Skip to main content

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်လူနာများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးလျက်ရှိသောကြောင့် များစွာအထောက်အကူရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်လူနာများ ရောဂါသက်သာပျောက်ကင်း၍ ကျန်းမာရေးကောင်းမွန်လာပါက အဆိုပါ ကျန်းမာရေးကောင်းမွန်လာသူများ၏ သွေးရည်ကြည်ကို အသုံးပြုကာ ကိုဗစ်ရောဂါ ပြင်းထန်သူများအား သွေးရည် ကြည်ကုထုံးဖြင့် ကုသပေးလျက်ရှိသောကြောင့် ကိုဗစ်လူနာများအတွက် များစွာအထောက်အကူရရှိစေကြောင်း သွေးရည်ကြည်ကုထုံး Ad-hoc ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြက ပြောသည်။

သက်သာပျောက်ကင်း

ကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်လာသည့်သူများမှာ ကိုဗစ်-၁၉ ရောဂါပိုး တိုက်ဖျက်သည့် ပဋိပစ္စည်းများ ကိုယ်ခန္ဓာမှထုတ်လုပ်၍ သွေးရည် ကြည်ထဲတွင် ကျန်ရှိနေသောကြောင့် အဆိုပါသွေးရည်ကြည်ကို အသုံးပြု၍ ကိုဗစ်ရောဂါ ပြင်းထန်သူများအား ကုသပေးလျက်ရှိကြောင်း၊ ကိုဗစ်ရောဂါ ဖြစ်ပွားသူများအား စနစ်တကျ ဆေးပညာကျင့်ဝတ်များနှင့်အညီ သွေးရည်ကြည် ကုထုံးဖြင့် ကုသပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Ad-hoc ကော်မတီတစ်ရပ်အား ဧပြီ ၁၆ ရက်က ဖွဲ့စည်းပေးခဲ့ရာ ယခုအခါ အဆိုပါသွေးရည်ကြည်ကုထုံးဖြင့် ကိုဗစ်ရောဂါ ပြင်းထန်သည့်လူနာ ၈၀ ကျော် အား ဆေးကုသပေးနိုင်ခဲ့ပြီး ထိုအထဲမှ လူနာ ၆၀ ကျော်မှာ ရောဂါသက်သာ ပျောက်ကင်းသွားကြောင်း သိရသည်။

“လူနာက ရောဂါပြင်းထန်ပြီး နောက်ကျမှ ရောက်လာတာလည်းရှိတယ်၊ အဲဒီလို နောက်ကျမှရောက်လာတဲ့ ကိုဗစ်လူနာတွေကို ဆေးကုသမှု ဆောင်ရွက်တဲ့အခါမှာ အခက်အခဲရှိပါတယ်၊ တစ်ခါတလေ အချိန်မမီလိုက်တာတွေလည်း ရှိပါတယ်”ဟု သွေးရည်ကြည်ကုထုံး Ad-hoc ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြက ပြောသည်။

သွေးရည်ကြည် ၆၀၀ စီစီအထိ လှူဒါန်းနိုင်

သွေးရည်ကြည်ထုတ်စက် (Apheresis machine) ကို အသုံးပြု၍ လာရောက်လှူဒါန်းသည့် သွေးရည်ကြည်အလှူရှင်များ၏ သွေးရည်ကြည်ကို ထုတ်ယူပြီး သွေးနီဥများကို ကိုယ်ခန္ဓာအတွင်း ပြန်လည်သွင်းပေးနိုင်ခြင်း ကြောင့် သွေးရည်ကြည် အလှူရှင်များအတွက် သွေးအားကျနည်းခြင်းမရှိဘဲ တစ်ကြိမ်လျှင် သွေးရည်ကြည် ၆၀၀ စီစီခန့်အထိ လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

ကိုဗစ်လူနာ ကိုးဦးထိ အသက်ကယ်နိုင်

“ကိုဗစ်ရောဂါရှိတဲ့လူနာကို သွေးရည်ကြည် ၂၀၀ စီစီကနေ ၄၀၀ စီစီအထိ အသုံးပြုပြီး ကုသနိုင်ပါတယ်၊ သွေးရည်ကြည် လှူဒါန်းတဲ့ အလှူရှင်အနေနဲ့ နှစ်ပတ်ကို တစ်ကြိမ်နှုန်းနဲ့ သုံးကြိမ်အထိ သွေးရည်ကြည်လှူဒါန်းနိုင်တာမို့ သွေးရည်ကြည် လှူဒါန်းတဲ့ အလှူရှင်တစ်ဦးဟာဆိုရင် ကိုဗစ်လူနာ ကိုးဦးအထိ အသက်ကယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယခုအခါသွေးရည်ကြည်ကုထုံးဖြင့်ကုသခြင်းများအပြင် နောက်ဆုံးပေါ် ဆေးတစ်ခုဖြစ်သည့် Remdesivir ဆေးဖြင့် ပေါင်းစပ်ကုသပေးနိုင်ပြီ ဖြစ်သောကြောင့် ရလဒ်ကောင်းများ ပိုမိုရရှိလာကြောင်း၊ သွေးရည်ကြည်လှူဒါန်း လိုသူများအတွက် ဆေးသုတေသနဦးစီးဌာန၌ သီးသန့်ခန်းဖွင့်လှစ်ထားရှိပြီး ဖုန်း ၀၉ - ၅၁၃၀၄၁၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - ပွင့်သစ္စာ

ဓာတ်ပုံ - သွေးရည်ကြည်ကုထုံး Ad-hoc ကော်မတီ