Skip to main content

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်၌ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိ၊ လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်မှုများကို ထိရောက်စွာဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာနှင့်ပူးပေါင်း၍လည်း ဒုစရိုက်မှုနှိမ်နင်းရေးကိုတက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေး ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသားကိုင်တွယ် ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကျပ်ကျပ် စိစစ်ရှာဖွေဖော်ထုတ်ခြင်းများဆောင် ရွက်လျက်ရှိသည်။

ဖမ်းဆီးရမိ

ထိုသို့ ရှာဖွေဖော်ထုတ်ဖမ်းဆီး လျက်ရှိရာရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်း ကစားနှင့်ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရလုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန်ငှားရမ်းထားသည့် နေအိမ်တွင် အွန်လိုင်းလောင်းကစား တာဝန်ခံ မင်းကျော်နှင့် စကားပြန်၊ စာရင်းကိုင်ရီရီဖြိုးတို့ နှစ်ဦး အပါအဝင်အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း ၁၆ ဦး တရား မဝင်အွန်လိုင်းလောင်းကစား ပြုလုပ်ရာ၌အသုံးပြုသည့် laptop ၆၁ လုံး၊ Flat Desktop ၃၂၉ လုံး၊ System (CPU)အလုံး ၉၀၊ ဖုန်းမျိုးစုံ အလုံး ၉၀၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေး ပူးပေါင်းအဖွဲ့များက ဆက်လက်ရှာဖွေ ဖော်ထုတ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းတွင် အဆိုပါရပ်ကွက်အတွင်းနေထိုင်သည့် ထိုင်းနိုင်ငံသားအမျိုးသား ခုနစ်ဦးနှင့်မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၁၃ ဦးတို့အား ကွန်ပျူတာ အလုံး ၅၀၊ ဖုန်းမျိုးစုံ အလုံး ၃၀၀၊ ဘိန်းစာရွက်(အစို) တစ်ကီလိုခန့်စီပါ လေးထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် တစ်လီတာပါ ၁၀ ဘူးနှင့် ချောင်းဆိုး ပျောက်ဆေးရည်ပုလင်း ၃၀တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

သို့ဖြစ်၍ တာချီလိတ်မြို့နယ် ဆန်ဆိုင်း (က) ရပ်ကွက်အတွင်း ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှုအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်မှုများဖြစ်ကြသည့် ထိုင်းနိုင်ငံသား အမျိုးသားခုနစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၉ ဦးတို့နှင့်အတူ ကွန်ပျူတာမျိုးစုံအလုံး ၄၄၀၊ System (CPU) ၉၀၊ ဖုန်းမျိုးစုံ ၃၉၀၊ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး၊ ဘိန်းစာရွက် (အစို) တစ်ကီလိုခန့်စီပါ လေးထုပ်၊ဘိန်းစာ ရွက်ပြုတ်ရည် တစ်လီတာပါ ၁၀ ဘူး၊ ချောင်းဆိုး ပျောက်ဆေးရည် ပုလင်း ၃၀ နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်များအရ ထိုင်းနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံတာချီလိတ်မြို့သို့ အလည်အပတ်နှင့် အလုပ်လုပ်ကိုင်ရန်အတွက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်လာခဲ့ရာမှ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်လုပ်ကိုင်ကြသူများက ဆက်သွယ်ခဲ့သဖြင့် ယခုကဲ့သို့ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အွန်လိုင်းဂိမ်းပိုင်ရှင်ဖြစ်သူ တစ်ဖက်နိုင်ငံချင်းမိုင်မြို့တွင် နေထိုင်သည့် ထိုင်းနိုင်ငံသားဝယ်ဆန်နှင့် ဇနီးဖြစ်သူရန်ကျူးအပါအဝင် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများကို စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်