Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို

နေပြည်တော် ဧပြီ ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုသည်။

အဆိုပါ သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး အောင်မြင်ပြီးမြောက်ခဲ့ခြင်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကြီးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်နိကာယဂဏာဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့အမှူးပြုသည့် သက်တော်ရှည် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ ပိဋကတ်တော်ဆောင် ဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံအသီးသီးမှ သံဃရာဇာဆရာတော်ကြီးများ အမှူးပြုသော ပြည်ပသံဃာတော်များ၊ ပိဋကတ်အကျော်အမော် ဆရာတော်ကြီးများ၊ ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင်ဆရာတော်သံဃာတော် အရှင်သူမြတ်များ စုံစုံညီညီ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားအစီအစဉ်ပထမပိုင်းကို စတင်ကျင်းပပြုလုပ်ရာ ပိဋကတ်သုံးပုံကို မင်္ဂလာဆင်ဖြူတော်ရတနာဖြင့် ပင့်ဆောင်၍ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြည်ညိုကြသည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲ

ထို့နောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတက မဟာမင်္ဂလာမော်ကွန်းကျောက်စာတော်ကို မင်္ဂလာစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က မော်ကွန်းကျောက်စာတော်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မင်္ဂလာဆင်ဖြူတော်ရတနာဖြင့် ပင့်ဆောင်လာသည့် ပိဋကတ်သုံးပုံကို လိုဏ်ဂူတော်အတွင်းသို့ ပင့်ဆောင်ချိန်၌ အတူတကွလိုက်ပါ၍ သတ်မှတ်နေရာအသီးသီး၌ နေရာယူကြပြီး ဆရာတော်သံဃာတော်ကြီးများ ကြွရောက်လာမှုအား ကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်သည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား

ယင်းနောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် လိုဏ်ဂူတော်ပတ်လည်ရှိ ခေါင်းလောင်း ၁၀၈ လုံးတို့ကို တစ်ပြိုင်နက် ၉ ချက်ထိုး၍ ပူဇော်ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်ကြီးများ၊ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆဋ္ဌသင်္ဂါယနာတင် သမိုင်းဝင်မှတ်တမ်းဗွီဒီယိုကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးက သာရဏီယကထာကို မြွက်ကြားတော်မူပြီး သီတဂူဆရာတော်ကြီးက သမ္မောဒနိယကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။

ထို့နောက် ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသနှင့် တိပိဋကဓရ ဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တပညာဝံသာဘိဝံသတို့က ဝိနယပိဋကတ်တော်ကို သင်္ဂါယနာအမေးအဖြေပြုလုပ်ပြီး သံဃာတော်အရှင်သူမြတ်တို့က စုပေါင်းသံပြိုင်ရွတ်ဆိုပူဇော်ကြသည်။

၎င်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားတင်ပြရာတွင် သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး အောင်မြင်ပြီးမြောက်ခဲ့ခြင်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကြီးသို့ ကြွရောက်တော်မူလာကြသော သက်တော်ရှည် နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ ပိဋကတ်တော်ဆောင်ဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံအသီးသီးမှ သံဃရာဇာဆရာတော်ကြီးများ၊ ပိဋကတ်အကျော်အမော် ဆရာတော်ကြီးများ၊ ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင်ဆရာတော် သံဃာတော်အရှင်သူမြတ်အပေါင်းတို့ကို စုံစုံညီညီ ကျန်းမာချမ်းသာ ဖူးမြော်ကြည်ညိုခွင့်ရပါသဖြင့် သဒ္ဓါယိုဖိတ် ကုသိုလ်စိတ်များ အတိုင်းမသိ ပွားများရပါကြောင်း၊ ထို့အပြင် တပည့်တော်တို့ နိုင်ငံတော်အစိုးရသစ်တာဝန်ယူချိန်တွင် ဤသို့သောအခမ်းအနားကြီးနှင့် ကြုံကြိုက်ရပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခွင့်ရရှိခြင်းနှင့် သံဃာ့ဝေယျာဝစ္စများ ဆောင်ရွက်ခွင့်ရရှိခြင်းတို့အတွက်လည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်မိသည်ကို ဦးစွာလျှောက်ထားအပ်ပါကြောင်း။

