမ်းစဉ်တွေကို အကောင် အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒါက Antibody Test လို့ခေါ်တဲ့ ပဋိပစ္စည်းစမ်းသပ်ခြင်းနဲ့ ပတ်သက်ပြီး အများပြည်သူကို ဗဟုသုတ အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။

ဒေါက်တာထွန်းတင်။ ။ ဆရာ ပြောတဲ့အထဲမှာ လူတွေ စိတ်ဝင်စားနေတဲ့ အနံ့ပျောက်တဲ့ကိစ္စ၊ ကိုယ်ခံ အားကိစ္စတွေကို ရှင်းပြသွားတဲ့အတွက် ပြည်သူတွေလည်း နားလည်ပြီ၊ ရှင်းလောက်ပြီ လို့ ထင်ပါတယ်။ ကုသရေးအပိုင်းနဲ့ ကာကွယ် ရေးအပိုင်းက ချိတ်ဆက်နေပါတယ်။ ဒီလို အချိတ်အဆက်မိမှလည်း ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ မေးခွန်းတွေလည်း တော်တော် များများ ကုန်သလောက်ရှိသွားပြီ။ ကျန်တဲ့ မေးခွန်းတွေထဲမှာ ရောဂါကူးစက်ပုံနဲ့ ကုသမှု ခံယူပြီး အိမ်ကိုပြန်နေတဲ့အခါ လက်ရှိကျင့်သုံး နေတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး‌ မေးထားတဲ့ မေးခွန်းတွေ တွေ့ရလို့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကပဲ ဆက်လက်ပြီး ဖြေကြားသွား ပါမယ်။

ရောဂါပိုးအကြောင်းပိုသိလာ

လက်ရှိ ကိုဗစ် - ၁၉ ရောဂါဟာ ပြောရ မယ်ဆိုရင် အခါလည်သားလေးဖြစ်တော့မယ်။ ဒီလိုနဲ့ပဲ ကိုဗစ် - ၁၉ နဲ့ ကျွန်တော်တို့ အတူ နေတာ ကြာလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ရောဂါပိုးအကြောင်းကို ပိုပြီးသိလာတဲ့ အနေ အထားလည်း ရှိလာပါတယ်။ အဓိက ရည်ရွယ် ချက်သည် ကူးစက်မှုကို လျှော့ချဖို့၊ ဖြတ်တောက်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ရာမှာလည်း အားလုံးသိတဲ့အတိုင်း သီးခြားခွဲခြားထားရှိ ကုသမှု၊ အသွားအလာ ကန့်သတ်မှု၊ ပိတ်ပင်မှုတွေ လုပ်ဆောင်ရပါ တယ်။ ဒီလို ဆောင်ရွက်ရာမှာလည်း တစ်သမတ် တည်းမဟုတ်ဘဲ ပြောင်းလဲလာတဲ့ အခြေအနေ၊ ရောဂါနဲ့ ပတ်သက်ပြီး ပိုပိုသိလာတဲ့အကြောင်း အရာတွေကို WHO တို့၊ US CDC တို့နဲ့ နိုင်ငံ တကာက အတွေ့အကြုံတွေအပေါ်မူတည်ပြီး ကျွန်တော်တို့ ပြောင်းလဲဆောင်ရွက်ရပါတယ်။

အားလုံး သတိထားမိကြမှာပါ။ အစပိုင်း မှာ ပြည်ပနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ သူတွေကို အသွားအလာ ကန့်သတ်ထားရှိ ဆောင်ရွက်ရတာတွေ၊ ဒီလိုလုပ်တဲ့နေရာမှာ လည်း တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ကြတာတွေလည်းသိမှာပါ။ စစချင်းတုန်းကဆိုရင် အသွားအလာ တားမြစ်ခြင်းနဲ့ Quarantine ကို ၂၁ ရက်ထားရှိပြီး ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင်မှာ ဆေးရုံတက်ခဲ့ရတဲ့ လူနာတွေ နဲ့ ပတ်သက်ပြီး လူနာတွေကို ရောဂါပိုး ရှိ / မရှိ၊ ရောဂါပိုးပျောက်တဲ့အထိ အထပ်ထပ် စစ်ဆေးပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါကလည်း အဲဒီအချိန်၊ အဲဒီကာလတုန်းက သိရတဲ့ ရောဂါပိုးအကြောင်းအပေါ် မူတည်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

