ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်း စရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။    ။ပရိသတ်များရှင်။ လတ်တလော ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သိကောင်းစရာ အမေး / အဖြေ အစီအစဉ် ကနေ ပြန်လည်ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကစလို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ် - ၁၉ ရောဂါစစ်ဆေးမှုတွေကို တောင်ကိုရီးယားနိုင်ငံက ဝယ်ယူထားတဲ့ Test Kit တွေ အသုံးပြုပြီး မြန်မြန်ဆန်ဆန် စစ်ဆေးအဖြေထုတ်နိုင်ခဲ့တဲ့အတွက် အတည်ပြုလူနာတွေ့ရှိမှု အရေအတွက်လည်း တိုးပွားလာနေတာကို မိဘပြည်သူတွေအသိပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒါဟာ အရေအတွက်များများကို မြန်မြန်စစ်နိုင်တဲ့အတွက် မြန်မြန်တွေ့ရှိပြီး စောစီးစွာနဲ့ ကုသလို့ရနိုင်တာကြောင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြမှု မဖြစ်ကြဖို့ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့တဲ့သောကြာနေ့တုန်းက ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြား ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့် ဆောင်ရွက်ရေးအဖွဲ့က ပါမောက္ခကြီးတွေ၊ အငြိမ်းစားပါမောက္ခကြီးတွေနဲ့ သမားတော်ကြီးတွေက ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ မိဘပြည်သူတွေသိရှိလိုတဲ့ မေးခွန်းတွေကို ဖြေကြားဆွေးနွေး ပေးနေတာဆိုရင် ဒုတိယမြောက် ရက်သတ္တပတ်ကို ရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။
ဒီနေ့အတွက် မေးခွန်းမေးမြန်း ဖြေကြားဆွေးနွေးမှုမှာတော့ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဒေါက်တာဝင်းမြင့်နှင့်  ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ ညွန့်သိန်း (ဆေးပညာဌာန - အငြိမ်းစား) နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင် တို့က ပါဝင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဆရာကြီးတို့အားလုံး မင်္ဂလာပါ။ ဒီနေ့ဆွေးနွေးပွဲမှာ ဆရာကြီးတို့အနေနဲ့ ယခုလို အချိန်ပေးပြီး ပါဝင်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီနေ့ရဲ့မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း ဆွေးနွေးမှုတွေ စတင်ဖို့အတွက် ဆရာကြီး ဒေါက်တာသာ ထွန်းကျော်က ဦးဆောင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါက်တာသာထွန်းကျော်။။ ဆရာကြီးများ မင်္ဂလာပါ။ ကျွန်တော်ရဲ့ ဆရာများ ဖြစ်ကြတဲ့အတွက် ဒီနေရာက ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်တို့ လက်ခံရရှိထားတဲ့ မေးခွန်းတွေထဲက ပထမဦးဆုံး ဖြေရမှာတော့ ဆရာကြီးဦးဝင်းမြင့် ဖြစ်ပါတယ်။
မေးထားတဲ့ မေးခွန်းက ဘယ်သူရှိမှာ ရောဂါရှိနေပြီး မသိနိုင်တဲ့အတွက် မိမိထံကို ရောဂါ ကူးစက်မှုမရှိရအောင် ဘယ်လို လိုက်နာဆောင်ရွက်ရမလဲ ဆိုတဲ့ မေးခွန်းကို ရှင်းလင်း ဖြေကြားပေးစေလိုပါတယ်။
ဒေါက်တာဝင်းမြင့်။ ။   ကျွန်တော်အနေနဲ့ ဒီမေးခွန်းကို တိုက်ရိုက်မဖြေခင်မှာ  အခြေခံအချက်အချို့ကို တင်ပြလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံအချက်အချို့ဟာ သိချင်တဲ့သူတွေ မေးထားတဲ့ မေးခွန်းတချို့လည်း ဖြေပြီးသား ဖြစ်မှာဖြစ်သလို၊ နောက်ထပ်လည်း လိုက်နာဆောင်ရွက်ရတဲ့အခါမှာ ဒါကြောင့် ကျွန်တော်တို့ လိုက်နာရပါလား ဆိုတဲ့ အချက်ကို သိစေလို့တဲ့အတွက် အခြေခံအချို့ကို တင်ပြလိုပါတယ်။
ယနေ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ပြည်သူအတွင်းမှာ ကူးစက်မှု ဖြစ်နေတယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမရှိပါဘူး။ ဒါကြောင့်မို့ မည်သူ့မှာ ရောဂါ ပိုးရှိနေတယ်ဆိုတာကို  တပ်အပ်ပြောလို့ မရပါဘူး။ လူတိုင်း လူတိုင်းသည် ရောဂါပိုးရှိ နိုင်တယ်ဆိုတဲ့ စိတ်နဲ့  ဆောင်ရန်၊ ရှောင်ရန် လေးတွေကို လိုက်နာဖို့ လိုပါတယ်။
ဒီနေရာမှာ ဘာကြောင့် ကူးစက်သလဲဆိုတာကိုသိမှ  ဘယ်လိုကာကွယ်ရမလဲဆိုတာ သိမှာဖြစ်ပါတယ်။ အဲဒီတော့ ကူးစက်ပုံ၊ ကူးစက်နည်းလေးကို အကြမ်းဖျင်း တင်ပြရမယ်ဆိုရင်  ဒီပိုးဟာ ဆယ်လသားပိုးလေး၊ တစ်နှစ်တောင် မပြည့်သေးပါဘူး။ ဒါကြောင့်မို့ သုတေသနပညာရှင်တွေအနေနဲ့ ဒီပိုးနဲ့ပတ်သက်လို့ ရနိုင်သမျှသော သုတေသန တွေ့ရှိချက်တွေကို ချပြနေသော်လည်း တကယ်တော့ ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး။
