Skip to main content

အပြုသဘောဆောင်ရွက်ခြင်းဖြင့် ကောင်းကျိုးရလဒ်များဆောင်ကြဉ်း

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မကြာသေးမီက ကျင်းပခဲ့သည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၇) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့တွင်လည်းကောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်းကောင်း သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ပြုလုပ်ခဲ့သည်။

လူ့အခွင့်အရေးကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအပေါ်ဦးတည်သည့် ယန္တရားများ၏ အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးပွဲစုစုပေါင်း (၆)ကြိမ်ပြုလုပ်ခဲ့ရာ ယင်းဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့မျှအကျိုးမပြုသည့်အပြင် နိုင်ငံများအားလုံးကိုကိုယ်စားပြုသည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ တန်ဖိုးရှိသောအချိန်များနှင့် အရင်းအမြစ်များကို အကျိုးမဲ့အလဟဿအဖြစ် ကုန်ဆုံးမှုဖြစ်စေခဲ့သည်။ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံများအကြား တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ထားခြင်းမရှိသည့်အပြင် နိုင်ငံတစ်နိုင်ငံတည်းအပေါ်ဦးတည်လျက် နိုင်ငံရေးသွတ်သွင်းထားသော ဆုံးဖြတ်ချက်အဆိုမှ ဆင်းသက်လာသည့် IIMM ယန္တရားအား မူလကတည်းကပင် မြန်မာနိုင်ငံ အနေဖြင့် အသိအမှတ်မပြုခဲ့ပေ။

လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း ဆွေးနွေးခဲ့သည့် IIMM ၏ အစီရင်ခံစာသည် တိကျခိုင်မာမှုမရှိသော အရင်းအမြစ်များအပေါ်အခြေခံ၍ ကောက်ချက်ချထားသည်ကိုတွေ့ရသည်။ ထို့အပြင် အဆိုပါယန္တရားသည် သက်တမ်းအကန့်အသတ်မရှိခြင်း၊ စိစစ်ကြပ်မတ်မှုမရှိခြင်း၊ ကုလသမဂ္ဂမှ ခွဲဝေချထားပေးသောငွေကြေးအပြင် ပြင်ပမှရရှိသော ရန်ပုံငွေများအပေါ် မှီခိုခြင်းတို့ကြောင့် ၎င်းကောင်စီ၏ အမှီအခိုကင်းမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့မှာ မေးခွန်းထုတ်စရာဖြစ်နေသလို ဝေဖန်ပြစ်တင်မှုများမှာလည်း ရေရာသေချာခိုင်မာမှုမရှိသောကြောင့် မည်သို့မျှ အသိအမှတ်မပြု လက်မခံခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာတွင် အတည်မပြုနိုင်သော အချက်အလက်များနှင့် အထင်အမြင်လွဲမှားစေသည့်အချက်များကိုအခြေခံသည့် စွပ်စွဲချက်များပါဝင်နေသဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းအကြားတွင်လည်း အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေသည်။ အစီရင်ခံစာတွင် အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ပြစ်တင်စွပ်စွဲချက်များ ပါဝင်သည်။ စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်မှစ၍ အကျဉ်းထောင်များသို့သွားရောက်ကာ အကျဉ်းထောင်များ၏ အခြေအနေနှင့်အကျဉ်းသားများထားရှိမှု အခြေအနေများကို စစ်ဆေးအကြံပြုလျက်ရှိသည်။ စိတ်ကျန်းမာရေးပြဿနာများကို ဖြေရှင်းရန်အတွက် စိတ်ကျန်းမာရေး မူဝါဒနှင့်မဟာဗျူဟာစီမံချက် (၂၀၂၁-၂၀၂၄) ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏အစီရင်ခံစာသည် မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များကို စိစစ်အတည်ပြုခြင်းမရှိသည့်အပြင် အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များအား ချန်လှပ်ထားသည်ကို တွေ့ရသည်။ အထူးသဖြင့် အစီရင်ခံစာတွင် PDF များနှင့် လက်နက်ကိုင်အဖွဲ့များ၊ AA ၏ အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြထားပြီး ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းများနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သော တပ်မတော်၏ တန်ပြန်တုံ့ပြန်ဆောင်ရွက်မှုများကိုမူ တစ်ဖက်စောင်းနင်း ဖော်ပြထားသည်ကိုတွေ့ရသည်။ ကုလသမဂ္ဂက ချမှတ်ထားသည့်မူဝါဒများနှင့်အညီ အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးခြင်းမပြုရန်နှင့် အစိုးရ၏အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းကိုပင် ပြန်လည်တိုက်တွန်းချင်ပါသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လူမျိုး၊ ဘာသာ၊ အရောင်အသွေးမခွဲခြားဘဲ အမှန်တကယ်လိုအပ်နေသူများအတွက် ဖြန့််ဝေပေးနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေးဆောင်ရွက် ပေးနိုင်သည့်ဒေသများအားလုံးတွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ခွင့်ပြုပေးလျက် ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့်ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှုများကို ရရှိနေပြီဖြစ်သဖြင့် အက်ကြောင်းထပ်နေသော ပုံစံတူယန္တရားများဖြင့် မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်မှုများကိုရပ်ဆိုင်းပြီး အပြုသဘောဆောင်သော ဆောင်ရွက်ချက်များဖြင့် ကောင်းကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်ရန် တိုက်တွန်း အပ်ပါကြောင်း။    ။