သင်္ဂါယနာတင်ခြင်းအဓိပ္ပာယ်မှာ ဗုဒ္ဓအဆုံးအမ တရားတော်များကို “အညီအညွတ် စုပေါင်းရွတ်ဆိုမှတ်တမ်းတင်ခြင်း” ဟု တပည့်တော်များ မှတ်သားထားမိပါကြောင်း၊ မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓအဖြစ်သို့ ရောက်ရှိပွင့်ထွန်းတော်မူသည်မှ မဟာပရိနိဗ္ဗာန်စံဝင်သည်အထိ ၄၅ ဝါ ကာလပတ်လုံး မြွက်ဟထုတ်ဖော်ဟောကြားတော်မူခဲ့သည့် တရားတော်များသည် သတ္တဝါတစ်ဦးတစ်ယောက်မှအစ သတ္တဝါအများတို့ နေထိုင်ရာလောကကြီး၌ ဓမ္မတရားထွန်းပရေး၊ အဓမ္မတရားများ ပယ်ရှားနိုင်ရေးအတွက်ဖြစ်ကြောင်း မှတ်သားမိပါကြောင်း။

ဗုဒ္ဓရှင်တော်မြတ် မြွက်ဟထုတ်ဖော်ဟောကြားခဲ့သော တရားတော်များသည် မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံရာကာလတွင်းပင် သာသနာတော်အတွင်းနေ ပုဂ္ဂိုလ်အချို့တို့၏ ထိပါးပုတ်ခတ်ခြင်းခံခဲ့ရပါကြောင်း၊ ထိုအခြေအနေကို သိမြင်တော်မူသော တပည့်ကြီးဖြစ်သည့် အရှင်မဟာကဿပမထေရ်မြတ်ကြီးက ဓမ္မသံဝေဂရတော်မူပြီး “ငါ့ရှင်တို့ မတရားအဓမ္မဝါဒ မထွန်းပမီ၊ တရားဓမ္မ တားမြစ်ပိတ်ပင်ခြင်းမခံရမီ၊ အဓမ္မဝါဒီပုဂ္ဂိုလ် အင်အားမကောင်းမီ၊ ဓမ္မဝါဒီပုဂ္ဂိုလ် အင်အားမနည်းမီ ဓမ္မဝိနယကို သင်္ဂါယနာတင်ကြကုန်စို့” ဟု တိုက်တွန်းနှိုးဆော်တော်မူခဲ့ပြီး ပထမသင်္ဂါယနာတင်ရန် မိန့်မြွက်တော်မူခဲ့သည်ကို လေ့လာမှတ်သားဖူးပါကြောင်း။

မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး ကျွတ်ထိုက်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို ၄၅ ဝါ ကာလပတ်လုံး ဟောဖော်ညွှန်ပြချေချွတ်တော်မူခဲ့ပါကြောင်း၊ ဘုရားရှင် သက်တော် ၈၀ အရွယ်တွင် မဟာပရိနိဗ္ဗာန် ပြုတော်မူပြီး သုံးလလေးရက်မြောက် ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မဂဓတိုင်း၊ ရာဇဂြိုဟ်မြို့၊ ဝေဘာရတောင်နံပါး၊ လိုဏ်ဂူတော်ကြီးအနီးတွင် အရှင်မဟာကဿပမထေရ်အမှူးရှိသော ရဟန္တာအရှင်မြတ်ငါးရာတို့ ပထမသင်္ဂါယနာ တင်တော်မူခဲ့သည်ကို မှတ်သားရပါကြောင်း။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ် ၁၀၀ အကြာတွင် အိန္ဒိယနိုင်ငံ၊ ဝေသာလီမြို့၊ ဝါလိကာရုံကျောင်းတိုက်ကြီး၌ အရှင်မဟာယသမထေရ်အမှူးရှိသော ရဟန္တာအရှင်မြတ် ၇၀၀ တို့ဖြင့် ဒုတိယသင်္ဂါယနာကို တင်တော်မူခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး ၂၃၅ နှစ်မြောက်တွင် အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်မြို့၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ၁၀၀၀ တို့ဖြင့် တတိယသင်္ဂါယနာကို တင်တော်မူခဲ့ကြောင်းနှင့် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ်ပေါင်း ၄၅၀ အကြာတွင် သီရိလင်္ကာနိုင်ငံ၊ မထုလ-မလယဇနပုဒ်၊ အာလောကလိုဏ်ဂူတော်ကြီး၌ အရှင်မဟာဓမ္မရက္ခိတမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ၅၀၀ တို့က စတုတ္ထသင်္ဂါယနာကို ပေထက်အက္ခရာ တင်ခဲ့ကြသည်ကို လေ့လာမှတ်သားရပါကြောင်း။

