နေပြည်တော် အောက်တိုဘာ ၅
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်သွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A) တွင် ကကွက်ပြိုင်ပွဲ၊ ဝိတ်တန်းအလိုက်အတိုက်ပြိုင်ပွဲကို အသီးသီးယှဉ်ပြိုင်ကစားပြီး အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်တိုက်ကွမ်ဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့ပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (B) တွင် အမျိုးသားကွာတားအဆင့် ပတ်လည်ပွဲစဉ်များကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (C) ၌လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားရုံ၌လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
အဆိုပါအားကစားပြိုင်ပွဲများကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။