Skip to main content

မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် မေ ၇

မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၅ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်တွင် လီလောက်စေးမောင်းနှင်ပြီး လောက်စန်လိုက်ပါလာသည့် TOYOTA REVO ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၉၈ ကီလိုကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် မေ ၄ ရက် ညနေ ၄ နာရီတွင် မဟာအောင်မြေမြို့နယ် မဟာမြိုင် (၂) ရပ်ကွက်တွင် ဆန်းဝင်းနိုင် မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၀ ဒသမ ၀၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၂၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် ချမ်းမြသာစည် မြို့နယ်ထွန်တုံးရပ်ကွက်ရှိ သက်မင်းဆွေ (ခ) ကျန်ကျောင်း၏ နေအိမ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၂၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၉၇၉ ဒသမ ၆ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် မေ ၂ ရက် မွန်းလွဲ ၃ နာရီတွင် သာစည်မြို့နယ် ယင်းမာပင်ကျေးရွာအုပ်စု ယင်းမာပင်ကျေးရွာအနီးတွင် စိုးလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၀၅၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံမည့် တင်မော်ထွန်း (ခ) မော်ကြီး၊ သိန်းဇော်၊ ဝေဖြိုးကျော် (ခ) ကိုဖြိုး၊ သက်အောင်နှင့် သက်နိုင်စိုး (ခ) အငယ်လေးတို့ ငါးဦးအား TOYOTA WISH မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ မောင်မောင်ဌေးနှင့် ဇော်လတ်မင်းတို့ နှစ်ဦးအား ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၆၁/၅)နှင့် (၂၆၁/၄) ကြားတွင် စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃၀၀၀)၊ MARK II မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ ည ၈ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ မလှညွန့်စိန်၊ မမေကြည်အေးနှင့် သန့်ဇင်ဖြိုး (ခ) ဌေးဝင်းတို့အား တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ တည်းခိုခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ ပြား (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၀ ဒသမ ၆၇၅ သိန်း) နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်