Skip to main content

ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) ပြန်လည်ဖွင့်လှစ်

ဘားအံ ဧပြီ ၂

ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေး စင်္ကြံ (Greater Mekong Sub-region East-West Economic Corridor) လမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အဆိုပါလမ်းသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ တိုင်းရင်းသားပြည်သူများ၏ အဓိကအသက်သွေးကြောလမ်းမကြီးဖြစ်ပြီး ဘားအံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) ထိ ၁၆၅ ဒသမ ၃၆၀ ကီလိုမီတာရှည်လျားကာ အဆိုပါလမ်းကြောင်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင်မှု၊ လမ်းသားများတူးထုတ်ဖျက်ဆီး၍ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု၊ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများအား အကြမ်းဖက်နှောင့်ယှက်ဟန့်တားမှုတို့ကြောင့် အသုံးပြုသွားလာနိုင်ခြင်းမရှိခဲ့ဘဲ ယခုအခါ တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေကြသော အကြမ်းဖက်သောင်းကျန်းသူများကို ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှုပြန်လည်ရရှိခဲ့သည့်အတွက် ပျက်စီးသွားသော လမ်း/တံတားများအား ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေများဖြင့် ပြန်လည်ပြုပြင်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ဘားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးဖွင့်လှစ်ခဲ့ပြီး ယနေ့ညနေ ၄ နာရီအထိ စာရင်းများအရ ဘားအံမြို့မှ မြဝတီမြို့သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ်စီးကားများ စုစုပေါင်း ၂၂၃ စီးနှင့် မြဝတီမြို့မှ ဘားအံမြို့သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ်စီးကားများ စုစုပေါင်း ၃၃၂ စီး၊ ကားအစီးရေစုစုပေါင်း ၅၅၅ စီးတို့သည့် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ ဘားအံမြို့နှင့် မြဝတီမြို့တို့မှ ထွက်ခွာရောက်ရှိလာကြသော မော်တော်ယာဉ်များကို ကော့ကရိတ်မြို့နယ် တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်း၌ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်အစရှိသော ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်၍ အများပြည်သူစိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန် လွယ်ကူစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးကြသည်။

အလားတူ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်း) လမ်းပိုင်းကို အသုံးပြုသွားလာသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခတပ်ဦးကျောင်းတိုက်ဆရာတော် အမှူးပြုသော သံဃာတော်များက အာရှလမ်းထိပ်သင်္ဃန်းညီနောင်ကျေးရွာ၊ ဈေးကုန်းရပ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်၍ သင်္ဃန်းညီနောင်ကျေးရွာမှ ကော့ကရိတ်မြို့နယ် လှိုင်ဝကျေးရွာအထိ အာရှလမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြကြောင်း သတင်းရရှိသည်။