နေပြည်တော် ဧပြီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသဖြစ်သည့် တုံဂပူရီ(သို့မဟုတ်) ခေမာရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စုများ၏ (၆၁၅)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်ခြင်းနှင့် ပို့ဆောင်ပွဲကို ဧပြီ ၁၃ ရက်နှင့် ယနေ့တို့တွင် ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မဟာခနန်ပန်းခြံ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များ ဒေသခံ ရှမ်း၊ လွယ်လ၊ အာခါ၊ လားဟူလူမျိုးများ တက်ရောက်ကြသည်။
ဦးစွာ “နန္ဒဘေးရီ” အမည်ရှိ စည်တော်အား စင်ပေါ်သို့ တင်ဆောင်ရာတွင် တုံဂပူရီ(သို့မဟုတ်) ခေမာရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စုယဉ်ကျေးမှု အဖွဲ့ဝင်များမှ “နှစ်သစ်မင်္ဂလာ” တေးသီချင်းဖြင့် သီဆို၍ ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အလှူငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ဂါရဝပြုပေးအပ်သည်။ ယင်းနောက် တာဝန်ရှိသူများက စည်တော်နှင့်စပ်လျဉ်း၍ ရိုးရာဓလေ့အမေးအဖြေများ ပြုလုပ်ကြပြီး စည်တော်အား စင်ပေါ်သို့ တင်မြှောက်ကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စည်တော်အား(၇)ချက်စီ တီး၍ ဆုမွန်ကောင်းတောင်းခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်း ဆောင်ရွက်ပြီး ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားများနှင့်အတူ စည်တော်အား မဟာခနန်ပန်းခြံမှ ကျိုင်းတုံမြို့ နမ့်ခင်ရေချောင်းသို့ ပို့ဆောင်ကြသည်။
ယခုပွဲတော်အား ကျိုင်းတုံမြို့နယ်၊ တုံဂပူရီ(သို့မဟုတ်)ခေမရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စုတို့၏ ဘိုးစဉ်ဘောင်ဆက်ဓလေ့ထုံးစံအရ ဘေးအန္တရာယ်ဟူသမျှ ကင်းစင်ပပျောက်စေခြင်း၊ ပြည်သူပြည်သားများ ကြံ့ခိုင်ကျန်းမာစေခြင်းနှင့် မိုးရေရွာသွန်းမှုပုံမှန်ရရှိစေပြီး ဆန်ရေစပါးပေါကြွယ်ဝစေခြင်းတို့အတွက် ရည်ရွယ်ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
