Skip to main content

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီနှင့် UNICEF တို့ ညှိနှိုင်း

နေပြည်တော် စက်တင်ဘာ ၂၁

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး လုပ်ငန်းကော်မတီနှင့် UNICEF တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက Video Conferencing ဖြင့် ကျင်းပ သည်။

အစည်းအဝေးသို့ လုပ်ငန်း ကော်မတီ၊ အတွင်းရေးမှူး၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင် ထွန်း နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း တို့မှ လုပ်ငန်းကော်မတီဝင်များနှင့် UNICEF (Myanmar) မှ Ms. Noriko Izumi (Chief of Child Protection) နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် သေကျေထိခိုက် ဒဏ်ရာ ရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီး နိုင်ရေး အမျိုးသား အဆင့် လုပ်ငန်း စီမံချက် (၂၀၂၀-၂၀၂၁) အား အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အသိ ပညာပေးမှုအပိုင်း၌ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့ လက်မှတ် ရေးထိုးထားသော Multi-Year Work Plan (2020-2021) ပါ လုပ်ငန်းစဉ်မှ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေကို အများပြည်သူသိရှိ နိုင်ရေးလုပ်ငန်းစဉ်ပါ သဘောတူညီ ချက်အတိုင်း ဆက်လက်ဆောင်ရွက် နိုင်ရေးကိစ္စရပ်များ ဆွေးနွေးကြ သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ (၂၀၀၅) နှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များ အရ သတ်မှတ်ထားသော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု ခြောက်ရပ် (Six Grave Violations) ဖြစ်သည့် ကလေးသူငယ်များအား သေကျေထိခိုက် ဒဏ်ရာရစေခြင်း၊ အရွယ်မရောက် သေးသူများအား လက်နက်ကိုင် အဖွဲ့များသို့ စုဆောင်း ခြင်း၊ ကျောင်းနှင့်ဆေးရုံများအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူး လွန်ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းနှင့် ကလေးသူငယ်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပိတ်ပင်ခြင်းတို့မှ ကာကွယ် တားဆီးရန်အတွက် ရည်ရွယ်ပြီး “လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ”ကို နိုင်ငံတော် အစိုးရမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက် တွင်ဖွဲ့စည်းပေးခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် သေကျေထိခိုက်ဒဏ်ရာရ စေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီး နိုင်ရေး အမျိုးသားအဆင့်လုပ်ငန်း စီမံချက် (၂၀၂၀-၂၀၂၁) ရေးဆွဲခဲ့ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၀ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ အဆိုပါ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကို ဆောင်ရွက်ခွင့်ပြုခဲ့ ကြောင်း သိရသည်။

သတင်းစဉ်