ညောင်ရွှေ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်နေရာများသို့ စက်လှေဖြင့် ကြည့်ရှုစစ်ဆေးပြီး ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့် ပြည်သူများအား ပြည်သူ့ဆေးရုံများမှအရေးပေါ် ဆေးအဖွဲ့များနှင့် မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်းမှ အထူးကုဆေးအဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ညောင်ရွှေမြို့နယ် မြို့မရန်ကုန် ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံပြီး သဘာဝပတ်ဝန်း ကျင်ပျက်စီးမှုနှင့်ရာသီဥတု ဖောက်ပြန်မှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ရိုးဖြစ်စဉ်ထက် ကျော်လွန်သော သဘာဝဘေးများ ဖြစ်ပွားလျက်ရှိကြောင်း၊ အင်းလေးဒေသတွင် လွန်ခဲ့သောနှစ် ၃၀ အတွင်း မကြုံဖူးသော ရေကြီးရေလျှံမှုကို ကြုံတွေ့တုံ့ပြန်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရေဘေးသင့်ပြည်သူများအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ရေဘေးရှောင်စခန်းများတွင်နေထိုင်စဉ် ကျန်းမာရေးနှင့်အညီ ပူပူနွေးနွေးချက်ပြုတ်စားသောက်နိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ စသည့်အခြေခံစားသောက် ကုန်များထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ရေဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် နေအိမ်ပျက်စီးဆုံးရှုံးသူများကို ဖြစ်ပေါ်ခံစားရမှုအပေါ်မူတည်၍ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ရေဘေးရှောင်စခန်းမှ နေရပ်ပြန်ချိန်တွင် အသုံးပြုနိုင်ရန်အတွက် ဆန်ရိက္ခာဖိုးနှင့် လူသုံးကုန်ပစ္စည်း များလည်း ယခုတစ်ပါတည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ရေပြန်လည်ကျချိန်တွင် အင်းလေး ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထောက်ပံ့သည့် အရေးပေါ်ကျန်းမာရေး ဆေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ကလေးငယ်များအတွက် မုန့်များ ပေးဝေသည်။
စက်တင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ယာယီရေဘေးရှောင် စခန်းများတွင် ရောက်ရှိနေထိုင်သည့် အိမ်ထောင်စု ၂၃၂ စုနှင့် လူဦးရေ ၉၆၄၉ ဦးအတွက်ဆန်ရိက္ခာဖိုးငွေကျပ် ၄၀၅၂၅၈၀၀၊ အိမ်ထောင်စု ၂၃၂ စုအတွက် ငွေကျပ် ၂၄၉၈၁၂၉၆ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ စုစုပေါင်း ငွေကျပ် ၆၅၅၀၇၀၉၆ ကျပ် ထောက်ပံ့ခဲ့ကြောင်းနှင့် ထောက်ပံ့ရန် လိုအပ်နေသူများကို ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်