Skip to main content

အမျိုးသားအားကစားပွဲတော်ကျင်းပပေးခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်ကစားသမားတွေ အများကြီးထွက်ပေါ်လာလိမ့်မယ်။ အဲဒီထဲကမှ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အားကစားသမားကောင်းတွေကို စိတ်ကြိုက်ရွေးထုတ်လို့ရမှာ ဖြစ်ပါတယ်။ ဦးချစ်ကိုကိုလွင်

ပဉ္ဓမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

ဗိုလ်ကြီးသီဟန် အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်

အခုယှဉ်ပြိုင်တဲ့ အလေးမအားကစားနည်းကတော့ အမြန်မနဲ့နှစ်ဆင့်မပါ။ အမြန်မ၊ နှစ်ဆင့်မ နှစ်မျိုးလုံးပြိုင်ရတဲ့အတွက် နှစ်မျိုးလုံးဟာ နည်းစနစ်ပိုင်းအရေးကြီးပါတယ်။ လေ့ကျင့်မှုခြင်းတူရင်တောင်မှ နည်းစနစ်ပိုင်းသာတဲ့ကစားသမားက အနိုင်ရမှာဖြစ်ပါတယ်။ ပြိုင်သွားတဲ့ ပြိုင်ပွဲတိုင်းမှာ နည်းစနစ်မှန်မှန်နဲ့ ကစားသွားနိုင်ဖို့ဆိုရင် အကြိမ်ကြိမ်၊ အနှစ်နှစ်အလလ လေ့ကျင့်ပြီးတော့မှ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားပြိုင်ရတာပါ။ အလေးမအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာသွားပြိုင်မယ့်ကစားသမားတွေကို နည်းစနစ်မှန်မှန်ကန်ကန်နဲ့ဖြစ်အောင် လေ့ကျင့်ပေးပါတယ်။ ဒိုင်၊ နည်းပြသင်တန်း‌တွေမှာ အလေးမနည်းဘယ်နှစ်နည်းရှိတယ်။ နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုလေ့ကျင့်ရတယ်ဆိုတာကို အလေးမအဖွဲ့ချုပ်တင်မဟုတ်ဘဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကသိဖို့ အားကစားနဲ့ကာယပညာလေ့ကျင့်ရေးဦးစီးဌာနကရော၊ အဖွဲ့ချုပ်ကရော အပြည်ပြည်ဆိုင်ရာကချမှတ်ထားတဲ့ စည်းမျဉ်းတွေကို သင်တန်းမှာလည်း ပို့ချပေးပါတယ်။ မနှစ်ကရော၊ ဒီနှစ်ရော ပြိုင်ပွဲဝင်တွေရဲ့ စွမ်းရည်အများကြီး တိုးတက်တယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းက ကစားသမားတွေစုစည်းခဲ့တာဆိုတော့ ကစားသမားတွေအတွက် လေ့ကျင့်ချိန်ပိုရတယ်။ အဲဒါကြောင့် စံချိန်တွေမှာ တိုးတက်မှုရှိတယ်။ ပြိုင်ပွဲဝင်တွေရဲ့ နည်းစနစ်ပိုင်းဆိုင်ရာလည်း ပိုကောင်းလာတာတွေ့ရတယ်။ အမျိုးသားအားကစားပွဲတော်ကို နှစ်နှစ်တစ်ကြိမ်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပမယ်ဆိုရင် မျိုးဆက်သစ်တွေပိုထွက်လာမှာ ဖြစ်ပါတယ်။

မောင်ဝေယံပိုင် အမျိုးသားရေကူးပြိုင်ပွဲဝင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု

ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားရေကူးပြိုင်ပွဲမှာ မီတာ ၂၀၀ IM နဲ့ မီတာ ၁၀၀ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အခုပြိုင်ပွဲမတိုင်ခင်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာကျင်းပတဲ့ အရှေ့တောင်အာရှ ရေကူးပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဆုတံဆိပ်မရခဲ့ပေမယ့် ပြိုင်ပွဲဝင် အဆင့်ကတော့မြင့်ပါတယ်။ အခုလိုပြိုင်ပွဲဝင် ကစားသမားကောင်းတစ်ဦးဖြစ်ဖို့အတွက် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရပါတယ်။ ရေကူးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တစိုက်မတ်မတ် လေ့လာသင်ယူခဲ့တာကတော့ သုံးနှစ်လောက်ရှိပါပြီ။ ရေကူးအားကစားကို စတင်သင်ယူခဲ့တာက‌‌တော့ အသက်ခုနစ်နှစ်လောက်ကတည်းကပါ။ ပြိုင်ပွဲယှဉ်ပြိုင်တဲ့အချိန်မှာ သိပ်ပြီးစိတ်လှုပ်ရှားလို့မရဘူး။ စိတ်လှုပ်ရှားရင် ပြိုင်ပွဲမှာယှဉ်ပြိုင်ရတာအဆင်မပြေဘူး။ အခုလို အမျိုးသားအားကစားပွဲတော်ကြီးကို ကျင်းပပေးတဲ့ တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း လက်စွမ်းပြလို့ရတာပေါ့။ ပြိုင်ပွဲရှိမှလည်းလေ့ကျင့်ဖြစ်တာဖြစ်ပါတယ်။