သာသနာတော်နှစ် ၂၄၁၅၊ ကောဇာသက္ကရာဇ် ၁၂၁၈ ခုနှစ်တွင် မိမိတို့ မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ ရွှေနန်းတော်ပြာသာဒ်ဦး မြေနန်းတော်ရှိ ဒက္ခိဏာရာမဘုရားကြီးတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဇာဂရာဘိဝံသမဟာထေရ်မြတ်အမှူးပြုသော သမ္မုတိသံဃာတော် ၂၄၀၀ တို့က မင်းတုန်းမင်းတရားကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့ကို ခံယူကာ ပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ကြပြီး ကျောက်ထက်အက္ခရာတင်ခဲ့ကြပါကြောင်း၊ နှစ်ပေါင်း ၂၀၀၀ ခန့်လွန်ပြီးမှ ဆောင်ရွက်နိုင်ခဲ့သော သင်္ဂါယနာဖြစ်သော်လည်း မြန်မာနိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း။

သာသနာတော်နှစ် ၂၄၉၈၊ ကောဇာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့မှစ၍ သာသနာတော်နှစ် ၂၅၀၀၊ ကောဇာ သက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိ မန္တလေးမြို့၊ မိုးကောင်းတိုက်၊ ညောင်ရမ်းဆရာတော်ကြီးအမှူးပြုသော သံဃာတော် ၂၅၀၀ တို့က ဆဋ္ဌသင်္ဂါယနာတင်တော်မူခဲ့သည်မှာ ယခုအခါ နှစ် (၇၀) ပြည့်မြောက်ပြီဖြစ်ပါကြောင်း။

ဆဋ္ဌသင်္ဂါယနာတင်တော်မူရာ ဤမြေမြတ်မဟာကမ္ဘာအေးကုန်းမြေကြီးသည် ယခင်က အင်းစိန်ခရိုင်၊ သမိုင်းမြို့နယ်၊ ရေကူးရွာမရပ်ကွက်အတွင်းရှိ ရာဘာခြံကြီးဖြစ်ပြီး စုစုပေါင်း မြေဧရိယာ ၁၆၈ ဒသမ ၁၅၇ ဧက ရှိပါကြောင်း၊ ထိုမြေပေါ်၌ ၁၉၅၀ ပြည့်နှစ်တွင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ၁၉၅၃ ခုနှစ်တွင် ယခုအခမ်းအနား ကျင်းပရာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးနှင့် ကျောင်းဆောင်ကြီး ၄ ဆောင်၊ သုံးထပ်ဆွမ်းစားဆောင်၊ မဟာသိမ်တော်ကြီး၊ ပိဋကတ်ပုံနှိပ်တိုက်၊ ဗုဒ္ဓသာသနာ့သံဃာ့ ဆေးရုံတို့ကို တည်ဆောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ပိဋကတ်တိုက်ကို တည်ဆောက်ခဲ့သည်ဟု သိရှိ ရပါကြောင်း။

ထိုသို့ ကြိုတင်ဆောင်ရွက်ဖွယ်လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင် ဖွင့်ပွဲအခမ်းအနားကို ၁၉၅၄ ခုနှစ်၊ မေလ (၁၈)ရက်နေ့မှ (၂၀) ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ညောင်ရမ်းဆရာတော်ကြီးက ဝန်ဆောင်အဖွဲ့ သံဃမဟာနာယကဥက္ကဋ္ဌ၊ ဗားကရာတောရဆရာတော်က အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆဋ္ဌသင်္ဂါယနာဒါယကာအဖြစ် နိုင်ငံတော်သမ္မတ ဒေါက်တာဦးဘဦး ဆဋ္ဌသင်္ဂါယနာ ပစ္စယာနုဂ္ဂဟအဖြစ် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ဥက္ကဋ္ဌ သူဌေးကြီး ဆာဦးသွင်တို့က ခံယူခဲ့ကြပါကြောင်း။

နိုင်ငံတော်သမ္မတ ဒေါက်တာဦးဘဦး၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ နိုင်ငံတော်ရှေ့နေချုပ် ဦးချန်ထွန်း၊ အမျိုးသားစီမံကိန်းနှင့်သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်း၊ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ဥက္ကဋ္ဌ ဆာဦးသွင်၊ ဒုတိယဥက္ကဋ္ဌ ဦးသိမ်းမောင်တို့က အခမ်းအနား တက်ရောက်ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ထောမနာစာတမ်းများ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါကြောင်း။

