နေပြည်တော် အောက်တိုဘာ ၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အပါအဝင် မြို့နယ် ၁၅ မြို့နယ်တို့၌ စာသင်ကျောင်းများ အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း၊ အဘိတ်ဆေးများ ခတ်ပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ စာသင်ကျောင်းများပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းဆောင်ရွက်ပေးကြသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံနှင့် လှည်းကူးမြို့နယ်၊ ဒါးပိန်တိုက်နယ်ဆေးရုံတို့၌ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ဆေးရုံဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။