Skip to main content

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းမှသည်

ကမ္ဘာတစ်ခွင်သည် ယခု ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းကာလမှစပြီး ကိုဗစ်ကပ်ရောဂါနှင့် နပန်းလုံးနေခဲ့ကြရသည်မှာ နှစ်ပေါက်တော့မည်ဟု ဆိုရပါမည်။ ကာကွယ်ဆေး စတင်တွေ့ရှိနေပြီး စမ်းသပ်မှုများကို တွန်းတွန်းတိုက်တိုက် လုပ်နေကြသည်ဖြစ်ရာ ယခုနှစ်ကုန်တွင် ကမ္ဘာနှင့်အဝန်း စတင်အသုံးပြုနိုင်တော့မည်ဟု မျှော်လင့်ရပါသည်။ မည်သို့ပင်ဖြစ်စေ ၂၀၂၀ သည် အခြားသော အမှုကိစ္စများထက် ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး၊ ကာကွယ်နိုင်ရေး၊ ရောဂါဖြစ်ပွားသူများကို ကုသပေးရေးတို့ကသာ ဦးစားပေး ဆောင်ရွက်နေရသည့်နှစ် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ရောဂါပိုး အမြန်စစ်ဆေးနိုင်လာသည့်အတွက် စမ်းသပ်စစ်ဆေးမှု အရေအတွက် များစွာပြုလုပ်လာနိုင်ရာ၊ ရောဂါပိုးကူးစက်ထားသည်ဟု ဓာတ်ခွဲအတည်ပြုခံရသူ အရေအတွက်သည်လည်း များစွာတိုးမြင့်လာခဲ့ပါသည်။ နေ့စဉ် တိုးမြင့်လာနေသည့် ပိုးကူးစက်ခံရသူ အရေအတွက်မှာ ယနေ့တွင် ယမန်နေ့ကထက် အနည်းငယ်ကျဆင်းသွားသည်ဟု ဆိုနိုင်သော်လည်း ပြောပလောက်အောင် မဟုတ်သေး။ အထူးသဖြင့် ကူးစက်မှုများပြားနေသော ရန်ကုန်တိုင်းဒေသကြီးတွင် ပြန့်ပွားမှုနည်းသွားပြီဟု ပြော၍မရသေးသည်ကား အမှန်ဖြစ်ပါသည်။ နိုင်ငံအနှံ့တွင် ယနေ့စစ်ဆေးသူ ၁၄၇၀၇ ဦးတွင် ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုထားသူ ၁၃၄၄ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၂၉၀၀၀ ကျော် သုံးသောင်း နီးပါးဖြစ်လာပြီဟု သိရပါသည်။

ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု ဖြစ်စဉ်တစ်ခုလုံးတွင် လူဦးရေထူထပ်သည့်၊ လူစုလူဝေးများသည့် နေရာဒေသများသည် ဖြစ်ပွားမှုအများဆုံးဟု တွေ့ရပါမည်။ ထို့ပြင် ဖြစ်ပွားသည့် သူများတွင်လည်း အသက်အရွယ်အပိုင်းအခြားဖြင့်လည်းကောင်း၊ အပေါ်ယံရုပ်သွင်လက္ခဏာအားဖြင့်လည်းကောင်း ခွဲခြားပြောဆိုရန် မလွယ်ကူလှသည်ကို တွေ့ရပါမည်။ ငယ်သည်ကြီးသည်မဟူ ရောဂါပိုး ကူးစက်ပြန့်ပွားနိုင်သည်ပဲ ဖြစ်ပါသည်။ ယခု အဝေးပြေး ယာဉ်မောင်းများမှတစ်ဆင့် ကူးစက်မှုများရှိသည်ကို တွေ့ရသဖြင့် ၎င်းတို့ကို စစ်ဆေးရာ အမြင်အားဖြင့် သန်သန်မာမာ ရှိနေသူများတွင် ရောဂါပိုးရှိနေသည်ကို တွေ့ရ၏။ ကျန်းမာသန်စွမ်းသူများဖြစ်ပြီး ရောဂါလက္ခဏာ စိုးစေ့မျှမရှိဘဲ ပိုးကိုလက်ခံရရှိထားကြသည်ကို တွေ့ရပါသည်။ ကိုဗစ်စတင်စဉ်ကတည်းက ပညာရှင်များ သတိပေးနေသည့် မည်သူ့ထံတွင် ရောဂါပိုးရှိသည်ကို အပေါ်ယံ အမြင်ဖြင့် မသိနိုင်ပါဟူသည့် အဆိုအတိုင်း ဖြစ်ပါသည်။ ကျန်းမာသူများဖြစ်သည့်အတွက် ရောဂါ၏ ထိုးနှက်တိုက်ခိုက်မှုကိုမခံရသော်လည်း ၎င်းတို့ထံမှတစ်ဆင့် အခြားသူများကို ကူးစက်နိုင်ပါသည်။ နဂိုအခံကျန်းမာရေးအားနည်းသူများအတွက်မူ ၎င်းတို့ထံမှ ရောဂါပိုးကူးစက်ခံရပြီး ထိခိုက်နစ်နာနိုင်မှုများစွာ ရှိနိုင်သည်ကို သတိအလွန်ထားသင့်ပါသည်။

အထက်တွင် ဆိုခဲ့သကဲ့သို့ စိတ်ချလက်ချ အသုံးပြုနိုင်သည့် ကာကွယ်ဆေးရရှိသည့်ကာလအထိ စိတ်ရှည်သည်းခံကာ ကြံ့ကြံ့ခိုင် ရင်ဆိုင်ကြရန် ပြည်သူတို့ အားတင်းထားရပါဦးမည်။

ယနေ့အချိန်ထိ အကောင်းဆုံးဟုဆိုရမည့် ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာ ကျင့်ဆောင်ကြရပါဦးမည်။ ခက်ခဲလှသည့် နည်းလမ်းများမဟုတ်ဘဲ အများပြည်သူ လိုက်နာနိုင်မည့် နည်းလမ်းများဖြစ်ပါသည်။ လက်ကို ရေဆပ်ပြာတို့ဖြင့် စနစ်တကျ မကြာခဏဆေးခြင်း၊ လူစုလူဝေးကို ရှောင်ရှားခြင်း၊ လူချင်းအနည်းဆုံးခြောက်ပေခွာ ပြောဆိုဆက်ဆံခြင်း၊ အတတ်နိုင်ဆုံး အိမ်မှာသာနေထိုင်ခြင်း၊ မဖြစ်မနေ ထွက်ရမည်ဆိုပါကလည်း မျက်နှာဖုံးနှာခေါင်းစည်းတို့ကို စနစ်တကျ တပ်ဆင်ခြင်း စသည်တို့ကကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။

ပြည်သူတစ်ဦးချင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေစည်းကမ်းများကို လိုက်နာခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းမှ မိမိကိုယ်ကိုယ် ကာကွယ်ရာ ရောက်သည် ဖြစ်ရုံမက၊ မိမိ၏ မိသားစုကို၊ မိမိ၏ ရပ်ရွာမြို့နယ်ကို၊ မိမိ၏နိုင်ငံကို ကာကွယ်ပေးရာရောက်မည် ဖြစ်ပါကြောင်း၊ နှိုးဆော်လိုက်ရပါသည်။     ။