Skip to main content

WCC အဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၃

အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်စီမံခန့်ခွဲရေး အစည်းအဝေးခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြများ နှင့်သင်တန်းသား WCC အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီးက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ကို အလုပ်ရှင်နှင့် အလုပ်သမားများအကြား အလုပ်လုပ်ကိုင်မှုအခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းရန်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့်  ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့်အညီ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း။

ယခုသင်တန်းတွင် ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများကို တာဝန်ခံအရာရှိများက ပို့ချပေးမည့်အပြင် ခုံသမာဓိကောင်စီဝင်များနှင့် ခုံသမာဓိအဖွဲ့ဝင်များက အငြင်းပွားမှုဖြေရှင်းရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးပို့ချပေးမည်ဖြစ်၍ WCC အဖွဲ့ဝင် သင်တန်းသားများ အလေးထားမှတ်သားရန်နှင့် WCC အဖွဲ့ဝင်များ စွမ်းဆောင်ရည် ပြည့်ဝမှသာ အလုပ်ရှင်၊ အလုပ်သမားများ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သောလုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်နိုင်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအားတိုးတက်စေမည်ဖြစ်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ် အိမ်ရာရှိ မြန်မာမော်တာကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက်တွင် မော်တော်ယာဉ် စက်ပြင်ကျွမ်းကျင်မှုအဆင့်(၁) အလုပ်အကိုင်အတွက် ဖြေဆိုသူ ၂၀ အား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုကို ကွင်းဆင်းကြည့်ရှုအားပေးပြီး  ဒုတိယဝန်ကြီးက ၂၀၁၄ ခုနှစ်မှ ယနေ့ထိ အလုပ်အကိုင် ၅၃ မျိုးအတွက် ဖြေဆိုသူ ၃၀၀၀၀ ကျော်ကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အစိုးရ၊ ပုဂ္ဂလိကသင်တန်းကျောင်းများပူးပေါင်း၍ ပြည်တွင်း/ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ကျွမ်းကျင်လုပ်သားများ တိုးမြှင့်မွေးထုတ်နိုင်ရန် အသိအမှတ်ပြု လုပ်ငန်းစဉ်များကို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်