အခု ဒီရောဂါပိုးနဲ့ပတ်သက်ပြီး ပိုပိုပြီး သိလာတဲ့အတွက် တချို့အချက်တွေကို ပြောင်းလဲခဲ့ပါတယ်။ ပထမဦးဆုံးပြောင်းလဲခဲ့ တဲ့အပိုင်းက ဆေးရုံဆင်းလူနာရဲ့ ဆေးရုံ တက်ရက်ကို ပြုပြင်ပြောင်းလဲတဲ့ ကိစ္စပါ။ ဒါကလည်း ခုနက ဆရာကြီးဇော်လင်းအောင် ရှင်းပြတဲ့ အထဲမှာလည်း ပါပြီးဖြစ်ပါတယ်။ နိုင်ငံတကာအတွေ့အကြုံ အထောက်အထား တွေအပေါ် မူတည်ပြီး ပြောင်းလဲရခြင်းဖြစ်ပါ တယ်။

ပိုးအကောင်ကို စမ်းသပ်တာမဟုတ်

ဒီအထောက်အထားက ဘာလဲဆိုတော့ ရောဂါလက္ခဏာပြပြီး ၁၁ ရက်နောက်ပိုင်းမှာ ဒီလူကို စစ်ကြည့်ရင် ရောဂါပိုးတော့ ရှိနေ တယ်ဆိုတာ ပြကောင်းပြမယ်။ ဒါပေမယ့် ဒီလိုပြသမှုက ရောဂါပိုးအကောင်ကို စမ်းသပ်တာမဟုတ်ဘဲနဲ့ သူ့ဆီက အကြွင်း အကျန် အပိုင်းအစလေးတွေ ရှိနေရင်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုမှာ တွေ့ရှိရလို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရက်တွေမှာ သူသည် သူများ ကို ရောဂါကူးစက်ပြန့်ပွားနိုင်တဲ့ အနေအထား မရှိတော့ဘူးဆိုတာတော့ နိုင်ငံတကာ အထောက်အထားတွေနဲ့ရော၊ လေ့လာမှုတွေ အရ သိရှိရပါတယ်။

နောက်တစ်ချက်က လူနာတွေကို ဆေးရုံဆင်းပေးပြီး အိမ်ကို ပြန်တဲ့အချိန်မှာ လည်း ခုနကဆရာကြီး ပြောသွားသလိုပဲ တိကျစွာလိုက်နာရမယ့် အချက်တွေကို ပြောလိုက်ပါတယ်။ သေသေချာချာလည်း မှာလိုက်ပါတယ်။ ပေးလည်း ပေးလိုက်ပါ တယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ ဒီလို ဗဟုသုတရစရာ အချက်အလက်တွေကို တင်ထားပေးပါတယ်။ ဖတ်လည်း ဖတ်ကြ ပါလို့ တိုက်တွန်းလိုပါတယ်။

နောက်ပြီး ဒုတိယတစ်ပိုင်းအနေ နဲ့ အသွားအလာကန့်သတ်ထားရှိမှု Quarantine ကိစ္စပါ။ အရင်က ၂၁ ရက် သတ်မှတ်ပါတယ်။ နောက်ပိုင်းမှာ ၁၄ ရက် လို့ ပြောင်းပြီးသတ်မှတ်ပါတယ်။ ဒါက လည်း ရောဂါရှိတဲ့လူနာနဲ့ ထိတွေ့ဖူးတဲ့ လူတစ်ယောက်က ရောဂါလက္ခဏာပေါ်ဖို့ ဆိုရင် အနည်းဆုံး ၂ ရက်၊ ၃ ရက်၊ ၄ / ၅ ရက်ကနေ အများဆုံး ၁၄ ရက်အတွင်းမှာ ဖြစ်နိုင်တဲ့အတွက် ၁၄ ရက်ကိုတော့ စောင့်ကြပ်ကြည့်ရှုရမယ့် ကာလလို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ မြို့ရွာအလိုက် Community Base Facility Quarantine လို့ခေါ်တဲ့ ပြည်သူ လူထုအခြေပြု အသွားအလာကန့်သတ် ထားရှိမှုနေရာတွေကို စီမံဆောင်ရွက်ပေး ပြီး စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ အရင်တုန်း က ပြည်ပနိုင်ငံက ပြန်လာတဲ့သူတွေကိုပဲ ထိန်းသိမ်းဆောင်ရွက်ခဲ့တဲ့အတွက် နိုင်နိုင် နင်းနင်းတော့ လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် အခုလက်ရှိကာလမှာ လူနာ နဲ့ ထိတွေ့ခဲ့တဲ့သူတွေလည်း တဖြည်းဖြည်း များလာတယ်။ လူနာနဲ့ ထိတွေ့မှုရှိတဲ့လူ တွေကို Contact Tracing လို့ခေါ်တဲ့ လူနာ ထိတွေ့မှုတွေကို လိုက်ရှာရင်း တွေ့တဲ့လူတွေ ကလည်း တဖြည်းဖြည်း များလာတယ်။ စီစဉ်ရာမှာလည်း တဖြည်းဖြည်း အခက်အခဲ တွေ ဥပမာအားဖြင့် နေရာတို့၊ လူအင်အားတို့ စတာတွေ တွေ့လာရပါတယ်။

