Skip to main content

လူကုန်ကူးမှုပုံစံသစ်ကို ပူးပေါင်းတိုက်ဖျက်

လူကုန်ကူးခြင်းကို “ခေါင်းပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်ခြင်း နည်းလမ်းများ သို့မဟုတ် အင်အားသုံးခြင်း သို့မဟုတ် အတင်းအကျပ်ခိုင်းစေခြင်း၊ ဖြားယောင်းခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်စားခြင်း၊ အာဏာအလွဲသုံးစားပြုလုပ်ခြင်း သို့မဟုတ် အင်အားချည့်နဲ့သည့် အခြားပုံစံများ သို့မဟုတ် အခြားလူတစ်ဦးပေါ်တွင် ထိန်းချုပ်မှုရှိသည့် လူတစ်ဦး၏သဘောတူညီချက်ကိုရရှိရန် ငွေပေးချေခြင်း သို့မဟုတ် အကျိုးခံစားခွင့်များကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း စသည့်နည်းလမ်းတို့ဖြင့် လူသစ်စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း သို့မဟုတ် လူအများကိုလက်ခံထားခြင်းဟု ကုလသမဂ္ဂက အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

လူကုန်ကူးခြင်းသည် ကျယ်ပြန့်နက်နဲရှုပ်ထွေးလှသည့် လူလူချင်းလိမ်လည်လှည့်ဖြားပြီး အဓမ္မခေါင်းပုံဖြတ်သည့် ရာဇဝတ်မှုဖြစ်သည်။ အစောပိုင်းက လူအချင်းချင်းတွေ့ဆုံပြီးနောက် လိမ်ညာလှည့်ဖြားစည်းရုံးပြီး လူတစ်ဦးတစ်ယောက်အပေါ်တွင် အမြတ်ထုတ်အသုံးချသည့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဒုစရိုက်အသွင်အဖြစ်ရှိခဲ့ရာမှ မျက်မှောက်ကာလတွင် လူ့ဘောင်လောကအတွင်း၌ ဖြစ်ပေါ်လာသည့် ရှုပ်ထွေးပွေလီမှုပြဿနာအကြောင်းများနှင့် တိုးတက်ဖြစ်ပေါ်လျက်ရှိသည့် သတင်းအချက်အလက်နှင့် နည်းပညာများကိုအသုံးချ၍ လူကုန်ကူးမှုပြဿနာမှာ ကျယ်ပြန့်ကြီးထွားလာသည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးဖြစ်ပွားခဲ့ပြီးနောက် လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ဆောင်ကြရာတွင် လူလူချင်းတွေ့ဆုံစရာမလိုဘဲ အွန်လိုင်းပေါ်မှ ဆက်သွယ်ဆက်ဆံမှုလုပ်ငန်းများ၊ အွန်လိုင်း ပေါ်တွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ငွေပေးချေမှုစနစ်များ တိုးတက်ပြောင်းလဲဖြစ်ပေါ် လာမှုများအပေါ်တွင်အခြေခံပြီး အွန်လိုင်းလိမ်လည်မှု မှုခင်းများဖြစ်ပွားလာမှု ပိုမိုများပြားလာသည်ကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် အွန်လိုင်းလိမ်လည်သည့် ကုမ္ပဏီအဖွဲ့အစည်းများ ပေါ်ပေါက်လာသေည့် အခြေခံအကြောင်းရင်းဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာကုလသမဂ္ဂရုံး UNODC ကထုတ်ပြန်ခဲ့သည့် ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှဒေသအတွင်း ကာစီနို၊ ဆိုက်ဘာလိမ်လည်မှုနှင့် အတင်း အကျပ် ရာဇဝတ်မှုကျူးလွန်စေရန် လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် မြန်မာစသည့်နိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးလိမ်လည်မှုများကို အတင်းအကျပ်ကျူးလွန်စေသည့် လူကုန်ကူးမှုများသည် ပုံစံသစ်အဖြစ် တိုးတက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါဖြစ်ပေါ်နေမှုကို နိုင်ငံတကာကပုံစံသစ်ဖြင့် ဖြစ်ပေါ်လာသော လုပ်အားခေါင်းပုံဖြတ်သည့် လူကုန်ကူးမှုအမည်တပ်လာကြကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

လူကုန်ကူးမှုမှ အကျိုးအမြတ်များစွာ အလွယ်တကူရရှိလာသဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်လာပေသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံရသူများကိုကယ်တင်၍ မူရင်းဒေသသို့ ပြန်လည်စေလွှတ်ပေးခြင်း၊ မြန်မာနိုင်ငံသို့ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုပြုလုပ်သည့် နိုင်ငံခြားသားများကို ပြန်လည်လွှဲပြောင်းပေးခြင်း ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံသို့ နယ်စပ်ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံရှိ ၎င်းတို့နှင့်ဆိုင်ရာ သံရုံးများနှင့် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ ဆက်သွယ်မှုလမ်းကြောင်း များမှတစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့်ပတ်သက်ပြီး ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ထို့အပြင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများအနက် အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများနှင့်ချိတ်ဆက်ကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်လျက်ရှိပြီး ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဘင်းမ်စတက်) အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးခံရသူများအား အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် စံလုပ်ငန်းအစီအစဉ်တစ်ခုဖြစ်သည့် ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီအစဉ် (၂၀၂၀) ကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး စံလုပ်ငန်းအစီအစဉ်ပါအတိုင်း နိုင်ငံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှုပုံစံသစ်များကို တိုက်ဖျက်ရာတွင် ရေးဆွဲထားသော လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထငါးနှစ်စီမံကိန်း လုပ်နည်းလုပ်ဟန်အသစ်များနှင့် နိုင်ငံတကာတွင်ကျင့်သုံးနေသော စံနှုန်းများကိုအသုံးပြုပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကပါ ပူးပေါင်းပါဝင် အကောင်အထည်ဖော်ကြခြင်းဖြင့် လူကုန်ကူးမှုပြဿနာများ လျော့နည်းကျဆင်းလာမည်ဖြစ်ပါကြောင်း။  ။