နေပြည်တော် စက်တင်ဘာ ၅
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနအင်ကြင်းခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများ၊ ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အမျိုးသားမြေဥပဒေကို ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်စေရေး၊ မြေစီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်းသော တည်ဆဲဥပဒေများကို လွှမ်းခြုံသက်ရောက်မှုရှိပြီး ဥပဒေအချင်းချင်း သဟဇာတဖြစ်စေရေးကို အလေးထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမျိုးသားမြေအသုံးချမှုကောင်စီက သတ်မှတ်ပေးထားသည့်ကာလ (Timeline) အတွင်း အမျိုးသားမြေဥပဒေမူကြမ်းကို ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြုနိုင်မည့် လက်တွေ့ကျသည့်မူဝါဒ၊ တရားမျှတမှုရှိသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုပုံစံများ ဖြစ်လာစေရန်အတွက် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသော လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး အဆိုပါဥပဒေများကို လွှမ်းခြုံသည့် သဟဇာတဖြစ်စေမည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးသည် အရေးကြီးဆုံး တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ အနာဂတ်တွင် စနစ်ကျ၍ ကောင်းမွန်သော မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရန် အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ ပီပြင်ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အမျိုးသားမြေဥပဒေကို လက်တွေ့ကျပြီး ပိုမိုထိရောက်စွာ ရေးဆွဲနိုင်ရေးအတွက် မြေယာစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရန် သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးက အမျိုးသားမြေဥပဒေမူကြမ်း၏ အခန်း(၉)မှ (၁၆) အထိ ကနဦးရေးသားထားမှုနှင့် အဖွဲ့ဝင်များ၏ အကြံပြုချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပဏာမမူကြမ်းအဖြစ် အတည်ပြုနိုင်ရေးအတွက် တက်ရောက်လာကြသူများက ကဏ္ဍအလိုက် အသေးစိတ်ဝိုင်းဝန်းဆွေးနွေးကြသည်။
အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့်ပတ်သက်၍ ဥပဒေမူကြမ်း၏ အခန်း(၁)မှ (၈) အထိကို ပြီးခဲ့သည့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး ပဏာမမူကြမ်းအဖြစ် အတည်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်