ဒေသတွင်းကူးစက်မှု

ဒီနေရာမှာ တစ်ခုပြောချင်တာက စီစဉ် ဆောင်ရွက်နေတဲ့သူတွေ၊ ဆောင်ရွက်ပေးတဲ့ သူတွေ၊ တာဝန်ထမ်းဆောင်တဲ့သူတွေကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါ တယ်။ အထူးသဖြင့် ရန်ကုန်နဲ့ ရခိုင်မှာ ဒေသ တွင်းကူးစက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် တွေ့ရတဲ့လူတွေလည်း တဖြည်းဖြည်း များလာပါတယ်။

ဒါကြောင့် ဒီလိုထိတွေ့ခဲ့တဲ့လူတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ ၇ ရက်၊ ဒါပြီးတဲ့အခါမှာ ဓာတ်ခွဲစမ်းသပ်မှု နှစ်ကြိမ် လုပ်ပါတယ်။ ရောဂါပိုး မတွေ့ရှိဘူးဆိုရင် အိမ်မှာ ၇ ရက်နေဖို့ဆိုပြီး အထူးသဖြင့် ရန်ကုန်နဲ့ ရခိုင်မှာ ပြောင်းလဲသတ်မှတ်ခဲ့ပါ တယ်။

ဒါပေမယ့် အိမ်ပြန်ပြီး ၇ ရက် နေတယ် ဆိုပေမယ့်လည်း အိမ်မှာ လိုက်နာရမယ့် စည်းကမ်းတွေ သေချာပြောပြပေးပါတယ်။ မှာလိုက်ပါတယ်၊ ပေးလိုက်ပါတယ်။ ဒါတွေ လုပ်ပြီးမှ နေထိုင်စေခြင်းဖြစ်ပါတယ်။ ဒီလူ တွေကနေ‌ နောက်ထပ်တစ်ဆင့် အခြား လူတွေကို ရောဂါကူးစက်ဖို့ အခွင့်အလမ်း တော်တော်ကို နည်းပါးသွားတဲ့ အနေအထား ရှိပါတယ်။

ဒီနေရာမှာ Quarantine ဆိုတာက မိမိမှ တစ်ဆင့် မိမိရဲ့ မိသားစု၊ မိမိရဲ့ ပတ်ဝန်း ကျင်ကို ရောဂါမကူးစက်အောင် စီမံဆောင် ရွက်တဲ့၊ ရောဂါကူးစက်မှုကို ဖြတ်တောက် တဲ့ နည်းလမ်းဖြစ်တဲ့အတွက်ကြောင့် ပြည်သူ လူထုအနေနဲ့ ဝိုင်းဝန်းကူညီပြီး တွေ့ရတဲ့ အခက်အခဲတွေကို သည်းခံပြီး ပူးပေါင်း ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။

ဒီတော့ အိမ်မှာ နေရတယ်၊ နေခွင့်ပေး တယ်ဆိုပေမယ့်လည်း သတ်မှတ်ချက်လေး တွေ ထားပါတယ်။ ခုနက ဆရာကြီးလည်း ပြောကြားတဲ့အထဲမှာ ပါသွားပါတယ်။ သီးသန့်အိမ်ဆိုရင် ပိုပြီးကောင်းပါတယ်။ အိမ်မှာ သီးသန့်အခန်းရှိမယ်ဆိုရင် ပိုပြီး အဆင်ပြေပါတယ်။ ပိုပြီး ကောင်းမွန်ပါတယ်။ ဒီလူတွေက အိမ်မှာ‌နေမယ်ဆိုရင် မိသားစု နဲ့လည်း အတတ်နိုင်ဆုံး ခပ်ခွာခွာနေရမယ်။ မိမိကိုယ်တိုင်မှာလည်း အခြားရောဂါတွေ မရှိ ဘူး။ မိမိအိမ်မှာ သက်ကြီးရွယ်အိုတွေ၊ နာတာ ရှည်ရောဂါသည် တွေ၊ ကလေးသူငယ်တွေ မရှိဘူးဆိုရင် ပိုပြီးအဆင်ပြေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်မှာ နေမယ်ဆိုရင် ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ကို ညွှန်ကြားချက် အတိုင်း စနစ်တကျတပ်ဆင်ဖို့ လိုပါတယ်။ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ လောက် မကြာခဏ ဆေးကြောပေးဖို့ လိုပါ တယ်။ သီးသန့်နေရာမှာ အတတ်နိုင်ဆုံး နေထိုင်ပေးဖို့ လိုပါတယ်။ တကယ်လို့များ အိမ်မှာ မဖြစ်မနေ ဘုံသုံးရမယ့် ပစ္စည်းတွေ၊ နေရာတွေများ ရှိခဲ့တယ်ဆိုရင် မိမိသုံးပြီး သားပစ္စည်းကို အခြားလူတွေ၊ မိသားစုတွေ မသုံးခင်မှာ သန့်ရှင်းရေးလုပ်တာတို့၊ ပိုးသတ် တာတို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါတွေ ကို ကျွန်တော်တို့ သေချာမှာပါတယ်။