သို့သော် ရရှိတဲ့ သုတေသနအပေါ်မှာ အခြေခံပြီးတော့ ကူးစက်ပုံ၊ ကူးစက်နည်းကို ပြောပြရရင် နည်းက ၂ နည်းပဲရှိပါတယ်။ ပထမနည်းက တိုက်ရိုက်ကူးစက်တာ ဖြစ်ပါတယ်။ တိုက်ရိုက်ကူးစက်တာက ချောင်းဆိုးနေတဲ့သူ ဒါမှမဟုတ် နှာချေနေတဲ့သူ ဒါမှမဟုတ်ရင်လည်း စကားပြောလိုက်တဲ့အခါမှာ သူရဲ့ နှာခေါင်း၊ ပါးစပ်တွေက ထွက်လာတဲ့ အမှုန်အမွှားတွေထဲမှာ ရောဂါပိုး ပါနိုင်ပါတယ်။
အဲဒီ ရောဂါပိုးတွေဟာ ရောဂါပိုးမရှိတဲ့သူထံကို တိုက်ရိုက်ကူးစက်သွားတာမျိုး ဖြစ်နိုင်သလို၊ ဒုတိယနည်းက  ဒီပိုးရဲ့ အရွယ်အစားသည် အနည်းငယ်လေးတဲ့အတွက် ဝေးဝေး မသွားနိုင်ပါဘူး။ မြေပေါ် ပြုတ်ကျပါတယ်။ ပြုတ်ကျတဲ့အခါမှာ စားပွဲပေါ် ပြုတ်ကျတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျွန်တော်တို့ကိုင်နေတဲ့ လက်တန်းပေါ်ကို ပြုတ်ကျတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တံခါးဂျက်တွေပေါ်ပဲ ပြုတ်ကျတာပဲဖြစ်ဖြစ် အဲဒီဟာကို   ရောဂါပိုးမရှိတဲ့သူက ကိုင်မီပြီး မိမိမျက်နှာကို   ကုပ်ရာကနေ ရောဂါပိုးတွေက နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့မှတစ်ဆင့် ကူးစက်ပြီးတော့ ရနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့ ဒီနည်း ၂ နည်းဟာ အဓိက ဖြစ်ပါတယ်။ သုတေသနပြုနေပေမယ့်၊ မသေချာတဲ့ နည်းလေးတွေရှိသော်လည်း ကျွန်တော်တို့က တခြားနည်းတွေကို အာရုံမစိုက်တော့ဘဲ၊ ဒီ ၂ နည်းကို အခြေခံပြီးတော့ ကျွန်တော်တို့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အချက်ကို အထူးပြုဖို့ လိုပါလိမ့်မယ်။ လူတိုင်းလူတိုင်း သိသော်လည်းပဲ ဒီအခြေခံအချက်အလက်ပေါ်မှာ မူတည်ပြီးဖြစ်လာတဲ့ ကာကွယ်နည်းကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။
ရောဂါပိုးရှိတဲ့သူနဲ့ မရှိတဲ့သူ ခွဲခြားမရနိုင်တဲ့အတွက် မည်သူ့ထံမှ မည်သူ့ထံသို့ ကူးတယ်ဆိုတာ မသေချာတဲ့အတွက်  မိမိအိမ်ထဲမှာ နေခြင်းအားဖြင့်၊ ပတ်ဝန်းကျင်နဲ့ဆက်သွယ်မှု နည်းပါးခြင်းအားဖြင့်   ရောဂါကူးစက်မှုကို ဖြတ်တောက် နိုင်မှာ ဖြစ်ပါတယ်။
ဒီအချိန်မှာတော့ သူလည်းမလည်၊ ကိုယ်လည်းမလည် နဲ့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေမယ်။ သို့သော် ကိုယ့်အိမ်ထဲမှာ နေတဲ့အချိန်မှာ ကိုယ့်မိသားစုနဲ့က ရှိနေတာဖြစ်တဲ့အတွက် ကိုယ့်မိသားစုထဲမှာလည်း မည်သူ ရောဂါပိုးရှိနိုင်တယ်၊ မရှိနိုင်ဘူး မသေချာတဲ့အတွက်   ၆ ပေခွာပြီး ခပ်ခွာခွာလေး မိသားစုထဲမှာနေဖို့ အရေးကြီးပါတယ်။
ထိုနည်းတူစွာပဲ မိသားစုအနေနဲ့ အာဟာရမျှတတဲ့ အစားအစာတွေ စားဖို့၊ အချိန်မှန် အိပ်ဖို့၊ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေ ဆောင်ရွက်ဖို့၊ နောက်အိမ်ကလည်းပဲ တတ်နိုင်တဲ့လို့ရှိရင် လေဝင်လေထွက် ကောင်းတဲ့ အိမ်ဖြစ်ဖို့ ဒါလေးတွေ အရေးကြီးပါတယ်။
အဲဒီတော့ အိမ်ထဲမှာ နေစဉ်ကာလအတွင်းမှာလည်း ကိုယ့်အိမ်ထဲမှာ အသက် ၆၀ ကျော် အဖိုးအဖွားတွေ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ စသဖြင့် အဖိုးအဖွားတွေ၊ လူနာတွေ ရှိမယ်ဆိုရင် သူတို့ကို ပိုပြီးဂရုစိုက်ပြီး ၆ ပေအကွာက နေသလို၊ သူတို့ စားသုံးတဲ့ အိုးခွက်ပန်းကန်ကစပြီး သီးခြားလေးတွေ ဆောင်ရွက်ပြီးတော့ သေချာလေး ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။
မကြာခဏ လက်ဆေးတဲ့ဟာသည် လူတိုင်းစေ့ လိုက်နာဆောင်ရွက်ဖို့ လိုသလို၊ အိမ်ပြင်ကို မဖြစ်မနေ ထွက်မယ်ဆိုရင်လည်း  မဖြစ်မနေကိစ္စမှ ထွက်ရမယ်။ ထွက်တဲ့အခါမှာလည်း နံပါတ် (၁) အရေးကြီးမှုက လူစုလူဝေးများတဲ့ နေရာတွေကို နံပါတ် (၁) ရှောင်ရှားဖို့ လိုပါတယ်။ နံပါတ် (၂)   ၆ ပေ အကွာမှာ နေမယ်၊ နေပြီးလို့ရှိရင် Mask ကို စနစ်တကျ တပ်မယ်ဆိုရင်၊ Mask လေးနဲ့ စနစ်တကျ အုပ်လိုက်ခြင်းအားဖြင့်  နှာခေါင်း၊ ပါးစပ်တွေကို တိုက်ရိုက်မသွားဖို့အတွက် ကာကွယ်ပြီးသားဖြစ် ပါလိမ့်မယ်။
နောက်တစ်ခုက   ခုနက ပြောသလို တစ်ဆင့်ပေါ့လေ၊ တိုက်ရိုက်မဟုတ်ဘဲနဲ့ တစ်ဆင့် ကူးစက်တဲ့၊ ခုနက လက်တန်းကနေတစ်ဆင့်၊ အရာဝတ္ထုတွေကနေ တစ်ဆင့်ကူးစက်မယ်ဆိုရင်လည်း ဒါကို  လက်မကြာခဏ သေချာဆေးခြင်းအားဖြင့်၊ စနစ်တကျ ဆေးခြင်းအားဖြင့် ကာကွယ်နိုင်မယ်ဆိုတာ တိကျစွာ ပြောလို့ရပါတယ်။
ယခုပြောနေတဲ့ အချက်အလက်တွေကို ကျွန်တော် ထင်ပါတယ်။ ယခု နားထောင်နေတဲ့ ပရိသတ် ၁၀၀ မှာ ၁၀၀ နီးနီးလောက် သိချင်သိလိမ့်မယ်။ သို့သော် အသိ ကနေ သတိ ဒါကို ယုံယုံကြည်ကြည်နဲ့ လက်ခံဖို့က အင်မတန် အရေးကြီးပါတယ်။ ယုံယုံကြည်ကြည်နဲ့ လက်ခံလို့လည်း  ကူးစက်တတ်တဲ့ ဒီသုတေသနတွေ့ရှိချက်တွေအရ ကူးစက်တဲ့သဘာဝကို  ပြောပြီးသားဖြစ်တဲ့အတွက် ဒါကိုလည်း လက်ခံယုံ ကြည်လိမ့်မယ်လို့  ယုံကြည်တယ်။
