နေပြည်တော် နိုဝင်ဘာ ၃၀
(၂၀၂၄) ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က ၂၀၃၀ ပြည့်နှစ်တွင် အိပ်ချ်အိုင် ဗွီပိုးကူးစက်မှုကင်းဝေးသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဌာန စိတ်သည်ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅)တွင်ပါရှိသည့် ဦးစားပေးနည်းဗျူဟာ(၅)ရပ်နှင့်အညီ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ အေအာတီဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိရာ အေအာတီဆေး ကုသခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပေးနိုင်မှုကြောင့် အိပ်ချ်အိုင်ဗွီပိုးရှိ လူနာများသည် သက်တမ်းစေ့နေလာနိုင်ပါကြောင်း။
သွားလာရခက်ခဲသော နေရာများမှ လူနာများအတွက်လည်း ဆေးပြတ်လပ်မှုမရှိအောင် ဆေးနှင့် ဆေးပစ္စည်းများ ရောက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အေအာတီဆေး သောက်သုံးနေသူများ၏ တစ်ဦးချင်း အချက်အလက်များ မှတ်တမ်းတင်ခြင်း၊ လစဉ်အစီရင်ခံစာများ ပေးပို့ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းစာရင်းများမှတ်တမ်းတင်ခြင်း၊ တွက်ချက်ခြင်းတို့ကို အီလက်ထရွန်နစ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုနှစ် “ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့” ဆောင်ပုဒ်ဖြစ်သည့် “Take the rights path” “အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့” ဆိုသည့်အတိုင်း အိပ်ချ်အိုင်ဗွီ ကာကွယ်ရေးလုပ်ငန်းများကို လက်လှမ်းမီရန် ခက်ခဲသော ဦးတည်အုပ်စုဝင်များ အပါအဝင် အိပ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်းသာတူညီမျှ လက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းတင်ဗီဒီယိုအားပြသခြင်း၊ တော်ဝင်ခရေအဖွဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌက အိပ်ချ်အိုင်ဗွီ ပိုးနှင့် နေထိုင်သူများကိုယ်စား အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်သူလူထုအခြေပြုကွန်ရက်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
၂၀၁၁ ခုနှစ်တွင် အိပ်ချ်အိုင်ဗွီ ပိုးရှိလူနာ လေးသောင်းခန့်ကိုသာ အေအာတီဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်အထိ ရရှိထားသော စာရင်းဇယားများအရ လူနာနှစ်သိန်းတစ်သောင်း ငါးထောင်ကျော်ထိ ကုသမှုပေးနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ငါးဆအထိ တိုးမြှင့်ကုသပေးနိုင်ကြောင်း၊ အိပ်ချ်အိုင်ဗွီကူးစက်ခံရမှုအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် အမြင့်ဆုံးဖြစ်ပွားခဲ့ပြီး အသစ်ကူးစက်မှု လူသုံးသောင်းနီးပါးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် လူတစ်သောင်းလေးရာကျော်ရှိရာ သုံးပုံတစ်ပုံခန့်အထိ ကျဆင်းလာကြောင်း သိရသည်။
သတင်းစဉ်