နေပြည်တော် စက်တင်ဘာ ၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ Naypyitaw State Academy တို့ ပူးပေါင်း၍ ကျင်းပသည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Naypyitaw State Academy မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန်လိုအပ်ကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်းရှိကြကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ အဂတိလိုက်စားမှုကိုတွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်း လိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြီး Naypyitaw State Academy မှ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်