အဲဒီတော့ အယောက် ၁၀၀ မှာ ၁၀၀ သိပေမယ့်၊ ဒါကို ယုံကြည်လက်ခံတဲ့သူက ၈၀ ဖြစ်ချင် ဖြစ်နေမယ်။ တတိယအဆင့်က အဲဒါကို လိုက်နာတာပါ။ လိုက်နာတာဆိုတာကလည်း တကယ်အရေးကြီးပါတယ်။ တိတိကျကျ လိုက်နာဖို့ဆိုတာ ယခုအချိန်မှာ လိုက်နာတာ ၅၀ ရာခိုင်နှုန်း / ၆၀ ရာခိုင်နှုန်း ရှိသော်လည်းပဲ တိတိကျကျ လိုက်နာတဲ့သူက အဲဒီလောက် ရှိမှာမဟုတ်ဘူးလို့   ယူဆပါတယ်။ ဥပမာအားဖြင့် Mask တပ်တယ်ဆိုရင် တပ်နေကြတာပဲ၊ ဒါပေမယ့် တကယ့်စနစ်တကျ တပ်မယ်ဆိုရင် Mask တပ်မယ့်သူက Mask မတပ်ခင် လက်ဆေးရမယ်ဆိုတာ  လူဘယ်နှစ်ယောက် အဲဒီလို Mask မတပ်ခင် လက်ဆေးကြပါသလဲ၊ အဲဒါကို ဆန်းစစ်ကြဖို့ လိုပါတယ်။
Mask ကို တပ်ပြီဆိုရင်လည်း   ဒီမျက်နှာဖွင့်ကနေ နားရွက်ကိုချိတ်တဲ့ အခါမှာ အပေါ်ဘက်ကထားရမယ့် သတ္ထုပြားလေး ဘယ်နေရာမှာ ရှိသလဲ ဒါအရင် လေ့လာရပါတယ်။ အရောင်က ဘယ်ဘက်မှရှိသလဲ လေ့လာရပါတယ်။ အရောင်ကို အပြင်ဘက်မှာထားပြီး သတ္ထုပြားလေးကို အပေါ်မှာ ထားပြီးတော့မှ မေးစေ့အထိ ရောက်အောင် ဆွဲချရတဲ့ စနစ်တကျ အင်မတန် အရေးကြီးပါတယ်။ ဒါလေးကို  လိုက်နာဖို့ လိုပါတယ်။
ခုနက ပြောသလို  Droplets ( အမှုန်အမွှားလေး) တွေ ကျသွားရင် ပလပ်စတစ်ဘူးခွံပေါ်မှာ ဘယ်လောက်နေမလဲဆိုရင် ၅ ရက်လောက်နေနိုင်ပါတယ်။ နောက်တစ်ခုက Stainless Steel တွေပေါ်မှာ ၄၈ နာရီလောက်အထိ နေနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း မှန်တို့၊ သစ်သားတို့၊ စက္ကူတို့ပေါ်မှာကျတော့ ၄ ရက် / ၅ ရက်လောက်အထိ နေနိုင်ပါတယ်။ ဒါက လက်ရှိ သုတေသန တွေ့ရှိချက်ဖြစ်ပါတယ်။ နောက်ပိုင်းတွေ့လာလို့ ဒီဟာတွေသည် ပြောင်းလဲရင်လည်း ပြောင်းလဲသွားမယ့် အခြေအနေရှိတယ်ဆိုတာကို  တင်ပြလိုပါတယ်။
နောက်တစ်ခုကတော့   အဓိက အရေးကြီးတာက  တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုတွေ အကြိမ်ပမာဏကို လျော့ဖို့ လိုပါလိမ့်မယ်။ ထိတွေ့မှု အကြိမ်တိုင်းမှာ Risk ရှိပါတယ်။ အန္တရာယ်ရှိပါတယ်။ ထိုနည်းလည်းကောင်းပဲ တစ်ခါတစ်ခါ တွေ့တဲ့အချိန်ကိုလည်း လျော့ချဖို့ လိုပါလိမ့်မယ်။ ဥပမာ မဖြစ်မနေ ဈေးသွားမယ်ဆိုရင် ဈေးထဲမှာ အကြာကြီး လျှောက်ကြည့်နေမယ့်အစား မြန်မြန်ဆန်ဆန် ကိုယ်ဝယ်ချင်တဲ့ဟာလေး ဝယ်ခြင်းအားဖြင့် ဒီလိုထိတွေ့မှုအချိန်ကို  ဒီလိုလျော့ချမှ ဖြစ်မယ်ဆိုတာကို သိစေလိုပါတယ်။
နောက်တစ်ခုကတော့  ခုနက ပြောသလို အသိရယ်၊ သတိရယ်၊ လိုက်နာတာရယ်က အင်မတန်မှ အရေးကြီးပါတယ်။ လူတိုင်းလူတိုင်းဟာ ခုနက ပြောတဲ့ အချက်တွေကို လေးလေးစားစား တိတိကျကျ လိုက်နာနိုင်တယ်ဆိုရင်  တိုင်းပြည်ကနေ ကိုဗစ်အန္တရာယ် ဆိုးကြီးကို မြန်မြန်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ပျောက်သွားအောင်တော့  လုပ်လို့မရသေးပါဘူး၊ မြန်မြန်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပြီးခဲ့တဲ့အပတ်က ဆရာကြီးတစ်ယောက် ပြောသွားတဲ့ ဆေးစပ်ကြီး ၄ မျိုးဆိုတဲ့နေရာမှာ ကျွန်တော်က ဆေးစပ် ၅ မျိုးပေါ့၊ လူစုလူဝေး ရှောင်ပါ။ အိမ်မှာနေပါ။ ခပ်ခွာခွာ ၆ ပေအကွာမှာနေပါ။ Mask တပ်ပါ။ လက်မကြာခဏဆေးပါ။ သို့သော် ဒါတွေကိုလည်း စနစ်တကျ ကျွန်တော်တို့ လိုက်နာဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။
ဒေါက်တာသာထွန်းကျော်။။   ဆေးစပ်ကြီး ၅ မျိုးနဲ့ ဆက်စပ်ပြီး ဖြေကြားပေးသွားတဲ့ ဆရာကြီးဦးဝင်းမြင့်ကို အများကြီးကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ဆရာကြီး ဦးညွန့်သိန်းကို မေးလိုတဲ့ မေးခွန်းက ပြုစုကုသရေးနဲ့ ပတ်သက်လို့ စင်ကာပူ နည်းနာကို ယူသင့်ပါတယ်။ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ပြည်တွင်းမှာ စက်ရုံတည်ဆောက်ပြီး ထုတ်လုပ်မှာလား၊ မြန်မာပြည်ကို ရောက်ဖို့ ဘယ်လောက်အထိ စောင့်ရမလဲ သိချင်ပါတယ်ဆိုတဲ့ မေးခွန်းကို ဆရာကြီးဦးညွန့်သိန်း ဖြေကြားပေးစေလိုပါတယ်။
ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်း။ ။ ဟုတ်ကဲ့ နှစ်ပိုင်းပေါ့လေ။ ပထမ တစ်ပိုင်းကတော့ စင်ကာပူပေါ့။ စင်ကာပူနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် အားလုံးသိတဲ့ အတိုင်းပါပဲ။ စင်ကာပူနိုင်ငံက အာရှမှာဆိုရင် တော်တော်လေးကို ဖွံ့ဖြိုးဆုံး၊ အချမ်းသာဆုံးနိုင်ငံပါ။ GDP အနေနဲ့ တွက်မယ်ဆိုရင်လည်း တစ်ကမ္ဘာလုံးမှာ နံပါတ် ၇ လောက်ရှိတဲ့ နိုင်ငံ၊ ဆိုလိုတာက သူက ဘဏ္ဏာရေး အလွန်တောင့်တင်းတယ်။ နံပါတ် (၂) က လူဦးရေ၊ သူရဲ့ လူဦးရေက ၅ ဒသမ ၇ သန်းပဲ ရှိတယ်။ အဲဒီ ဘဏ္ဏာရေးနဲ့ လူဦးရေအားသာချက်က စင်ကာပူရဲ့ အားသာချက် ဖြစ်သွားပါတယ်။
နိုင်ငံတော်တော်များများမှာ ပထမစင်ကာပူရဲ့သေဆုံးမှု တော်တော်နည်းတယ်။ အဲဒါကို အကုန်လုံးက အားကျတယ်ပေါ့လေ။ အားကျလို့ သူတို့ကလေ့လာကြတဲ့အခါမှာ၊ သုတေသနတွေလုပ်တော့ တွေ့ထားတဲ့အချက် တွေထဲက အရေးကြီးတဲ့ ၅ ချက်ကို  ပြောချင်ပါတယ်။
