Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၅

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စာရင်းစစ်၊ စာရင်းကောက်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်နှင့် သစ်ဝင်တိုင်းကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်နှင့် မင်္ဂလာဒီပရပ်ကွက်တို့သို့ သွားရောက်ပြီး ရပ်ကွက်/ ကျေးရွာကောက်ကွက်များအလိုက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက တစ်အိမ်တက်ဆင်း လှည့်လည်ကာ Mobile Tablet များဖြင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ မေးမြန်းကောက်ယူနေမှုနှင့် ဒေသခံပြည်သူများ စိတ်ဝင်တစား ပြန်လည်ဖြေကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောက်ကွက်ပေါင်း ၂၆၅၆ ကွက်ကို စာရင်းစစ်၊ စာရင်းကောက် ၁၃၁၇ ဦးက တက်ညီလက်ညီဖြင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများကို Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်