ဒါ့အပြင်မှာ အိမ်မှာ နေရင်းနဲ့ သံသယ ရောဂါလက္ခဏာတွေ ဖျားတာတို့၊ နှာချေတာ တို့၊ ချောင်းဆိုးတာတို့၊ အနံ့မရတာတို့ ဒီလက္ခဏာတွေများရှိခဲ့ရင် သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ ကိုဗစ်တုံ့ပြန်ရေးအဖွဲ့တွေနဲ့ ချက်ချင်းဆက်သွယ်ဆောင်ရွက်ပါလို့လည်း မှာပါတယ်။ ဒါတွေကို အတိအကျလိုက်နာ ရင်လည်း ရောဂါကူးစက်မှုကို ဖြတ်တောက် နိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာမှာ ဖြစ်ပေါ်နေတာကြာလာပြီ ဖြစ်တဲ့ ကိုဗစ် - ၁၉ ရောဂါဆိုတာ ကူးစက်မှုကို တိခနဲ ချက်ချင်းကြီး ဖြတ်တောက်ဖို့က အခု အချိန်မှာ မလွယ်သေးပါဘူး။ ဒါကြောင့် ကိုဗစ်ရောဂါ ဖြစ်နေတဲ့ကာလမှာ ကိုဗစ် ရောဂါဖြစ်ပွားမှုနဲ့အတူ သတိနဲ့နေထိုင်ရမယ်။ သတိနဲ့ သွားရမယ်။ သတိနဲ့ လုပ်ဆောင်ရမှာ ဖြစ်တယ်ဆိုတာ မှာချင်ပါတယ်။

အဓိက ရောဂါကူးစက်မှုကို လျှော့ချရ မယ်။ မကူးစက်အောင် ကာကွယ်ရမှာ ဖြစ်ပါ တယ်။ ဒီနေရာမှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် မကြာခဏ သတိပေးတဲ့ ကိစ္စရယ်၊ ပြီးခဲ့တဲ့ အစီအစဉ်တွေမှာ ဆရာကြီးတွေ ပြောခဲ့တဲ့ကိစ္စကို တင်ပြပါရစေ။ အရေးကြီး လို့ ဖြစ်ပါတယ်။ နှစ်ထပ်ရှိမှ မှတ်မိဆိုသလိုပဲ အထပ်ထပ်ပြောနေရခြင်းလည်း ဖြစ်ပါတယ်။

ဘာလဲဆိုတော့ မိမိအိမ်မှာ တတ်နိုင် သလောက် နေပေးကြပါ။ ခပ်ခွာခွာအနေ အထားလေးနဲ့ အတတ်နိုင်ဆုံး နေပေးကြပါ။ ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ကြပါ။ လူစုလူဝေးကို တတ်နိုင် သလောက် ရှောင်ကြဉ်ပေးကြပါ။ မိမိရဲ့ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြော ပေးကြပါ။ ဒါလေးတွေက အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ဒါတွေကို အားလုံးသိရှိဖို့ လိုပါတယ်။ ပြီးရင် လိုက်နာဆောင်ရွက်ဖို့ လည်း လိုပါတယ်။ အလေ့အကျင့်ဖြစ်ဖို့လည်း အထူးလိုအပ်ပါတယ်။

ဒါမှသာ ယခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကို အချိန်တိုအတွင်းမှာ ထိန်းချုပ် လျှော့ချဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအလေ့အကျင့်ရခြင်းသည် ကိုဗစ်-၁၉ အပါအဝင် အခြားအသက်ရှူလမ်းကြောင်း ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်လို့ ပြောကြား လိုပါတယ်။ ကျေးဇူးတင်ပါတယ်။