နံပါတ် (၁) အချက်က ခုနတုန်းက စင်ကာပူနိုင်ငံမှာ ရှိနေတဲ့ လူဦးရေထဲမှာမှ တချို့က ၉၀ ရာခိုင်နှုန်းပြောတယ်။ တချို့က ၉၅ ရာခိုင်နှုန်းပြောတယ်။ အဲဒါတွေက လူငယ်လူရွယ်တွေနဲ့ ကျန်းမာသန်စွမ်းတဲ့သူတွေ ဖြစ်နေတယ်။ ဒါကြောင့် သူတို့က ရောဂါဝင်သည့်တိုင်အောင် အသည်းအသန် မဖြစ်ဘူး။ သေလောက်တဲ့အထိ မဖြစ်ဘူး။ ဒါနံပါတ် (၁) ပါ။
နံပါတ် (၂) ကတော့ ခုနက ပြောခဲ့တဲ့ ဘဏ္ဏာရေးနဲ့ လူဦးရေရဲ့ အားသာချက်ပါ။ ဘဏ္ဏာရေးနဲ့ လူဦးရေရဲ့ အားသာချက်ကြောင့်မို့ စဖြစ်ခါစမှာ စောစောစစ်၊ စောစောသိ၊ စောစောတွေ့၊ စောစောကု ဆိုတာကို လုပ်နိုင်သွားတဲ့ အတွက်ကြောင့် ဒီလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်း မကကို သူတို့ စစ်လိုက်နိုင်တဲ့ အတွက်ကြောင့် အဲဒီလိုမျိုး အားသာချက်တွေ ရှိသွားတာက နံပါတ် (၂) ပါ။
နံပါတ် (၃) အချက်က ယခုပြောတဲ့ အားသာချက် ၂ ခုပဲ၊ ခုနက ဘဏ္ဏာရေးနဲ့ လူဦးရေကြောင့်မိုလို့ သူတို့နိုင်ငံမှာရှိတဲ့ ဆေးရုံတွေ Public ဆေးရုံကော၊ Private ဆေးရုံကော ပြီးတော့ပစ္စည်းကိရိယာတွေ၊ ပြီးတော့ ကျွမ်းကျင်လုပ်သားတွေ အဲဒါတွေအားလုံးက လုံလုံလောက်လောက် ရှိခဲ့တယ်။ သူတို့ရဲ့ ဘဏ္ဏာရေး၊ သူတို့ရဲ့ လူဦးရေအရပေါ့လေ ကျန်တဲ့နိုင်ငံတွေနဲ့ တွက်ရင်ပေါ့လေ။ တခါ SARS တုန်းက ဘယ်လိုဖြစ်လဲဆိုတော့၊ ၂၀၀၃ - ၂၀၀၄ SARS တုန်းက စင်ကာပူက လူ ၂၃၈ ယောက် ရောဂါပိုးတွေ့ပြီး လူ ၃၃ ယောက် ဆုံးသွားတယ်။ ဒါက အာရှမှာ စံချိန်ကို ဖြစ်သွားတာပေါ့။ အဲဒီပြီးတဲ့အချိန်မှာ သူတို့က အရမ်းကို ပြင်ဆင်ထားတယ်။ ဆေးရုံတွေကို ပြင်ဆင်တယ်။ ICU တွေကို ပြင်ဆင်တယ်။ လူတွေကို Train လုပ်ထားတယ်။ အဲဒါတွေကြောင့်မို့ ဒီတစ်ခါ ဖြစ်တဲ့အခါမှာ သူတို့က ကောင်းကောင်းကြီးကို Prepare ဖြစ်နေတယ်။ အဲဒါကလည်း နံပါတ် (၃) အချက်ပါ။
နံပါတ် (၄) အချက်ကတော့ နှာခေါင်းစီး၊ ပါးစပ်စည်းကို တပ်ကြပါလို့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ ပြောတယ်။ စင်ကာပူမှာလည်း ပြောတယ်။ မြန်မာပြည်မှာလည်း ပြောတယ်။ ဒါပေမယ့် စင်ကာပူမှာ ဘာပါလဲဆိုတော့ အဲဒါနဲ့ ပတ်သက်လို့ ဥပဒေ ထုတ်တယ်။ မတပ်ရင် ဘာလုပ်မယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်ရှိတယ်။ အရေးယူတာမှ တင်းတင်းကြပ်ကြပ် အရေးယူတယ်။ ဒဏ်ငွေကို အကြီးအကျယ် ဆောင်ခိုင်းတယ်။ ထောင်တောင် ချတယ်။ အဲဒါကလည်း ခုနတုန်းက ဒီကူးစက်တာကိုကော၊ သေဆုံးတာကိုကော ကျစေတဲ့အချက်ပါ။
နောက်ဆုံး နံပါတ် (၅) အချက်ကတော့ စင်ကာပူမှာ   ကိုဗစ်ကြောင့် သေတယ်ဆိုတဲ့ သေနှုန်းကို သူတို့တွက်တဲ့အခါမှာ သူတို့က ကိုဗစ်သတ်သတ်ပဲ တွက်တယ်။ ဆိုကြပါစို့ နှလုံး ရောဂါရှိတဲ့သူတစ်ယောက်က Heart Attack နဲ့ ဆေးရုံကို ရောက်ပြီးတော့ ကိုဗစ်လည်းရှိတယ်၊ Heart Attack နဲ့လည်း ဆုံးတယ်။ အဲဒါကို ကိုဗစ်ထဲမှာ ထည့်မတွက်ဘူး။ ထိုနည်းတူစွာပဲ ကျောက်ကပ်ရောဂါ ထည့်မတွက်ဘူး။ သွေးရောဂါ ထည့်မတွက်ဘူး။ ဒါကြောင့်မို့ ကိုဗစ်နဲ့ သူတို့သေနှုန်းက အရင်လောက်မများပဲ ယခုအချိန်အထိ ၂၇ ယောက်ပဲရှိနေတာပါ။ ဒါက စင်ကာပူနဲ့ ပတ်သက်လို့ပါ။
အဲဒီတော့ စင်ကာပူပုံစံကို ကမ္ဘာ့နိုင်ငံတိုင်းက လိုက်လုပ်နေပါတယ်။   မြန်မာပြည်ကလည်း လိုက်လုပ်နေပါတယ်။ ဒါပေမယ့် ခုနကပြောတဲ့ ဘဏ္ဏာရေးနဲ့ လူဦးရေ အခြေအနေက စင်ကာပူ မှီဖို့က  ဆက်လက်ကြိုးစားနေတုန်းပါပဲ။
နံပါတ် (၂) က ဗက်ဆင်း (Vaccine) ကိစ္စပေါ့။  Vaccine နဲ့ ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းအရ နိုင်ငံကြီး ၂၀၊ နေရာအနှံ့အပြား၊ ဌာန ၂၀၀ မှာ ၁၄၀ ကျော်ပဲ  Vaccine တွေ ထုတ်နေကြပါတယ်။ အဲဒီမှာ  Vaccine   ၂၉ ခုကတော့ လူနဲ့စမ်းသပ်တဲ့ အဆင့်ဖြစ်သွားပြီ၊ အဲဒီမှာမှ ၉ ခုက နောက်ဆုံးအဆင့်ကို ရောက်သွားပြီ နောက်ဆုံးအဆင့်ဆိုတော့ နံပါတ် ၅ အဆင့်ရောက်သွားပြီ။ အဲဒီတော့  Vaccine က ရှင်းရှင်းပြောရရင်တော့ အားလုံးလက်ခံထားတာက ဒီနှစ်ကုန်၊ နောက်နှစ်ဆန်းလောက်မှာ အန္တရာယ်ကင်းစွာနဲ့ လူတိုင်းကို ထိုးပေးနိုင်မယ့် အခြေအနေရှိပါတယ်။
တလောက ရုရှားက စပွန်တနစ် (Sputnik) ဆိုတဲ့  Vaccine  ထွက်လာတယ်။ အဲဒါကို WHO ကကော၊ US CDC ကကော ရာနှုန်းပြည့်တော့ သူတို့ အာမမခံစေချင်သေးပါဘူး။ သူနိုင်ငံမှာတော့ သူထိုးတယ်ပေါ့လေ။ မနေ့တစ်နေ့ကပဲ ဗင်နီဇွဲလားကို သိန်းနဲ့ချီပြီး ပို့လိုက်တယ်။ အဲဒီတော့  Vaccine တစ်ခုက ခုနကမေးထားတဲ့ မေးခွန်းအရ စက်ရုံမှာ ထုတ်ပါဆိုတော့  Vaccine  ထုတ်တဲ့စက်ရုံက နေ့ချင်းညချင်း ထုတ်လို့မရပါဘူး။ အထူးသဖြင့် ဆရာတို့ တိုင်းပြည်မျိုးဆိုရင် လူနာထားဖို့ နေရာတောင် မနည်းလုပ်ယူနေရတဲ့ အချိန်မှာ ဒီလိုစက်ရုံမျိုး လုပ်တာကတော့ အလကား မကိုက်ညီပါဘူး။
