Skip to main content

ရိုးရာအမွေအနှစ် ဆေးပညာကိုထိန်းသိမ်း နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန်ကြိုးပမ်း

မြန်မာ့တိုင်းရင်းဆေးပညာသည် စာနှင့်ပေနှင့် သမိုင်းတင်နိုင်သည့် ခေတ်များ၌ပင် ပညာရပ်တစ်ခုအနေဖြင့် ပေါ်ပေါက်နေခဲ့ပြီး ခေတ်အဆက်ဆက်တွင် ထွန်းကားလာခဲ့သည်ဟု ယုံကြည်ကြသည်။ ခိုင်လုံသည့် မှတ်တမ်းတစ်ရပ်အနေဖြင့်မူ ပုဂံမြို့ ဝက်ကြီးအင်းအရပ်တွင် တွေ့ရှိရသော အင်းဝခေတ်ထိုးတက်နွယ်ကျောင်း ကျောက်စာတွင် အလှူရှင်တောင်တွင်းမင်းသီရိဇေယျသူရ ဇနီးမောင်နှံတို့လှူဒါန်းသည့် ပစ္စည်းများစာရင်းတွင် ဗုဒ္ဓပိဋကတ်တော်များနှင့်အတူ အာယုဗ္ဗေဒဆေးကျမ်းများစွာတို့ကို ပေးလှူခဲ့ကြောင်း ဆေးကျမ်းအမည်များနှင့်တကွ ဖော်ပြထားခြင်းဖြစ်သည်။ အင်းဝနရပတိမင်းလက်ထက်တွင် ထိုးခဲ့သည့် ထိုကျောက်စာသည် မြန်မာ့တိုင်းရင်းဆေးပညာသမိုင်းအတွက် အစောဆုံးအထောက်အထားဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာသည် ဒေသနာနယ၊ နတ္ခတ္တနယ၊ ဘေသဇ္ဇနယနှင့် ဝိဇ္ဇာဓရနယဟူသော နယကြီးလေးပါး၊ တစ်နည်းအားဖြင့် တိုင်းရင်းဆေးပညာစနစ်ကြီးလေးရပ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းရင်းဆေးသမားတော်ကြီးများမှာ အဆိုပါစနစ်ကြီးလေးရပ်အနက်မှ တစ်ရပ်ရပ်ကိုစွဲကိုင်၍ ကုသမှုပေးကြခြင်းဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီပြီး ဘုရင့်နန်းတော်တွင်းမှသည် ရပ်ရွာကျေးလက်များအထိ အားကိုးအားထားပြုခဲ့ကြရခြင်းဖြစ်သည့်အလျောက် အမျိုးသားအမွေအနှစ်တစ်ရပ်လည်းဖြစ်သည်။ ရှေးရာစုနှစ်ပေါင်းများစွာကပင် နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့တွင်ရှိခဲ့ကြသည့် တိုင်းရင်းဆေးဝါး၊ တိုင်းရင်းဆေးပညာတို့မှာ အတွေ့အကြုံအခြေပြုထားခြင်းဖြစ်ပြီး ခေတ်မီဆေးပညာများ တိုးတက်ထွန်းကားနေသည့် ယနေ့ခေတ်၌ပင် ဆက်လက်အသိအမှတ်ပြုထားရဆဲဖြစ်သည်ကိုလည်း တွေ့ရသည်။ သဘာဝတိုင်းရင်းဆေးများဖြင့်ကုသသည့် တိုင်းရင်းဆေးကုထုံးများကို ဆက်လက်၍ အားကိုးအားထားပြုသုံးစွဲနေကြရဆဲဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာ၊ မြန်မာ့တိုင်းရင်းဆေးဝါးနှင့် မြန်မာတိုင်းရင်းဆေးသမားတော်များသည်လည်း တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍတွင် အရေးပါသည့်အခန်းကဏ္ဍ၌ ခေတ်နှင့်အညီ ဆက်လက်ပါဝင်လျက်ရှိသည်။

ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ်နိုင်ငံတစ်ဝန်းရှိ မြန်မာတိုင်းရင်းဆေးသမားတော်များ၊ နှီးနွှယ်ပညာရှင်များ ပါဝင်တက်ရောက်ဆွေးနွေးညှိနှိုင်းပညာဖလှယ်ကြသည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲမှာ ယခုနှစ်တွင် (၂၃) ကြိမ်မြောက်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါညီလာခံနှင့် နှီးနှောဖလှယ်ပွဲများက မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆက်စပ်နေသည့် ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ်တော်ကြီးများ တွေ့ဆုံဆွေးနွေးပေါင်းစပ်ဖလှယ်နိုင်ခြင်းဖြစ်ရာ မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရလဒ်ကောင်းများကို ဖြစ်ထွန်းစေသည်။ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည့် တိုင်းရင်းဆေးပညာဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပိုမိုအလုပ်အကျွေးပြုနိုင်မည်ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာတွင် အာယုဗ္ဗေဒဆေးကျမ်း၊ ဂန္ဓာလရာဇ်ဆေးကျမ်းကဲ့သို့သော အိမ်နီးချင်းနိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်များလည်း ပေါင်းစည်းပါဝင်လျက်ရှိရာ ယခုအခါ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများအဖြစ် ခေတ်မီတိုးတက်လာပြီဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ၎င်းတို့၏ ရိုးရာတိုင်းရင်းဆေးပညာများပါ လိုက်ပါတိုးတက်လာနေသည်ကို မျက်ခြည်မပြတ်ကြရန်လိုသည်။ မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများ၊ ဆေးကျမ်းများ၊ ဆေးဝါးများကို ရိုးရာအမွေအနှစ်အဖြစ် မပျောက်မပျက်အောင် ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ၊ ကုသနည်းကုထုံးများ ပေါ်ထွက်လာစေရေးအတွက်လည်း တိုင်းရင်းဆေးလောကသားအားလုံးက အစွမ်းရှိသမျှ ကြိုးပမ်းအားထုတ်ကြရပါမည့်အကြောင်း။   ။