Skip to main content

ဧရာဝတီစင်တာသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်၊ အစ္စရေး၊ အီတလီနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ လာရောက်လေ့လာ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက ကိုဗစ်-၁၉ လူနာများအား ကုသပေးလျက်ရှိသည့် ဧရာဝတီစင်တာသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်၊ အစ္စရေးနှင့် အီတလီနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ လာရောက်လေ့လာကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Maruyama Ichiro သည် ဧရာဝတီစင်တာသို့ လာရောက်ကြည့်ရှုရာ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး သံအမတ်ကြီးက ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းများတွင် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလားတူ အစ္စရေးနိုင်ငံ သံအမတ်ကြီး Mr. Ronen Gilor နှင့် သံရုံးတာဝန်ရှိသူများသည်လည်း ဧရာဝတီစင်တာသို့ လာရောက်ကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက ကုသဆောင်များနှင့် ICU၊ HDU အရေးပေါ် ကြပ်မတ်ကုသဆောင်တို့ကို လိုက်လံပြသသည်။ အစ္စရေးသံအမတ်ကြီးအနေဖြင့် ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် လိုအပ်မှုများအား တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး Ms. Alessandra Schiavo နှင့် ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် အွန်လိုင်းအစည်းအဝေးပြုလုပ်ကြရာ အီတလီနိုင်ငံသံအမတ်ကြီးက ဧရာဝတီစင်တာလုပ်ငန်းဆောင်ရွက်မှုများကို သံရုံးတာဝန်ရှိသူများ ကြည့်ရှုခွင့်ရ၍ ကျေးဇူးတင်ကြောင်း၊ ICU၊ HDU ကုသဆောင်တွင် ဆရာဝန်ကြီးများ၏ ကုသရေးလုပ်ငန်းများကိုလည်း တတ်နိုင်သမျှ ဝိုင်းဝန်းကူညီဆောင်ရွက်လိုကြောင်း၊ အီတလီနိုင်ငံတွင် ရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါ အခြေအနေနှင့် ကုသရေးအတွေ့အကြုံများကိုလည်း မျှဝေပေးလိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကိုလည်း အီတလီမှ ဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သူများ၏ ICU၊ HDU ဆိုင်ရာ သင်တန်းများပို့ချခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးလိုကြောင်း ပြောကြားသည်။

ဦးဇော်ဇော်က ဧရာဝတီစင်တာသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများဖြင့် ဆောင်ရွက်နေသည့် စင်တာဖြစ်ပါကြောင်း၊ သံအမတ်ကြီး၏အစီအစဉ်ကို ဝန်ကြီးဌာနသို့တင်ပြပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိ၍ အီတလီနိုင်ငံမှ ဆရာဝန်ကြီး များနှင့် ကုသရေးဆိုင်ရာကျွမ်းကျင်သူများ ရောက်ရှိလာပါက မိမိအနေဖြင့် နေထိုင်သွားလာစားသောက်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

သတင်း - ရဲရင့်ရှိုင်း၊ ဓာတ်ပုံ - ကိုမိုး