နောက်တစ်ခု ဗင်နီဇွဲလားကို သူက  Vaccine တွေ ပို့လိုက်တဲ့အချိန်မှာ သူတို့ဆီမှာလည်း ထုတ်လုပ်မယ်ပေါ့။ သူတို့က ဘာလုပ်သလဲဆိုတော့ သူတို့လူတွေကို အစမ်းသပ်ခံရမယ်။ အဲဒီတော့ Phase 3 စမ်းသပ်လည်းခံရမယ်။ ပြီးတော့မှ သူတို့က ထုတ်ခွင့်ပေးမယ်ဆိုတော့ တလောတုန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားသလို ကိုယ့်လူမျိုးတွေတော့ အစမ်းသပ်ခံ မပါထားဘူး။
ဒါပေမယ့်  Vaccine  နဲ့ ပတ်သက်လို့ သေချာတာ တစ်ခုကတော့ ခုနက မေးထားတဲ့ မေးခွန်းပေါ့၊ ဘယ်တော့လောက် ရမလဲဆိုတာ ယေဘုယျအားဖြင့် နှစ်ကုန် ဒါမှ မဟုတ် နောက်နှစ်ဆန်းမှာ လူတိုင်းက လက်ခံထားတယ်။ အဲဒီမှာ  Vaccine နဲ့ ပတ်သက်လို့ COVAX ဆိုတဲ့အဖွဲ့မှာ WHO ပါတယ်။ GAVI ပါတယ်။ CEP ဆိုတဲ့ အဖွဲ့ပါတယ်။ အဲဒီလို အဖွဲ့တွေ အားလုံးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးထားတဲ့အဖွဲ့က ချိတ်ထားပါပြီ။ အဲဒီတော့ ကမ္ဘာအနှံ့အပြားမှာ  Vaccine   ထိုးလို့ရပြီ ဆိုရင်တော့ မြန်မာပြည်ကလည်း   Vaccine ထိုးလို့ ရပြီလို့ သေချာပေါက်ရှိတယ်လို့ ပြန်ကြားချင်ပါတယ်။
ဒေါက်တာသာထွန်းကျော်။။   ဖြေကြားပေးတဲ့ ဆရာကြီးဦးညွန့်သိန်း အများကြီးကျေးဇူးတင်ပါတယ် ခင်ဗျာ့။ ဆက်လက်ပြီးတော့  ဒီမှာ၊ ရန်ကုန်မှာ ကိုဗစ်ကုသရေးစင်တာတွေ တိုးချဲ့ဖွင့်လှစ် ကုသပေးတဲ့နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ လုံလောက်မှု ရှိပါရဲ့လား ဆိုတဲ့ မေးခွန်းကို ကျွန်တော် ဖြေလိုပါတယ်။
ရန်ကုန်မှာ ယခုဖွင့်လှစ်ထားတဲ့ ကိုဗစ်ကုသရေးစင်တာ ၈ ခုမှာ လူနာ ၆၇၀၀ ကျော်ကို လက်ခံကုသနေပါတယ်။ နောက်ထပ်ပြီးတော့ တိုးချဲ့ပြင်ဆင်နေတဲ့ ကိုဗစ်စင်တာ ၄ ခုမှာ လူနာ ၃၅၀၀ ကျော်ကို လက်ခံနိုင်အောင် ဆောင်ရွက်နေပါတယ်။ အားလုံးပေါင်းလိုက်ရင် လူနာ ၁၀၀၀၀ ကျော်ကို လက်ခံကုသနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။
အဲဒီအထဲမှာ အထူးကြပ်မတ်ကုသနိုင်တဲ့ လူနာကုတင်က ၁၂၀ ကျော် လက်ခံ နိုင်အောင်  ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဒီကိုဗစ်ကုသရေးစင်တာတွေမှာ လိုအပ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာရှိတဲ့ ဆေးရုံကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ဆေးရုံတွေ၊ ဆေးတက္ကသိုလ် တွေနဲ့ ဆေးဘက်နှီးနွယ် တက္ကသိုလ်တွေက အထူးကုဆရာဝန်တွေ၊ လက်ထောက်ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျွမ်းကျင်ဝန်ထမ်းတွေ၊ အခြေခံကျန်းမာရေး ပညာရှင်တွေကို ခေါ်ယူပြီးတော့ တာဝန်ပေးဆောင်ရွက်နေပါတယ်။
ဒါ့အပြင် တပ်မတော်ဆေးတပ်ဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ ပုဂ္ဂလိက ဆေးရုံများအသင်းတွေက ကျန်းမာရေ ဝန်ထမ်းတွေအပြင် လူမှုရေးအသင်း အဖွဲ့တွေက Volunteer တွေကိုပါ အားလုံးစုစည်းပြီး တာဝန်ပေးဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တစ်ကွ၊ အစိုးရအဖွဲ့ဝင်တွေနဲ့လည်း နေ့စဉ်ညှိနှိုင်း‌ပေါင်းစပ်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလျက် ရှိပါတယ်။ ကိုဗစ်ကုသရေး စင်တာတွေမှာ လူအင်အား၊ ပစ္စည်းအင်အား လိုအပ်ချက်တွေကို ရရှိအောင် ပေါင်းစပ်ပြီး ဖြေရှင်းပေးနေတယ်လို့ ဖြေကြားပေးလိုပါတယ် ခင်ဗျာ။
ဆက်လက်ပြီး ဆရာကြီးဦးဝင်းမြင့်ကို မေးချင်တဲ့ မေးခွန်းက ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု နဲ့ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်တွေဟာ လူမှုကွန်ရက်မှာ အမျိုးစုံ ပြန့်နှံ့နေပါတယ်။ မှန်မှန်ကန်ကန် သိလိုတဲ့အတွက် ရှင်းရှင်းလင်းလင်းဖြေကြားပေးဖို့ ဖြစ်ပါတယ်။
ဒေါက်တာဝင်းမြင့်။ ။   ကျေးဇူးတင်ပါတယ်ဆရာ။ ဒီမေးခွန်းကလည်း မေးထား တဲ့ မေးခွန်းတွေထဲမှာ ၃ / ၄ ခုက ဒါနဲ့ပတ်သက်ပြီး မေးထားတာရှိတဲ့အတွက် စုပေါင်းပြီး  ဖြေပါမယ်။ သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အပေါ် မူတည်ပြီး ယနေ့အချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါမှမဟုတ် သုတေသန အဖွဲ့အစည်းအသီးသီးက လက်ခံထားတဲ့ ယုံကြည်မှုတွေကိုပဲ အခြေခံပြီး  ဖြေကြားသွားမှာ ဖြစ်ပါတယ်လို့ ဦးစွာပြောကြား လိုပါတယ်။
ပထမရက်ကလည်း မေးထားတာတွေ ရှိပါတယ်။ ဗီတာမင် ကိစ္စပါ။ Vitamin တွေ၊ Zinc တို့၊ Vitamin D တို့၊ Vitamin C တို့သည် ကိုဗစ်ရောဂါကို ကာကွယ်နိုင်သလားဆိုတာ မေးထားပါတယ်။ ဒါလည်း ကိုဗစ်ကိုတော့ တိုက်ရိုက်ကာကွယ်နိုင်တဲ့ ဆေးမျိုးတွေ မဟုတ်သေးပါဘူးလို့ပဲ သုတေသနပညာရှင်တွေက ပြောပါတယ်။
