မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတို့၌ ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေသည့် ပြဿနာမှာ အဂတိလိုက်စားမှုပင်ဖြစ်သည်။ အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားတို့၏ ကိုယ်စိတ်နှစ်ပါးချမ်းသာရေးတို့ကို အဓိကနှောင့်ယှက်ဟန့်တားနေသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်ဆိုသည့်တိုင် လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုတို့ လုံးဝကင်းစင်အောင် အမြစ်ဖြတ်သုတ်သင်ရှင်းလင်းရန်နှင့် အချိန်ကာလတစ်ရပ်အတွင်း ဖယ်ရှားနိုင်ရန်မှာ လွန်စွာခဲယဉ်းမည်ဖြစ်ပြီး အောင်မြင်မှုရရှိရန်လည်း မျှော်လင့်နိုင်မည်မဟုတ်ဟုပင် ဆိုရမည်ဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ရေတို၊ ရေရှည်လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ရာတွင် အရေးပါသည့် အချက်တစ်ရပ်မှာ အဂတိလိုက်စားမှုကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ပြတ်ပြတ် သားသား ဆန့်ကျင်ကြရန်လိုသည်။ အဂတိလိုက်စားမှုအပေါ် သည်းခံခွင့်လွှတ်ခြင်း၊ နားလည်မှုပေးခြင်း၊ လျစ်လျူရှုခြင်းတို့ လုံးဝမပြုလုပ်ကြရန်လိုသည်။ ထို့ပြင် လူ့အဖွဲ့အစည်းတစ်ခု၏ တန်ဖိုးထားမှုအပေါ်တွင်မူတည်၍လည်း လူတို့၏အကျင့်စရိုက်များ ပြောင်းလဲဖြစ်ပေါ်လေ့ရှိရာ မိမိတို့လူ့အဖွဲ့အစည်းသည် ဥစ္စာဓနချမ်းသာကြွယ်ဝမှုနှင့် မည်သည့်နည်းနှင့် ချမ်းသာ ချမ်းသာ လူချမ်းသာကိုသာ အလေးထားဂုဏ်ပြုကြမည်ဆိုပါက လူ့အဖွဲ့အစည်းက လေးစားတန်ဖိုးထားခြင်းခံရသည့် အရာများကိုသာ လိုက်လုပ်ကြမည်ဖြစ်ပြီး တန်ဖိုးထားမခံရသည့် အရာများကို လျစ်လျူရှုလာကြမည်ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း ရိုးသားဖြောင့်မတ်မှန်ကန်ခြင်းနှင့် လူတော်လူကောင်းတို့အပေါ် လေးစားဂုဏ်ပြုခြင်းတို့လည်း လျော့ပါးလာကြမည်ဖြစ်သည်။
အဂတိလိုက်စားမှုအပေါ် လုံးဝသည်းခံခွင့်လွှတ်ခြင်းမပြုသည့် စိတ်ဓာတ်မျိုးရှိကြစေရန်အတွက် အဂတိလိုက်စားခြင်းသည် လွန်စွာဆိုးရွားသည့်ပြစ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ နေရာ တကာတွင်ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုသည် အန္တရာယ်ရှိသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ အဂတိလိုက်စားမှု ထူပြောသည့် လူမှုအဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုလျော့နည်းလာပြီး စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူ့ကျင့်ဝတ်တန်ဖိုးနှင့် တရားမျှတမှုကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ လူမှုပတ်ဝန်းကျင်တည်ငြိမ်မှုကို ပျက်စီးစေနိုင်သည့်အပြင် တရားဥပဒေစိုးမိုးမှုကိုလည်း ထိခိုက်စေကြောင်း၊ အဂတိလိုက်စားမှုသည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြောင်းအရာများအပေါ်တွင် လွှမ်းမိုးလာသည့်အခါ နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ပျက်ပြားစေနိုင်ကြောင်း သိရှိနားလည်ထားကြရန်လိုသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူ့အဖွဲ့အစည်းအတွင်း ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်သွားခြင်းဖြင့် ရေရှည်တွင် အဂတိလိုက်စားမှုများ လျော့နည်းပပျောက်သွားစေရန် ဆောင်ရွက်သွားရမည်ဖြစ်ရာ အဂတိလိုက်စားမှုသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားပျက်ပြားခြင်းဖြစ်ကြောင်း၊ ဂုဏ်သိက္ခာသိမ်ငယ်စေသည့် အပြုအမူဖြစ်ကြောင်းစသည်ဖြင့် ရှုမြင်ပြီး အဂတိလိုက်စားမှုပြုရန် ရှက်ရွံ့စေသည့် သင်ကြားမှုများဖြင့် လူငယ်များကို ပြုစုပျိုးထောင်လေ့ကျင့်သွားကြရန်လိုသည်။ မျက်မှောက်ကာလတွင် သမိုင်းတစ်လျှောက် လူငယ်မျိုးဆက်အင်အား အကြီးမားဆုံးကာလ ဖြစ်သည်။ ကမ္ဘာတစ်ဝန်း လူငယ်ဦးရေ ၁ ဒသမ ၉ ဘီလီယံ (ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်) ရှိနေပြီး ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိကြသည်။
အဂတိလိုက်စားမှုများသည် လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင်ရရှိမှု၊ ပြည်သူ့ရေးရာဝန်ဆောင်မှုများနှင့် အခွင့်အလမ်းများအပေါ်တွင် ဆိုးရွားသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ ကမ္ဘာတစ်ဝန်းရှိ လူငယ်များသည် ဉာဏ်ရည်တု၊ blockchain နှင့် ဆိုရှယ်မီဒီယာများကဲ့သို့သော ဆန်းသစ်သည့် နည်းပညာများကို အသုံးပြုခြင်းအပါအဝင် ဖြောင့်မတ်တည်ကြည်မှုနှင့် တရားမျှတမှုတို့ လွှမ်းခြုံသည့်အနာဂတ်ကို တည်ဆောက် ရာတွင် တစ်တပ်တစ်အား ပါဝင်လျက်ရှိရာ ယခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုနေ့၏ ဆောင်ပုဒ်နှင့်အညီ“ဖြောင့်မတ်တည်ကြည်သောအနာဂတ်ကို ဖော်ဆောင်ဖို့၊ အဂတိတိုက်ဖျက် လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့” ဟူ၍ တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။