Skip to main content

တစ်မျိုးသားလုံးက မြှင့်တင်ကြရမည့် အမျိုးသားယဉ်ကျေးမှု

နည်းပညာခေတ်တွင် ကမ္ဘာကြီးသည် တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ကျဉ်းကျုံ့လာသည်။ ကမ္ဘာအရပ်ရပ်မှ လူတစ်ဦးနှင့် တစ်ဦးအကြား၊ လူ့အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုတို့အကြား၊ အပြန်အလှန်အတားအဆီးအကန့်အသတ်မရှိ ဆက်ဆံလာနိုင်ကြသည်။ ယင်းသို့သော အခြေအနေက အကောင်း‌ရော အဆိုးပါ ဖြစ်ပေါ်စေသည်။ မတူညီသောယဉ်ကျေးမှုနောက်ခံကိုယ်စီရှိကြသည့် လူအများကြား နားလည်မှုရရှိနိုင်သလို ပိုမို၍လည်း ကွဲပြားသွားနိုင်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းတွင် ကိုယ်ပိုင်ဝိသေသလက္ခဏာဆောင်သော ယဉ်ကျေးမှုကိုယ်စီတို့ ရှိကြသည်။ ကိုယ်ပိုင်ယဉ်ကျေးမှုများကပင်လျှင် မိမိတို့သည် မည်သည့်လူမျိုးများဖြစ်ကြောင်း ပြောကြားနေကြခြင်းဖြစ်သည်။ စင်စစ် “ယဉ်ကျေးမှု” ဟူသော ဝေါဟာရသည် လွန်စွာကျယ်ပြန့်သော အနက်အဓိပ္ပာယ်များ စုပေါင်းပါဝင်လျက်ရှိသကဲ့သို့ သဘော သဘာဝမှာလည်း ကျယ်ပြန့်လှသည်။ နေထိုင်ရာရေမြေသဘာဝများအလိုက် လူ့အဖွဲ့အစည်းများတွင် ဖြစ်ပေါ်သည့် ယဉ်ကျေးမှုတွင် စိတ်ပိုင်းရော ရုပ်ပိုင်းပါ ပါဝင်လျက်ရှိနေသည်။ လူတို့ မွေးသည်မှ သေသည်အထိ နိစ္စဓူဝကိစ္စများတွင် ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုများနှင့် ကင်းသည်ဟူ၍မရှိ။ သို့ဖြစ်ရာ လူ့အဖွဲ့အစည်းတို့ လှုပ်ရှားပြောင်းလဲနေသည့်နည်းတူ ယဉ်ကျေးမှုတို့ကလည်း လှုပ်ရှားပြောင်းလဲနေကြသည်။ ပြောင်းလဲသည်ဟုဆိုရာတွင် တိုးတက်ပြောင်းလဲခြင်းများရှိသကဲ့သို့ အချို့ပြောင်းလဲမှုများက ဆုတ်ယုတ်သွားခြင်းလည်းဖြစ်သည်။ ဂရုပြုရမည့်အချက်မှာ နိုင်ငံတိုင်းလူ့အဖွဲ့အစည်းတိုင်းက မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများကို မြှင့်တင်လျက်ရှိသကဲ့သို့ ကမ္ဘာအရပ်ရပ်သို့ပါ ပျံ့နှံ့အောင် ဖြန့်ချိနေကြခြင်းဖြစ်ပြီး အနာဂတ်ကမ္ဘာတွင် ယဉ်ကျေးမှုတို့က ပို၍အရေးပါလာကာ ကမ္ဘာကြီးကို ပုံဖော်သွားမည့်အရာများ ဖြစ်သည်ဟု ပညာရှင်တို့က ဆိုမိန့်နေကြခြင်းဖြစ်သည်။

မိမိတို့နိုင်ငံသည် ကိုယ်ပိုင်ယဉ်ကျေးမှုအဆင့်အတန်း မြင့်မြင့်မားမားနှင့် ကြွယ်ပိုးကြွယ်ဝရှိသည့်နိုင်ငံဖြစ်သည်။ ဒြပ်ရှိ ဒြပ်မဲ့ ယဉ်‌ကျေးမှုအမွေအနှစ်တို့ အမြောက်အမြားပိုင်ဆိုင်ထားသည်။ အ‌ရှေ့တောင်အာရှတွင် အစောဆုံးမြို့ပြယဉ်ကျေးမှု တည်ထောင်ခဲ့သည့်နိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်မှုမှ ဆင်းသက်လာသည့် ယဉ်ကျေးမှုက နိုင်ငံသူနိုင်ငံသားတို့၏ နေ့စဉ်ဘဝများတွင် လွှမ်းမိုးနေသည်။ လှုပ်ရှားပြောင်းလဲနေသည့် ယဉ်ကျေးမှုတို့၏ သဘောသဘာဝအရ အဆို၊ အက၊ အရေး၊ အတီး၊ အမြင့်သဘင်၊ ဇာတ်သဘင်၊ စာဟော(ကွက်စိပ်) စသည့် အနုသုခုမပညာတို့မှာ ခေတ်ကာလ၏ တိုက်စားမှုအောက်တွင် တစ်စတစ်စမှေးမှိန်လာနေသည်။ ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည့်အလျောက် ပုံမှန်မဖော်မထုတ် မထိန်းမသိမ်းဘဲ မသိလိုက်ဘာသာပစ်ထားလိုက်ပါက နှစ်အနည်းငယ်အတွင်း မေ့လျော့ပျောက်ကွယ်သွားကြမည်မှာ သေချာသလောက်ဖြစ်သည်။

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို လာမည့်အောက်တိုဘာလ ၁၄ ရက်မှ ၂၃ ရက်အထိ နေပြည်တော်တွင် နိုင်ငံတော်အဆင့်ခမ်းခမ်းနားနား၊ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲကြီးသို့ တက်‌ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီး အဆင့်နှင့် ပြည်နယ်အဆင့်ပြိုင်ပွဲများကို ကျင်းပလျက်ရှိကြသည်။ အမျိုးသားယဉ်‌ကျေးမှုစရိုက်လက္ခဏာကို ထိန်းသိမ်းရေးသည် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်နှင့် အနှစ်သာရပင်ဖြစ်ပြီး အဆိုပါရည်ရွယ်ချက်နှင့် အနှစ်သာရတို့ ပီပြင်စွာပေါက်မြောက်အောင်မြင်စေရန် အလေးအနက်ဆောင်ရွက်ကြရမည်လည်းဖြစ်သည်။

ကျယ်ဝန်းနက်ရှိုင်းလှသည့် အမျိုးသားယဉ်ကျေးမှုနယ်ပယ်တွင် အဆို၊ အက၊ အ‌ရေး၊ အတီးသည် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လျက်ရှိပြီး အနုသုခုမပညာရပ်တို့ကို မျိုးဆက်သစ်များ၊ ပညာရှင်များက လက်ဆင့်ကမ်းထိန်းသိမ်းမြှင့်တင်ကြရ မည်ဖြစ်သကဲ့သို့ အမျိုးသားယဉ်ကျေးမှုတစ်ရပ်လုံးကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်ရေးတွင် မြန်မာနိုင်ငံသူ နိုင်ငံသားတစ်မျိုးသားလုံးက အမြတ်တနိုးအလေးထားဆောင်ရွက်ကြရပါမည့်အကြောင်း။ ။