သို့သော် ဒီဆေးတွေသည် လူရဲ့ Immune System လို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံနိုင်တဲ့ စွမ်းရည်ကို တိုးတက်စေတဲ့အတွက် သုံးမယ်ဆိုရင် သုံးလို့ရပါတယ်။ သို့သော် ဒီဆေးတွေသည် တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း များများသုံးဆောင်ရင်လည်း အန္တရာယ်လေးတွေရှိတဲ့အတွက် မိမိ သုံးဆောင်ချင်တယ်ဆိုရင် သူက အသက်အရွယ်အပေါ်မှာသော်လည်းကောင်း၊ ရောဂါအခြေအနေအပေါ်မှာ မူတည်ပြီးသော်လည်းကောင်း၊ သူရဲ့ တိုက်ရမယ့်ပမာဏကို ချိန်တွယ်ရတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ သုံးဆောင်ရင်တော့ သုံးဆောင်ခွင့်ရှိပါတယ်။ သုံးဆောင်လို့ရပါတယ်လို့ ဖြေကြားလိုပါတယ်။
နောက်တစ်ခုက ပထမဦးဆုံးအစမှာသုံးခဲ့တဲ့၊ ကုသရေးမှာ သုံးခဲ့တဲ့ ကလိုရိုကွင်း ဆေးကိုသုံးလို့ ထိရောက်မှုရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ယခုအချိန်မှာ ပြန်ပြီးပြောရရင် ကလိုရိုကွင်းဆေးသည် ထိရောက်မှု မရှိပါဘူးဆိုတဲ့ အဖြေကိုပဲ သုတေသနပညာရှင်တွေက ထုတ်ထားတာ တွေ့ရပါတယ်။
နောက်တစ်ခုကတော့   Exercise လုပ်ရင် Mask တပ်ရမလားဆိုတဲ့ မေးခွန်းမှာ Exercise လုပ်ရင် ဖြစ်နိုင်ရင်တော့ mask မတပ်ပါနဲ့။ ခပ်ခွာခွာလေး တစ်ယောက်နဲ့ တစ်ယောက် ၆ ပေ အကွာကနေ Exercise လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ Exercise လုပ်ခြင်း အားဖြင့် အသက်ရှုရာမှာ Oxygen Level က အသက်ရှုရတာ သက်သောင့်သက်သာ မဖြစ်တဲ့အတွက် ဒါလေးကိုတော့ Mask မတပ်ရင် ရပါတယ်လို့ ဖြေပါတယ်။
နောက်ပြီး Mask တပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် အဆိပ်ဖြစ်တယ်တို့၊ ဒါမှမဟုတ် အောက်ဆီဂျင် လိုအပ်တာတွေဖြစ်တယ်ဆိုတာသည် သုတေသနတွေ့ရှိချက်အရ ဒါလည်း မဟုတ်ပါဘူး။ Mask တပ်ခြင်းအားဖြင့် ဒါတွေဖြစ်တယ်ဆိုတာ မဟုတ်ပါဘူးလို့  ဖြေကြားလိုပါတယ်။
နောက်တစ်ခုက အရက်သောက်ခြင်းအားဖြင့် ကိုဗစ်ရောဂါကာကွယ်ဆိုတာ သတင်းအမှားပါ။ လုံးဝမဟုတ်ပါဘူး။ အရက်နဲ့ ကိုဗစ်ဘာမှမဆိုင်ပါဘူး။ ပိုတောင်ဆိုးချင် ဆိုးသွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အရက်သောက်ပြီး တွေဝေနေမယ်၊ Mask မတပ်တာတို့၊ လက်မဆေးတာတို့ စသည်ဖြင့် ပိုပြီးအန္တရာယ်များပါတယ်။
နောက်တစ်ခုက ငွေစက္ကူတွေကနေ ရောဂါပိုးကူးစက်နိုင်သလားဆိုတဲ့ ကိစ္စပါ။ ခုန ကျွန်တော်ပြောသလို စက္ကူအပေါ်မှာ တော့ သူက ၄ ရက် / ၅ ရက်နေသော်လည်း ယနေ့အချိန်အထိ ငွေစက္ကူကကူးတဲ့ လူနာမတွေ့ရှိသေးပါဘူး။ သို့သော် ဒီငွေစက္ကူတွေကို ကိုင်ပြီးတိုင်း လက်ဆေးမယ် ဆိုရင်တော့  ကူးစက်မှု အခွင့်အရေးက မရှိသလောက်ကို ဖြစ်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ခုနက ဆရာကြီးဦးညွန့်သိန်းလည်း ပြောသွားပါတယ်။ ကာကွယ်ဆေးတွေကိစ္စ၊ ကုသဆေးတွေကိစ္စသည် ယနေ့အချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အခြားနိုင်ငံ အသီးသီးက လိုင်စင်ရပြီးသား ကာကွယ်ဆေး၊ လိုင်စင်ရပြီးသား ကုသဆေး မပေါ်သေးပါဘူး။ သို့သော် ဒီရောဂါကို တတ်နိုင်သရွေ့ ကုသမှုအတွက် အသုံးဝင်မယ့်ဆေးအချို့ကိုတော့ လက်ရှိအားလုံးရဲ့ ခွင့်ပြုချက်နဲ့ သုံးစွဲနေတာဖြစ်ပါတယ်။
နောက် ငရုတ်ကောင်းတို့၊ ကြက်သွန်ဖြူတို့သည် ကိုဗစ်ရောဂါကို ကာကွယ်တယ်လို့လည်း ပြောကြ/ ဆိုကြပါတယ်။ တကယ်တော့ ရေလုံလုံလောက်လောက် သောက်ဖို့၊ Balance Diet လို့ခေါ်တဲ့ မျှတတဲ့၊ အာဟာရရှိတဲ့ အစာတွေ စားဖို့၊ ကောင်းကောင်း အိပ်ဖို့၊ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း‌တွေ လုပ်ဖို့သာလျှင် အရေးကြီးပါတယ်။ ခုနဆေးတွေ၊ အစားအစာတွေသည် ကိုဗစ်ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။
နောက်ပြီး အချို့ကတော့ မေးပါတယ်။ ယင်ကနေတစ်ဆင့်၊ ခြင်ကနေတစ်ဆင့် ရောဂါ ကူးစက်နိုင်သလားတဲ့ လုံးဝမကူးစက်နိုင်သေးပါဘူး။ ယနေ့တွေ့ရှိချက်အထိတော့ ယင်က၊ ခြင်ကကူးတဲ့ ကိုဗစ်ရောဂါကို မတွေ့သေးပါဘူး။
နောက်တစ်ခုက ခန္ဓာကိုယ်ကို ပိုးသတ်ဆေးတွေ ဖျန်းတဲ့ကိစ္စပါ။ ဒါကိုလည်း အချို့နေရာတွေမှာ လုပ်နေတာတွေ တွေ့ရပါတယ်။ အချို့လည်း ဒါကို မေးထားပါတယ်။ တကယ်တမ်းတော့ ခန္ဓာကိုယ်မှာ ဖျန်းတာသည် လူကိုလည်း အဆိပ်ဖြစ်စေနိုင်သလို မျက်စိထဲကိုဝင်ရင်လည်း အန္တရာယ်ရှိပါတယ်။ အရေပြားယားယံမှုတွေကိုလည်း ဖြစ်စေနိုင်တဲ့အတွက် ခန္ဓာကိုယ်ကို ဖြန်းတာတော့ မလုပ်သင့်တဲ့ကိစ္စပါ။ အရာဝတ္တုပစ္စည်းတွေကိုတော့ ဖျန်းလို့ ရပါတယ် ဆိုတာကို ဖြေကြားလိုပါတယ်။
နောက်တစ်ခုက Direct Sunlight နေပူထဲမှာ တိုက်ရိုက်နေတာတို့၊ ၂၅ ဒီဂရီ စင်တီဂရိတ်ထက်ကျော်ရင် ဒီဗိုင်းရပ်စ်ပိုးက သေတယ်။ ဒါမှမဟုတ် အလွန်အေးတဲ့နေရာမှာလည်း ဗိုင်းရပ်စ်ပိုးက မနေနိုင်ဘူး စသည်ဖြင့် ပြောကြ၊ ဆိုကြတွေကလည်း အလွဲတွေပါ။ ဒါသည် မဟုတ်ပါဘူး။ သုတေသန တွေ့ရှိချက်တွေထဲမှာ ပူတဲ့၊ အေးတဲ့ နေရာတွေမှာလည်း ဒီဗိုင်းရပ်စ်ပိုးက ကူးစက်နိုင်ပါတယ်ဆိုတာ ဖြေကြားလိုပါတယ်။
