နေပြည်တော် စက်တင်ဘာ ၅
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 21st ASEAN Chiefs Of Defence Forces Meeting (21st ACDFM) ကို ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ Latsavong Wanda Vista Hotel ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်တက်ရောက်ပြီး ဆက်စပ်အစည်းအဝေးများဖြစ်သည့် 14th ASEAN Military Operations Meeting (14th AMOM) သို့ တက်ရောက်လျက်ရှိသည့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (21st ASEAN Military Intelligence Meeting - 21st AMIM) သို့ တက်ရောက်လျက်ရှိသည့် ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဦးစွာ (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (21st ACDFM) ဥက္ကဋ္ဌ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone က တက်ရောက်လာကြသည့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးပြီး အဖွင့်မိန့်ခွန်းပြောကြားသည်။
ယင်းနောက် (၂၁) ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေး မှူးချုပ်များအစည်းအဝေး (21st ACDFM) ဥက္ကဋ္ဌ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Brigadier General Bouavanh Athanaxay နှင့် (၁၄)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (14th AMON) ဥက္ကဋ္ဌ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန၊ စစ်ဆင်ရေးဌာနအကြီးအကဲ Major General Kongthong Soukhavong တို့က အစည်းအဝေးရလဒ်များအား ဖတ်ကြားတင်ပြခဲ့ကြသည်။
၎င်းနောက် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံတပ်မတော်များမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်များက “အာဆီယံ- ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက်ခြင်း(ASEAN- Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။
မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက အာဆီယံ၏ အဓိကရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များကို တွန်းအားပေးမီးမောင်းထိုးပြနေသည့် “အာဆီယံ-ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက်ခြင်း (ASEAN-Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး အာဆီယံတပ်မတော်များ၏ ၂ နှစ်တာ လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၆) (Two Years Work Plan (2024-2026)) အား အတည်ပြုခြင်း၊ 21st ACDFM ၏ ပူးတွဲကြေညာချက် Joint Statement အား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပူးတွဲကြေငြာချက် Joint Statement ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနောက် 21st ASEAN Chiefs of Defence Forces Meeting (21st ACDFM) ဥက္ကဋ္ဌ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက အပိတ်မိန့်ခွန်းပြောကြားကာ (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (22nd ACDFM) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန်များနှင့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏ အလံ (ACDFM Flag) တို့ကို လွှဲပြောင်းပေးအပ်ခဲ့ကြပြီး အစည်းဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးသည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee၊ ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Nguyen Tan Cuong နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen တို့နှင့် သီးခြားစီ Bilateral Meeting များ တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက တည်ခင်းဧည့်ခံသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအထိမ်းအမှတ် ညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အလားတူ စက်တင်ဘာလ ၃ ရက်နေ့တွင် အဆိုပါဟိုတယ်၌ ပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 14th ASEAN Military Operations Meeting (14th AMOM) အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များကလည်းကောင်း၊ (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (21st ASEAN Military Intelligence Meeting- 21st AMIM) သို့ မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များကလည်းကောင်း အသီးသီးပါဝင်တက်ရောက်၍ အာဆီယံတပ်မတော်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်မြှင့်တင်ဆောင်ရွက်ရေး ကတိကဝတ်များအား ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။