Skip to main content

ဒီမိုကရေစီရှင်သန်ရေးကို မျက်ခြည်မပြတ်

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရန် အချိန်တစ်လကျော်ကျော်သာ ကျန်တော့သဖြင့် ပါတီအသီးသီးနှင့် ကိုယ်စားလှယ်အသီးသီး တို့က မဲဆွယ်စည်းရုံးကြရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန် ထားသော လူစုလူဝေးခြင်းဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အချို့ဒေသများ၌ လှုပ်ရှားနေကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အခြေခံခိုင်မာအားကောင်းလာရေးအတွက် ဒီမိုကရေစီ ရေသောက်မြစ် ပင်မပင်စည် အားကောင်းရှင်သန်လာစေရန် ကြိုးပမ်းဆောင်ရွက်သည့် နေရာတွင် ငါးနှစ်လျှင်တစ်ကြိမ် ပြည်သူများ၏ ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီးကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် လည်းကောင်း ကျင်းပမည့်ရွေးကောက်ပွဲဖြစ်၍ နိုင်ငံအတွက် အရေးကြီးသော လုပ်ငန်းဖြစ်သည်ကို လူတိုင်းနားလည်ကြသလို စိတ်ဝင်စားမှုလည်း ရှိကြပါသည်။ ယခု ၂၀၂၀ ပြည့် နှစ်တွင် မြန်မာနိုင်ငံအတွက် တတိယအကြိမ်မြောက် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကြီးသည် ယခင် ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ကြိမ်နှင့်မတူ တစ်မူထူးခြားနေပါသည်။

အရေးကြီးသော ရွေးကောက်ပွဲကြီးကို အရေးကြီးသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်တွင် ကျင်းပရသည်ဖြစ်၍ ယခင်နှင့်မတူ ထူးခြားသော လက္ခဏာအသွင်သဏ္ဌာန်များဖြင့် ကျင်းပရမည့် ရွေးကောက်ပွဲကြီး ဖြစ်နေပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်စဉ်ကြီးသည် မြန်မာပြည်သူ ပြည်သားများအားလုံးအတွက် ကျန်းမာရေးအရ အထူးအရေးအကြီးဆုံး ဖြစ်သလို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးသည်လည်း မြန်မာနိုင်ငံ၏အနာဂတ်၊ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာရေး ဖြစ်သည့်အတွက် အထူးအရေးကြီးပါသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရေး လုပ်ငန်းများသည် နိုင်ငံ၏အရေး၊ ပြည်သူ ပြည်သားအားလုံးတို့၏အရေး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသူနိုင်ငံသား အားလုံးတို့သည် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲကြီးနှင့် ပတ်သက်၍လည်းကောင်း ကိုယ်စီကိုယ်စီ တာဝန်ရှိ ကြပါသည်။ နိုင်ငံသားတစ်ဦးချင်းစီ၏ တာဝန်ကို ကိုယ်စီယူကြရမည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ၏ လက္ခဏာ၊ အသွင်သဏ္ဌာန်နှင့် ဖြစ်နိုင်ခြေအလားအလာတို့ကို ခန့်မှန်းမရနိုင်ပါ။ ခန့်မှန်းတွက် ချက်နိုင်ခြင်းလည်း မပြုနိုင်ပါ။ ထို့ကြောင့် မိမိတို့၏ မဖြစ်မနေပြုဖွယ် ကိစ္စတို့နှင့် နိုင်ငံအတွက် အရေးကြီးသည့် ရွေးကောက်ပွဲကိစ္စတို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက် ကြရမည်သာဖြစ်သည်။ ယခု ၂၀၂၀ ပြည့်နှစ်၌ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင် ကြုံတွေ့နေရစဉ်တွင် ကိုဗစ်-၁၉ ကို အန်တုကျော်လွှားကာ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပခဲ့သော နိုင်ငံများကို တွေ့ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ သည် အရေးကြီးသလို ရွေးကောက်ပွဲသည်လည်း အရေးကြီးသည်ကို လက်တွေ့လုပ်ဆောင် ပြနိုင်ခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပသည့်အခါ ပြည်သူများ ဘေးကင်း လုံခြုံ၊ ယုံကြည်မှု ရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး အစီအမံ များကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာတွင် ကိုဗစ်ကာလပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲပုံစံများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်နေသဖြင့် ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ကို ရင်ဆိုင်ကျော်လွှားကာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။

သို့ဖြစ်ရာ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ညီညွတ်ခြင်းဖြင့် ကျော်လွှားကြပါစို့။ ညီညွတ်ခြင်းဖြင့် အရာရာကို အောင်မြင်အောင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုပါသည်။ နိုင်ငံတော်အကြီးအကဲများ၊ ပြည်သူပြည်သားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ စသည့် နိုင်ငံသူနိုင်ငံသားများ အားလုံးတို့သည် တာဝန်ကိုယ်စီ၊ အသိကိုယ်စီဖြင့် အရေးကြီးပြီး သွေးစည်းကြမည် ဆိုသည့် ခံယူချက်ဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါ ကို လည်းကောင်း၊ အထွေထွေရွေးကောက် ပွဲကိုလည်းကောင်း အောင်မြင်စွာ ဖြတ်ကျော်ကာ ဒီမိုကရေစီရှင်သန်မှုနှင့်  ကိုဗစ်-၁၉ ရောဂါ ကင်းဝေးရေးကို မျက်ခြည်မပြတ် ဆက်စပ်ရှေးရှုဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း။