နေပြည်တော် အောက်တိုဘာ ၄
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အနီးတစ်ဝိုက်ဒေသများ၊ အီဂျစ်နိုင်ငံနှင့် အရှေ့ အလယ်ပိုင်း ဒေသတို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၅) ဦးအား မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ပထမဦးဆုံး အကြိမ် အဖြစ် စီစဉ်သည့် Titan လေကြောင်းလိုင်း စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၇နာရီ ၃၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြသည်။
ထို့ပြင် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘော သား (၁၀၂) ဦး၊ ကျောင်းသား (၂)ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၂၉)ဦးအား မြန်မာ ကောင်စစ် ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ စီစဉ်သည့် China Airlines ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခွဲတွင် လည်းကောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)