ထို့အပြင် ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို၊ အိန္ဒိယ၊ နီပေါ၊ ဂျပန်နှင့် ဗြိတိန်စသော နိုင်ငံများမှ ဘုရင်မင်းမြတ်များ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ တစ်ဦးချင်းကိုယ်စားလှယ်များ၊ ဗုဒ္ဓဘာသာဆိုင်ရာ ကိုယ်စားလှယ်များ၊ သံဃာ့ဂိုဏ်းအသီးသီးမှ ဂဏာဓိပတိ၊ ဂဏာစရိယ၊ ဂဏပါမောက္ခ၊ ဂဏနာယကပုဂ္ဂိုလ်များက သဝဏ်လွှာပေးပို့ခြင်း၊ အခမ်းအနားတက်ရောက်ခြင်း၊ သင်္ဂါယနာတင်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းများကို သိရှိရသဖြင့်လည်း လွန်စွာ ဝမ်းမြောက်မိပါကြောင်း။

ပိဋကတ်သုံးပုံပါဠိတော်ကို သင်္ဂါယနာတင်ရာတွင် ၁၉၅၄ ခုနှစ်၌ ပါဠိတော် ပထမသန္နိပါတ (စုပေါင်း၊ စုဝေး၊ စိစစ်၊ အတည်ပြုခြင်း) မှ ၁၉၅၆ ခုနှစ် ပဉ္စမသန္နိပါတ (စုပေါင်း၊ စုဝေး၊ စိစစ်၊ အတည်ပြုခြင်း) အထိ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပါကြောင်း။

ပါဠိတော်များကို သန္နိပါတ ၅ တန်ဖြင့် သင်္ဂါယနာတင်တော်မူပြီးနောက် အဋ္ဌကထာများကို ၁၉၅၆ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ သန္နိပါတ ၄ တန်ဖြင့်လည်းကောင်း၊ ဋီကာများကို ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ သန္နိပါတ ၂ တန်ဖြင့်လည်းကောင်း သင်္ဂါယနာဆက်လက်တင်တော်မူခဲ့သည်ဟု သိရှိရပါကြောင်း။

ထိုသို့ ဆဋ္ဌသင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သော မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၊ ဥတ္တရကုရုစသော ကျောင်းဆောင်ကြီး လေးဆောင်၊ မဟာသိမ်တော်ကြီး၊ သုံးထပ်ဆွမ်းစားကျောင်းဆောင်၊ ပိဋကတ်ပုံနှိပ်တိုက်၊ ပိဋကတ်ပြတိုက်၊ မဟာနာယကကျောင်းတော်ကြီးနှင့် ဝိဇယမင်္ဂလာဓမ္မသဘင်တို့ကို ယခုဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပခြင်းမပြုမီကြိုတင်၍ ရှေးမူမပျက်ပြင်ဆင်မွမ်းမံခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

ဆဋ္ဌသင်္ဂါယနာတင် ပါဠိတော်မူများကို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံ ဩဝါဒခံယူ၍ ရွှေသုဝဏ်ဆရာတော်ကြီး ဘဒ္ဒန္တသဒ္ဓိယ ဦးဆောင်သောအဖွဲ့က စီမံထားသော ပိဋကတ်သုံးပုံ ပါဠိတော်ကွန်ပျူတာမူ၊ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ ဦးဆောင်သောအဖွဲ့က စီမံထားသော ပိဋကတ်သုံးပုံပါဠိတော်၊ ရိုမန်အက္ခရာမူတို့ဖြင့် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း၌ ကျောက်စာရေးထိုး ထွင်းထုပူဇော်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ထွင်းထုပူဇော်ရာတွင် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကတို့ကို မြန်မာ၊ ပါဠိ၊ ရိုမန်အက္ခရာတို့ဖြင့် ကျောက်စာရုံစေတီ ၇၂၀ ဆူ တည်ထားခဲ့ပြီး စေတီတော်တစ်ဆူလျှင် မြန်မာအက္ခရာပါဠိတစ်ဖက်၊ ရိုမန်အက္ခရာပါဠိတစ်ဖက်ဖြင့် ကျောက် စာချပ်ရေ ၁၄၄၀ ကို ရေးထွင်းထားခြင်းဖြစ်ပါကြောင်း။

ထိုကျောက်စာရုံစေတီတော်များ ရွှေထီးတော်တင်လှူခြင်းမဟာမင်္ဂလာအခမ်းအနားကို မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲနှင့်အတူ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင် နိုင်ငံတော်အဆင့် မဟာမင်္ဂလာအခမ်းအနားကြီးအဖြစ် ခမ်းနားထည်ဝါစွာ ဆောင်ရွက်ခဲ့ပါကြောင်း။