နောက်တစ်ခုက ၁၀ စက္ကန့်လောက် အသက်ရှုအောင့်လိုက်လို့ ချောင်းမဆိုးဘူး၊ မအီမသာ မဖြစ်ဘူးဆိုရင် ဒီရောဂါပိုးမရှိဘူးလို့ အချို့ကလည်း ပြောနေတာလေးတွေ တွေ့ပါတယ်။ ဒါလည်း မဟုတ်ပါဘူး။ တကယ်ရောဂါပိုး ရှိ/မရှိကတော့ ဓါတ်ခွဲစစ်ဆေးမှသာ အဖြေမှန်ကို သိရှိရမှာဖြစ်ပါတယ်။
နောက်တစ်ခုက Hair Dryer တွေနဲ့ လက်ကို သန့်စင်တာသည် ကိုဗစ်ရောဂါပိုးကို သေနိုင်တယ်ဆိုတာလည်း မှားပါတယ်။ စနစ်တကျ စက္ကန့် ၂၀ လက်ဆေးတာသည်အထိ ရောက်ဆုံး နည်းလမ်းဖြစ်တယ်ဆိုတာကို ဖြေကြားလိုပါတယ်။
နောက်တစ်ခုက UV Lamp တွေ၊ ခရမ်းလွန်ရောင်ခြည် မီးအိမ်တွေ / မီးသီးတွေ ဒါတွေကို လက်တွေ၊ အရေပြားတွေကို ထိတွေ့ပေးတာသည် ထိရောက်သလားဆိုတာပါ။ ဒါလည်း ထိုနည်းလည်းကောင်းပါပဲ။ အန္တရာယ်ရှိပါတယ်။ မျက်စိကိုလည်း အန္တရာယ်ရှိနိုင်သလို အရေပြားကိုလည်း ယားယံမှုတွေ ဖြစ်နိုင်တဲ့အတွက် ဒါကိုလည်း မသုံးသင့်ပါဘူး။
နောက်တစ်ခုက နှာခေါင်းကို ဆားရည်နဲ့ ဆေးခြင်းအားဖြင့် ကိုဗစ်ရောဂါ မဖြစ်နိုင်ဘူး လို့ ပြောတာသည် ဒါလည်း မှားပါတယ်။ မလုပ်သင့်ပါဘူး။ နှာခေါင်းမှာ အခြားအန္တရာယ်တွေ ဝင်ရောက်လာနိုင်တာဖြစ်ပါတယ်။
နောက်တစ်ခုက သောက်ရေမှာ ရောဂါပိုးရှိတဲ့သူက အသက်ရှုထုတ်လိုက် တာပဲဖြစ်ဖြစ်၊ ချောင်းဆိုးလိုက်တာပဲဖြစ်ဖြစ်၊ စကားပြောလိုက်တာပဲဖြစ်ဖြစ် သောက်ရေထဲကိုကျသွားပြီး အဲဒီသောက်ရေက ကူးစက်နိုင်သလားဆိုတာ ယနေ့အချိန် အထိတော့ ကူးစက်နိုင်တာ မရှိသေးပါဘူး။ ကူးစက်မှုလည်း မတွေ့သေးပါဘူး။ ဒါတွေကို ကျွန်တော် ခြုံငုံဖြေကြား တာဖြစ်ပါတယ်။
အဲဒီမှာ  တစ်ခုတင်ပြလိုတာက ချင့်ချိန်ယုံကြဖို့ အရေးကြီးပါတယ်။ ဆိုရှယ် မီဒီယာကနေ လူတိုင်းက ကိုယ့်ရဲ့ အတွေ့အကြုံ ကိုသော်လည်းကောင်း၊ ကြားဖူးနားဝကိုသော်လည်းကောင်း အမျိုးစုံတော့ တင်နေကြမှာပါ။
သို့သော် ဒါတွေကို လိုက်ယုံပြီး လိုက်လုပ်ဖို့ မဟုတ်ပါဘူး။   အဓိက ပြောချင်ကတော့ ချင့်ချိန်ယုံဖို့နဲ့ တကယ့်တရားဝင် ထုတ်ပြန်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာ တရားဝင်ဌာနတွေကနေ ပညာပေးဆောင်ရွက် ချက်တွေ၊ ညွှန်ကြားချက်တွေ ဒါတွေ ကို တိတိကျကျ လိုက်နာဖို့ အရေးကြီးပါတယ်။ သတင်းအမှားတွေကို မယုံကြည်ကြဖို့  ဒီနေရာကနေ မေတ္တာရပ်ခံလိုပါတယ်။
ဒေါက်တာသာထွန်းကျော်။။   အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။ ဆက်လက်ပြီး ဆရာကြီး ဒေါက်တာညွန့်သိန်းကို မေးချင်တဲ့မေးခွန်းက ကိုဗစ်ပိုးကင်းစင်သူလူနာတွေ အနေနဲ့ လူကောင်းတစ်ယောက်လို ပြန်ဖြစ်နိုင်ပါသလား၊ နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေဖြစ် နိုင်ပါသလဲ ဆိုပြီးမေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။
ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်း။ ။   အဲဒီမေးခွန်းကို‌ ဖြေရမယ်ဆိုရင် နံပါတ် (၁) က ဖြစ်တဲ့ အသက်အရွယ်၊ နံပါတ် (၂) ကဖြစ်တဲ့ လူနာရဲ့ ကိုယ်ခံအား၊ နံပါတ် (၃) က အရင်က သူ့မှာ အခံရောဂါတွေရှိသလား၊ နံပါတ် (၄) က ဘယ်လောက် ပြင်းပြင်းထန်ထန်တွေ ဖြစ်ခဲ့သလဲ အဲဒီအပေါ်မှာမူတည်ပြီး ခုနပြောတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပေါ့နော်။ အချို့တွေကို လေ့လာထားတာတွေ ရှိပါတယ်။ Small Study လေးတွေပါ။
မြန်မာပြည်မှာ ကောင်းသွားတဲ့သူက ၅၀၀၀ ကျော်ပဲ ရှိပါသေးတယ်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ အဲဒီလို Small Study တွေ လုပ်ထားတာ၊ ပြောတောလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် Scientifically ဒါက ၁၀၀ ရာခိုင်နှုန်း ပြောလို့မရသေးပါဘူး။ လူငယ်လည်း ဖြစ်တယ်။ သိပ်လည်း မပြင်းထန်ဘူးဆိုရင် အများအားဖြင့် ရက်ပိုင်းအတွင်း ပြန်ကောင်းသွားတဲ့ သူတွေရှိပါတယ်။
တချို့မကောင်းတဲ့သူတွေက ဘယ်လောက်အထိဖြစ်သလဲဆိုရင် ၂ လ/ ၃ လအထိကို မကောင်းတာလေးတွေ ကျန်ပါတယ်။ အထူးသဖြင့် အနံ့ပျောက်တယ်။ အရသာပျောက်တယ်။ တစ်ပတ်/နှစ်ပတ်နဲ့ အရသာပြန်ရတယ်။ အချို့ဆိုရင် တစ်လတိတိ မကောင်းဘူး ပြောတာရှိပါတယ်။ နောက်တစ်ခုက မောတယ်။ မောတာက ဆက်မောနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အမော မခံနိုင်ဘူး။ အဲဒါမျိုးလေးတွေကတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရာခိုင်နှုန်း အတိအကျကတော့ Data တွေက မထွက်လာသေးပါဘူး။
