Skip to main content

ကျန်းမာရေးဝန်ကြီးဌာနမှ စက်မှုဝန်ကြီးဌာနသို့ မှာယူထားသည့်ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများနှင့် ပရိဘောဂများ ထုတ်လုပ်မှုအခြေအနေများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၀

ကျန်းမာရေးဝန်ကြီးဌာနမှ စက်မှုဝန်ကြီးဌာနသို့ မှာယူထားသည့် ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများ၊ ပရိဘောဂများ ထုတ်လုပ်မှုအခြေအနေများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးရင်မောင်ညွန့်၊ ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများ၊ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆေးဝါးများအထူးကိစ္စအဖြစ် ရောင်းချပေး

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဌာနကြီးများ၏ အမှာစာများအရဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများနှင့် ပရိဘောဂများကို နှစ်စဉ်ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စက်မှုဝန်ကြီးဌာနသို့ အမှာစာများနှစ်စဉ်တိုးမြှင့် ဝယ်ယူလျက်ရှိပြီး ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် BPI ဆေးဝါးများအတွက် ကျပ် ၈၀ ဒသမ ၄၂၇ ဘီလီယံနှင့် ဆေးရုံသုံးပစ္စည်းနှင့် ပရိဘောဂများ အတွက် ကျပ် ၉ ဒသမ ၈၃၄ ဘီလီယံ စုစုပေါင်း ကျပ် ၉၀ ဘီလီယံခန့်ဖြစ်သည့်အတွက် ယခင်နှစ်များထက် များစွာပိုမိုလာသည်ကိုတွေ့ရှိရကြောင်း၊ ယခုလတ်တလောအခြေအနေတွင်ဖြစ်ပေါ်ခဲ့သည့် သဘာ‌ဝဘေးအန္တရာယ်များကြောင့် ရေဘေးသင့်ပြည်သူလူထုများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးများကို နယ်မြေဒေသစုံမှ လှူဒါန်းသူများနှင့် အစိုးရဌာနများမှ လှူဒါန်းမှုများအတွက် အထူးကိစ္စတစ်ရပ်အဖြစ် ရောင်းချပေးလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်ပေးနိုင်ရေးအတွက် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက စက်မှုဝန်ကြီးဌာနမှ ပြည်သူများ လိုအပ်သည့်အခြေခံဆေးဝါးများကို တိုးမြှင့်ဝယ်ယူ သွားမည်ဖြစ်သည့်အတွက် လိုအပ်သည့်ဆေးဝါး ကုန်ကြမ်းများကို ကြိုတင်ဝယ်ယူထားစေလိုကြောင်း၊ ယခင်မှာယူထားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကုသဆေးများ၊ ဓာတ်ဆားထုပ်များ၊ သွေးကြောသွင်းဆေးရည်များကို ဦးစားပေး ထုတ်လုပ်ပေးစေလို ကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဆေးဝါးများစွာလိုအပ်သဖြင့် မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုးကဲ့သို့သော ရောဂါများကုသသည့်ဆေးဝါးများကို တိုးမြှင့်ထုတ်လုပ်စေလိုကြောင်း၊ ဆေးရုံတစ်ခု၏ အဆင့်အတန်းမြင့်မားစေရေး၊ အမြင်တင့်တယ်မှုရှိစေရေးတို့အတွက် ဆေးရုံသုံးပရိဘောဂပစ္စည်းများကို အဆင့် မြှင့်တင်ဖြည့်ဆည်းပေးလျက်ရှိသဖြင့် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် အရည်အသွေးကောင်းမွန်သော ဆေးရုံသုံးပရိဘောဂပစ္စည်းများကို နှစ်စဉ်တိုးမြှင့် မှာယူလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှအသုံးပြုရန် လိုအပ်သည့်ဆေးဝါးများစာရင်းနှင့် ပရိဘောဂစာရင်းများကို အချိန်မီပြုစုပေးပို့သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

မှာယူထားသည့်ဆေးဝါးများပေးပို့ပြီးစီးမှုဆွေးနွေး

ယင်းနောက် အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မှာယူထားသည့်ဆေးရုံ သုံးပစ္စည်းများ၊ ပရိဘောဂများနှင့်ပတ်သက်၍ ထုတ်လုပ်ပြီးစီး၍ပေးပို့ရန် စီမံဆောင်ရွက်နေမှု၊ ထုတ်လုပ်ရန်ကျန်ရှိနေမှု၊ ထုတ်လုပ်နေမှုအခြေအနေများကို လည်းကောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မှာယူထားသည့် ဆေးဝါးများထုတ်လုပ်ပေးပို့ပြီးစီးမှု၊ ထုတ်လုပ်နေမှု၊ ထုတ်လုပ်ပေးရန်ကျန်ရှိနေသည့် ဆေးဝါးများထုတ်လုပ်ရန် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများနှင့် ပရိဘောဂများမှာယူထားမှု၊ ရရှိမှု၊ ရရှိရန်ကျန်ရှိမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်