Skip to main content

တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ငူ စက်တင်ဘာ ၁

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပသည်။

ရှေးဦးစွာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးမျိုးအောင်၊ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ကာ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်း အစီအစဥ်ကို အဆိုပါကျောင်းပင်လုံခန်းမ၌ ကျင်းပရာ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး “သုတဝေဖြာမျှဝေရာ၊ ပညာဘဏ်တိုက် စာကြည့်တိုက်” Video Clip ကို ပြသသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင်က အမှာစကားပြောကြားရာတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို အခြေခံ၍ ကျင်းပလျက်ရှိပြီး ကျောင်းသားလူငယ်များ နိုင်ငံ့အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊  စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာ အတွေးအခေါ်မြင့်မာရေး၊ ဗဟုသုတပြည့်စုံကြွယ်ဝရေးတို့အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင်က တောင်ငူမြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်များကို ပေးအပ်လှူဒါန်းရာ ခရိုင်ပညာရေးမှူး ဒေါက်တာ‌နော်ဥမ္မာထွန်းက လက်ခံရယူသည်။

ယင်းနောက် တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက “လူချွန်လူကောင်း” သီချင်း၊ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်း၊ အထက (၄)မှ ကျောင်းသူလေးများက “နွန်ဆွမ်ဆန်းဆီ” ရှမ်းသီချင်းနှင့် အထက (ကေတု) ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးတစ်ဦးက ရိုးရာခြင်း အလှခတ်ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာပြခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ဆေးရောင်ခြယ်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အာလူး‌ကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲ၊ ခွက်နင်းလမ်း‌လျှောက်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းကစားပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပင်လုံခန်းမ၌ စာရေးဆရာမဝတ်ရည်ခင်(ပဲခူး)က “စာပေမှရရှိသော အကျိုးကျေးဇူးများ” ခေါင်းစဥ်ဖြင့် စာပေဟောပြောပွဲကျင်းပပြီး ကျောင်းသားကျောင်းသူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ အ.ထ.က (၄)မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသူများက ပြန်လည်ဖျော်ဖြေသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးကျော်ဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းနှင့် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု (၁)၊ နှစ်သိမ့်ဆု (၂) ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး စာအုပ်များလှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)