ပဲခူး အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၁၂)ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေး Zoom Meeting ဖြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်း မိမိတို့ လိုလားသည့် အစိုးရတစ်ရပ်ကို လွတ်လပ်စွာ ရွေးချယ်မဲပေး နိုင်ရေး အလွန်အရေးကြီးကြောင်း၊ မဲရုံအပြင်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်အလက် များကို အသိပေးဆိုင်းဘုတ်များ စိုက်ထူထားရန်နှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အလိုက် လိုအပ်ချက်များ တင်ပြပေးရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက မြို့နယ်များရှိ မဲရုံများ အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် အစီအမံများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က မဲရုံများအလိုက် စစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေ၊ ယာယီမဲရုံဆောက်လုပ်ရန် လိုအပ်မှုများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း များ ချထားမှုအခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများမှ မဲရုံ အဖြစ် အသုံးပြုမည့် နေရာများ ကြိုတင်ပြင်ဆင်ထားရှိမှု၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် မဲရုံများအလိုက် လိုအပ်ချက်များ တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးခရိုင်တွင် မဲရုံ(၁၁၉၀)ရုံ၊ မဲဆန္ဒရှင် ဦးရေ(၁၄၂၂၉၅၀)ဦး၊ တောင်ငူခရိုင်တွင် မဲရုံ(၉၆၉)ရုံ၊ မဲဆန္ဒရှင် ဦးရေ(၈၈၁၂၂၅) ဦး၊ ပြည်ခရိုင်တွင် မဲရုံ(၉၉၅)ရုံ၊ မဲဆန္ဒရှင်ဦးရေ(၇၂၅၇၅၆)ဦး၊ သာယာဝတီရိုင်တွင် မဲရုံ(၉၉၁)ရုံ၊ မဲဆန္ဒရှင်ဦးရေ(၈၅၁၇၈၆)ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်း စုစုပေါင်းမဲရုံ (၄၁၄၅)ရုံ၊ မဲဆန္ဒ ရှင်ဦးရေ(၃၈၈၁၇၁၇)ဦးရှိပြီး နိုင်ငံရေးပါတီပေါင်း(၂၅)ပါတီမှ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)