နောက်ပြီး စဖြစ်တဲ့အချိန်တုန်းက ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တဲ့သူဆိုရင်တော့ နောက်ပိုင်း နောက်ဆက်တွဲ ပြဿနာပိုများမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုဗစ်မှာ နောက်ပိုင်း သိလာတဲ့ဇာတ်လမ်းက သွေးကြောတွေထဲမှာ သွေးတွေကျဲတယ်။ ဖြစ်ခဲ့တဲ့အချိန်တုန်းက သွေးခဲတာတွေ များခဲ့တဲ့သူက နှလုံးပြဿနာ၊ ဦးနှောက်အာရုံကြော ပြဿနာတွေ ဖြစ်တာကို တွေ့ရပါတယ်။
နောက်တစ်ခုက ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တဲ့သူတွေဆိုရင် ဆိုကြပါစို့ - ICU ထဲ ဝင်ခဲ့ရတယ်။ စက်တွေ တပ်ခဲ့ရတယ်ဆိုတဲ့ သူမျိုးတွေက ထွက်လာရင် ဆေးလောကမှာ PPSD ခေါ်တာပေါ့။ ပြင်းပြင်းထန်ထန် ခံစားရလို့ဖြစ်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ ကြုံရတဲ့သူတွေရှိပါတယ်။ ပူပန်မှုတွေရှိတယ်။ စိတ်ကျမှုတွေရှိတယ်။ တချို့ မှတ်ဉာဏ် ပျောက်သွားတာလေးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါလေးတွေက ဖြစ်တတ်တာပါ။ လူတိုင်းဖြစ်မယ်လို့ မဆိုလိုပါဘူး။ အတိအကျကတော့ တစ်နှစ်ကျော်လောက်မှ ထွက်လာလိမ့်မယ်လို့  ထင်ပါတယ်။
ဒေါက်တာသာထွန်းကျော်။ ။   နောက်ထပ် မေးထားတဲ့ မေးခွန်းတစ်ခုပါ။ နှစ်စဉ်ဖြစ် နေကျ တုပ်ကွေးရောဂါနဲ့ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပုံ၊ ကာကွယ်ကုသပုံ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေကို နှိုင်းယှဉ်ပြီး သိရှိလိုပါတယ်လို့ မေးထားပါတယ် ဆရာကြီး ခင်ဗျာ။
ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်း။ ။   ရာသီတုပ်ကွေးဆိုတာ ကမ္ဘာပေါ်မှာရှိတာ ရာစုနှစ်တစ်ခု ကျော်သွားပါပြီ။ ကိုဗစ်ကတော့ ဆယ်လသားလေးပဲ ရှိပါသေးတယ်။ သူတို့ နှစ်ခုတူတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရာသီတုပ်ကွေးက Influenza ဗိုင်းရပ်စ်၊ ကိုဗစ်က SARS – CoV - 2 သူတို့ နှစ်ယောက်ရဲ့ တူတဲ့အချက်က နှစ်ယောက် စလုံးသည် Droplets အမှုန်အမွှားက ကူးတယ်။ လက်ကနေ၊ အရာဝတ္တုကနေ ကူးတယ်။ အဲဒီနှစ်ခုသည် တူတဲ့အချက်ဖြစ်ပါတယ်။
သူတို့ မတူတဲ့အချက်လေးတွေ ရှိပါတယ်။ ရောဂါပျိုးချိန်က ရာသီတုပ်ကွေးက တစ်ရက်ကနေ ၄ ရက်အတွင်း ကူးတယ်။ ကိုဗစ်က ၂ ရက်မှ ၁၂ ရက်လောက်အတွင်းမှာ ကူးတယ်။ အဲဒီထက် ပိုကြောက်ဖို့ကောင်းတာက ကူးပွားမှုပြင်းထန်နှုန်းက ကိုဗစ်က လူတစ်ယောက်ကနေ ဘယ်နှစ်ယောက်ကို ကူးနိုင်သလဲဆိုတော့ ၁ ဒသမ ၃ မှ ၁ ဒသမ ၄ အထိ ကိန်းဂဏန်း အရ၊ ကိုဗစ်က စခါစက ၂ လို့ထင်ပါတယ်။ ယခု ၂ ဒသမ ၇ ကနေ ၃ လောက် အထိကို ဖြစ်နိုင်ပါတယ်။
တစ်ယောက်ကနေ ၃ ယောက်ကူးတယ်။ အဲဒီ ၃ ယောက်မှာ တစ်ယောက်ချင်းက ၃ ယောက်၊ ၃ ယောက်ကို ပြန်ကူးတယ်။ ကိုဗစ်က ပိုပြင်းတဲ့သဘောပါ။ ရာသီတုပ်ကွေးဆိုတာလည်း တစ်ချိန်တုန်းက ပြင်းခဲ့ပါတယ်။ ၁၉ ရာစုအစ ၁၉၁၈ ခုနစ်တုန်းက ကမ္ဘာမှာ ကပ်ရောဂါအနေနဲ့ စပိန်တုပ်ကွေးပေါ့လေ။ အဲဒီခေတ်အဲဒီအခါက တချို့ကလည်း သန်း ၁၀၀ လောက်အထိ သေဖူးတယ်လို့ပြောပါတယ်။ အဲဒီတုန်းကတော့ တကယ့်ကို ကြောက်စရာကြီး ဖြစ်ခဲ့ပါတယ်။
ရာသီတုပ်ကွေးနဲ့ ပတ်သက်လို့ကတော့ နံပါတ် (၁) ကာကွယ်ဆေးတွေ ပေါ်လာပြီ။ နံပါတ် (၂) က ကုသဆေးတွေလည်း ရှိနေပြီ။ ဒါကြောင့် ရာသီတုပ်ကွေးကတော့ ကိုယ်နဲ့ သိပ်မစိမ်းတော့ပါဘူး။ သိပ်မကြောက်ကြတော့ဘူး။ အန္တရာယ်ဖြစ်တဲ့ အုပ်စုကိုသာ ရှောင်ထားလိုက်မယ်ဆိုရင် သူရဲ့ သေဆုံးနှုန်းက ၀ ဒသမ ၁ ရာခိုင်နှုန်း ဆိုလိုတာက လူ ၁၀၀၀ မှာ တစ်ယောက်တောင် မသေတော့ပါဘူး။
ဆယ်လသားလေးပဲရှိသေးတဲ့ ကိုဗစ်ကတော့ ကမ္ဘာမှာ အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး မရသေးပါဘူး။ ကုသဆေး တရားဝင် သတ်မှတ်ထားတာ မရှိ‌သေးပါဘူး။ EUA ခေါ်တဲ့ Emergency Use Authorization နဲ့ သုံးနေတာလေးပဲ ရှိပါတယ်။
ဒေါက်တာသာထွန်းကျော်။။ ယခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ ဆရာကြီး ဦးဝင်းမြင့်နဲ့ ဆရာကြီးဦးညွန့်သိန်း နှစ်ယောက်စလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ဒီကနေ့ ဆွေးနွေးနေရင်းနဲ့  စိတ်ထဲမှာ ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ ဇွန်ပန်းရုံအနီးဆိုတဲ့ ကဗျာလေး ခေါင်းထဲရောက်လာပါတယ်။
အဲဒီကဗျာလေးရဲ့ နောက်ဆုံးစာကြောင်း နှစ်ကြောင်းလေးကို သတိရမိပါတယ်။  ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကို တိုက်ဖျက်နေကြရာမှာ ကဗျာထဲမှာပါတဲ့အတိုင်း လေးလံ၍ မရွေ့နိုင်ဘူးလား၊ ကူ၍ တွန်းပေးကြပါ။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ဆိုတဲ့ စကားအတိုင်း အားလုံးကူပြီးတော့ တွန်းပေးကြပါ။  အားလုံး ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်လို့ တိုက်တွန်းပြောကြားရင်းနဲ့ ဒီနေ့အမေးအဖြေ ကဏ္ဍကို ရပ်နားလိုက်ပါတယ်။
အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

ထက်လျှံ