လွိုင်လင် အောက်တိုဘာ ၈
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ယမန်နေ့ မွန်းလွဲ(၃)နာရီက လွိုင်လင်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွိုင်လင်ခရိုင် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ၍ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် လွိုင်လင်ခရိုင် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းတင်က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများ ပထမအကြိမ် ကြေညာထားပြီး၍ ယင်းကာလအတွင် ပြင်ဆင်ဖြည့်စွက် ကန့်ကွက်လွှာများ ဆောင်ရွက်ပြီး ဒုတိယအကြိမ်အဖြစ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို အောက်တိုဘာလ(၁)ရက်မှ (၁၄)ကြေညာပေးထားကြောင်း၊ မဲရုံအခြေအနေ၊ မဲရုံအတွက် လိုအပ်သည့်ပစ္စည်း ရရှိစုဆောင်ထားပြီးမှုအခြေအနေ၊ ပြည်ပနိုင်ငံများမှ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရမည့်ကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)