ဦးထက်ဇော် ပိုက်ကျော်ခြင်းနည်းပြချုပ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကိုယ်စားပြု

စခန်းသွင်းလေ့ကျင့်ချိန်နည်းပေမယ့် ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ ပင်ကိုစွမ်းရည်ကြောင့် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းခဲ့တာဖြစ်ပါတယ်။ မန္တလေးရွှေမန်းတောင်ကွင်းမှာ ၁၅ ရက် စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ နေပြည်တော်မှာ ၁၅ ရက် လေ့ကျင့်တယ်။ စုစုပေါင်း ၂၅ ရက်နဲ့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာတွေခဲ့တဲ့ ကာကွယ်ရေးအသင်းက အတော်လေးကောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက ပြိုင်ပွဲဝင်တွေရဲ့ နိုင်လိုစိတ်ပြင်းထန်တာကြောင့်သာ အနိုင်ရရှိခဲ့တာပါ။ ကျွန်တော်တို့ ဟိုတယ်နှင့် ခရီးသွားလာရေးအသင်းက ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ အနိုင်ရရှိတာနည်းတယ်။ ပြိုင်ပွဲဝင်ကစားသမားတွေက စည်းစည်းလုံးလုံးလည်းရှိတယ်။ ကျွန်တော်တို့အသင်းရဲ့ အာသာချက်ကတော့ နိုင်လိုစိတ်ပြင်းထန်တာရယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာရယ်ကြောင့် ဒီရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းမှာလည်း နည်းပြအဖြစ်တာဝန်ယူခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပွဲစဉ်တွေပြီးမှ ဟိုတယ်နှင့်ခရီးသွားလာရေးအသင်းမှာ ပြန်လည်တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။ မန္တလေးအမျိုးသားပိုက်ကျော်ခြင်းအသင်းနဲ့အတူ ရွှေတစ်ခု၊ ကြေးတစ်ခုရရှိထားပါတယ်။ ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်တယ်ဆိုတာကတော့ ပွဲတွေများများကျင်းပပေးမှ ကစားသမားတွေ အလေ့အကျင့်မပျက်တာကြောင့်ဖြစ်ပါတယ်။ မဟုတ်ရင် ကျွန်တော့်ကစားသမားတွေက ပုံမှန်မလေ့ကျင့်ဖြစ်ဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစားပွဲနဲ့ အခုအမျိုးသားအားကစားပွဲတော်နဲ့က သိပ်မဝေးတော့၊ လေ့ကျင့်ယှဉ်ပြိုင်ရတဲ့ အတွေ့အကြုံဆက်တိုက်ရှိတော့ ပြိုင်ပွဲဝင်တွေအတွက် ပိုပြီးကောင်းပါတယ်။ မြန်မာ့လက်ရွေးစင်ကစားသမားတွေ များများထွက်ပေါ်လာမယ်။ အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ပိုက်ကျော်ခြင်းက နိမ့်ကျမှာမဟုတ်ပါဘူး။

မထက်ထက်ထွေး အမျိုးသမီးအလေးမပြိုင်ပွဲဝင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု

အခုလို တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသမီးအလေးမပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရတာ အများကြီးဝမ်းသာပါတယ်။ ၄၉ ကီလိုတန်းမှာ ရွှေတံဆိပ်ဆုရခဲ့တာပါ။ အလေးမအားကစားကို ဝါသနာပါလို့ အသက် ၁၃ နှစ်အရွယ်ကတည်းကလေ့လာသင်ယူခဲ့တာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်လုခဲ့ရတဲ့ နော်အယ်ကညောဂျော့နဲ့က မကြာခဏဆိုသလို ရင်ဆိုင်တွေ့ခဲ့သူဖြစ်ပါတယ်။ အမြဲတမ်းယှဉ်ပြိုင်ဘက်လို့တောင် ပြောလို့ရတယ်။ အရင်က တိုင်းဒေသကြီးအဆင့် ၂၀၁၉ ခုနှစ်မှာ တစ်ပွဲ၊ ၂၀၂၂ ခုနှစ်မှာ တစ်ပွဲ၊ ၂၀၂၃ ခုနှစ်မှာ တစ်ပွဲပြိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကတော့ ရွှေတစ်ခုနဲ့ အကောင်းဆုံးဆုတစ်ခုရခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ငွေတံဆိပ်ဆုပဲရခဲ့တာဖြစ်ပါတယ်။ အလေးမပြိုင်ပွဲဝင်နိုင်ဖို့ကတော့ တစ်နှစ်လောက်လေ့ကျင့်မှ ဝင်ပြိုင်နိုင်တာဖြစ်ပါတယ်။ တခြားပြိုင်ပွဲဝင် အားကစားသမားတွေက အလေးမကို ဝင်မပြိုင်နိုင်ကြဘူး။ အလေးမအားကစားသမားတွေကသာ တခြားအားကစားနည်းတွေကို ဝင်ပြိုင်ကြတာဖြစ်ပါတယ်။

ဦးချစ်ကိုကိုလွင် ဘော်လီဘောလက်ထောက်နည်းပြ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စားပြု

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဘော်လီဘောအသင်းကို အောက်တိုဘာ ၁ ရက်ကတည်းက စခန်းသွင်းလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ယှဉ်ပြိုင်ခဲ့တာကတော့ ဒုတိယအုပ်စုပတ်လည်ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းမှာ အသက် ၁၈၊ ၁၉ အရွယ်ကစားသမားတွေများပါတယ်။ ဒါပေမဲ့ ဘယ်အသင်းနဲ့တွေ့တွေ့ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အရင်ပွဲတွေမှာလည်း သုံးပွဲပြတ်တွေနဲ့ချည်း အနိုင်ရရှိခဲ့ပါတယ်။ ပြိုင်ဘက်အသင်းတွေကလည်း တော်တော်ကောင်းပါတယ်။ ကျွန်တော်တို့အသင်လည်း ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အမျိုးသားအားကစားပွဲ တော်ကျင်းပပေးခြင်းအားဖြင့် မျိုးဆက်သစ် လူငယ်ကစားသမားတွေအများကြီးထွက်ပေါ်လာလိမ့်မယ်။ အဲဒီထဲကမှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစားသမားကောင်း‌တွေကို စိတ်ကြိုက်ရွေးထုတ်လို့ရမှာ ဖြစ်ပါတယ်။ 

မောင်ပြည့်ဖြိုးအောင် ပြေးခုန်ပစ်အားကစားပြိုင်ပွဲဝင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု

အမျိုးသားမီတာ ၂၀၀ ပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက် နှစ်‌လလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်။ အရင်ကပြိုင်ပွဲဝင်အတွေ့အကြုံမရှိပေမယ့် အခုပြိုင်ပွဲမှာ အဆင့် ၄ ဝင်ခဲ့ပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ ပထမဆုံး ဝင်ပြိုင်တာဆိုတော့ စိတ်တော့လှုပ်ရှားတာပေါ့။ ဒါပေမဲ့ အခုလိုဝင်ပြိုင်လိုက်ရတော့ နောက်လာမယ့် ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့လည်း စိတ်ကူးထားပါတယ်။

ကိုအောင်နိုင်စိုး ဘိလိယက်ကစားသမား ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု

ဒီပြိုင်ပွဲဝင်ဖို့အတွက် အချိန်နှစ်လခွဲ သုံးလလောက်လေ့ကျင့်ပြီးမှ ဝင်ပြိုင်ဖြစ်တာပါ။ အခုဘိလိယက်/စနူကာ ပြိုင်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုကစားသမား ၁၁ ဦး ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ရွှေရှစ်ခုရအောင်ယူမယ်ဆိုပြီး အားခဲပြီးလာခဲ့တာဖြစ်ပါတယ်။ အခုလိုပွဲတွေပြုလုပ်ပေးခြင်းအားဖြင့် အမျိုးသားအားကစားပွဲတော်ကမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်ဖြစ်လာမယ်။ နိုင်ငံတကာပွဲတွေ ဝင်ပြိုင်ခွင့်တွေရရှိမှာဖြစ်ပါတယ်။ နှစ်စဉ်ဒီလိုပွဲတွေကို တစ်နှစ်တစ်ကြိမ်လောက် ယှဉ်ပြိုင်ရမယ်ဆိုရင်တော့ ကစားသမားတွေအတွက် အခွင့်အလမ်းတွေရှိမှာ ဖြစ်ပါတယ်။ ။

တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ

အလင်းသစ်၊ လင်းရာမ