ထို့အပြင် ကျောက်စာတော်မူများကို နိုင်ငံတကာအဆင့်မီ စာအုပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်ခြင်း၊ Mobile Tablet များတွင် ထည့်သွင်း၍ ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်မှာ မြန်မာနိုင်ငံ၏ ပဉ္စမနှင့် ဆဋ္ဌသင်္ဂါယနာတင်တော်မူခြင်းများ၏ အောင်မြင်မှုကို သမိုင်းမော်ကွန်း ထပ်ဆင့်ရေးထိုးနိုင်ခြင်းဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရား၏ ပရိယတ္တိသာသနာတော်မြတ်ကြီးကို ချီးမြှောက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်ကို လျှောက်ထားအပ်ပါကြောင်း။

၎င်းအပြင် သင်္ဂါယနာလုပ်ငန်း၏ပဓာနဖြစ်သော ပိဋကကျမ်းစာများကို ခဲစာလုံးမူမှ ကွန်ပျူတာမူအဖြစ်သို့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာအားလုံးတို့ကို အစုံလိုက်အတွဲလိုက် ပြန်လည်ရိုက်နှိပ်နိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ အဋ္ဌကထာ ၅၁ အုပ်ကို အစုံလိုက်ရိုက်နှိပ်ပြီးဖြစ်၍ ပရိယတ္တိဝန်ဆောင်ဆရာတော်အရှင်မြတ်များနှင့် ပရိယတ္တိစာသင်တိုက်ကြီးများသို့ လှူဒါန်းလျက်ရှိသည်ကို သာဓုအနုမောဒနာခေါ်ဆိုနိုင်ပါရန် လျှောက်ထားအပ်ပါကြောင်း။

ဘုရားတပည့်တော်တို့ ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်တော်မူကြပါကုန်သော ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင် ဆရာတော်အရှင်သူမြတ်တို့က နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အပေါ် တရားဓမ္မဖြင့် ချီးမြှင့်ထောက်ပံ့ခြင်း ဓမ္မာနုဂ္ဂဟဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က ဆရာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ခြင်း ပစ္စယာနုဂ္ဂဟဖြင့်လည်းကောင်း၊ ဆရာဒကာလက်တွဲညီစွာ ဆောင်ရွက်သွားပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သ၍ သန့်ရှင်းတည်တံ့ပြန့်ပွားကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့တိုင်အောင် ထွန်းကားပြန့်ပွားမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပါကြောင်း။

ဆရာတော်အရှင်သူမြတ်များ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် သာသနာ့ ဝန်၊ ခန္ဓာ့ဝန်ကို လွယ်ကူချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ထေရဝါဒ ဗုဒ္ဓ သာသနာတော်မြတ်ကြီး နေလို၊ လလို ထွန်းလင်းတောက်ပနိုင်ရေးအတွက် ပြုသမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုအဖြာဖြာသည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေရန် ဆုမွန်ကောင်းတောင်းတော်မူပါကြောင်းဖြင့် လျှောက်ထားတင်ပြသည်။

ယင်းနောက် သံဃာအပါး ၁၀၀၀ နှင့်အထက် ပရိယတ္တိစာသင်တိုက်ကြီးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၏ သဝဏ်လွှာ၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၏ သဝဏ်လွှာ၊ သီရိလင်္ကာနိုင်ငံ၊ သျှာမနိကာယ ကောတေချပ်ပတာ အနုနာယက ဘဒ္ဒန္တကောဋ ပိတိယေ ရာဟုလာထေရ်တို့၏ သဝဏ်လွှာများကို ဆရာတော်ကြီးများက အသီးသီးဖတ်ကြားတော်မူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က သီတဂူဆရာတော်ကြီးထံသို့လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံသို့လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က တပ်ကုန်းမြို့ဦးကျောင်းတိုက်ဆရာတော်ကြီးထံသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်သံဃာတော်အရှင်သူမြတ်များထံသို့လည်းကောင်း လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒဝါသေဠာ ဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲ၊ ဓာတ်ပုံပြခန်းများ ဖွင့်ပွဲမင်္ဂလာအခမ်းအနား

ထို့နောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲ၊ ဓာတ်ပုံပြခန်းများ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပြုလုပ်ရာ မင်္ဂလာအချိန်တွင် နိုင်ငံတော်သမ္မတက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပြခန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။