Skip to main content

ကျောင်းသား၊ ကျောင်းသူလူငယ်နှင့် အင်တာနက်လူမှုကွန်ရက်သုံးစွဲမှု

စမတ်ဖုန်းများကို အရွယ်သုံးပါးသုံးစွဲကြခြင်းက မျက်မှောက်ခေတ်၏ ခေတ်ပြိုင်လူနေမှုဘဝပုံစံ အတော်များများကို ပြောင်းလဲသွားစေသည်။ သွားလေရာကို ယူဆောင်သွားနိုင်ကြသည့် စမတ်ဖုန်းများကိုအသုံးပြုကာ လူမှုကွန်ရက်များတွင် အချိန်များစွာကုန်ဆုံးနေကြခြင်းကြောင့် ရုပ်ရှင်ရုံများကို ကျောခိုင်းလာကြသလို ရုပ်မြင်သံကြားကြည့်ရှုချိန်များလည်း များစွာလျော့ကျသွားကြသည်။ သုတရသစာအုပ်များဖတ်ရန်လည်း အချိန်ရောငွေပါမပေးလိုတော့။ ကျောင်းနေအရွယ်ကျောင်းသားများ စမတ်ဖုန်းနှင့် အခြားဒစ်ဂျစ်တယ်အီလက်ထရွန်နစ်ပစ္စည်းများကို အလွန်အကျွံသုံးစွဲလာကြသည့်အခါ ပညာသင်ယူမှုအပေါ် ထိခိုက်လာစေသည်သာမက အခြားဆိုးကျိုးသက်‌ရောက်မှုများ ဖြစ်ပေါ်စေခြင်းကြောင့် ယင်းအပြုအမူများကို အိမ်တွင်ရောကျောင်းတွင်ပါ ကွပ်ကဲထိန်းချုပ်ရန်လိုအပ်လာသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်အောက်ကလေးများ စမတ်ဖုန်းအသုံးပြုချိန်ကို တစ်နေ့လျှင်အများဆုံး နှစ်နာရီသာကန့်သတ်ထားပြီး ည ၁၀ နာရီမှ နံနက် ၆ နာရီအတွင်း အင်တာနက်အသုံးမပြုနိုင်ရန် ပိတ်ပင်သွားရန် တရုတ်အာဏာပိုင်များက ယမန်နှစ်ကပင်ကြိုးပမ်းခဲ့သည်။ ယင်းသို့ဆောင်ရွက်ခြင်းမှာလည်း တရုတ်လူငယ်များတွင် မျက်စိအဝေးမှုန်ခြင်းနှင့် အင်တာနက်စွဲလမ်းခြင်းတို့အပေါ် စိုးရိမ်မှုများကြောင့်ဖြစ်ကြောင်း သတင်းများကဆိုသည်။ ပြီးခဲ့သည့်ရက်အတွင်းက ထိုင်းနိုင်ငံတွင် ကျောင်းသားများ ကျောင်းသို့စမတ်ဖုန်းများနှင့် တက်ဘလက်များယူဆောင်လာကာ အသုံးပြုမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း၊ ယင်းကိရိယာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် ကျောင်းသားများ၏ အာရုံစူးစိုက်မှုနှင့် ဉာဏ်ရည်နိမ့်ကျမှုကိုဖြစ်ပေါ်စေပြီး ကျောင်းသားများ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်စေသည်ဟု ထိုင်းပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သတင်းတစ်ပုဒ်တွင်တွေ့ရသည်။

အနောက်နိုင်ငံများတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်ကပင် ကလေးသူငယ်များ စမတ်ဖုန်းသုံးစွဲမှုအပေါ် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်ကတည်းကပင် အသက် ၁၅ နှစ်နှင့်အောက်ကျောင်းသားများ ကျောင်းသို့ စမတ်ဖုန်း၊ တက်ဘလက် စသည်တို့ယူဆောင်လာခြင်းကို ဥပဒေဖြင့်တားမြစ်ခဲ့သည်။ အမေရိကန်နိုင်ငံရှိ စာသင်ကျောင်းများတွင်လည်း ဖုန်းအသုံးပြုခွင့်ကိုပိတ်ပင်ရန်၊ ကန့်သတ်ရန် စည်းကမ်းများထုတ်ပြန်ခဲ့ကြသည်။ ကလေးများနှင့် ကျောင်းသူ၊ ကျောင်းသားများ စမတ်ဖုန်း၊ တက်ဘလက်နှင့် အခြားဒစ်ဂျစ်တယ်အီလက်ထရွန်နစ်ကိရိယာများ သုံးစွဲမှုအပေါ် ပိတ်ပင်ထိန်းချုပ်မှုများကို ကမ္ဘာ့နိုင်ငံအများအပြားတို့၌ ပြုလုပ်လာကြခြင်းမှာ ၎င်းနည်းပညာပစ္စည်းများ၏ စွဲလမ်းစေတတ်မှုနှင့် ဆိုးကျိုးဖြစ်ပေါ်စေတတ်မှုတို့ကြောင့်ပင်ဖြစ်သည်။ အတွေ့အကြုံနှင့် အသိဉာဏ်တို့ ရင့်ကျက်မှုမရှိသေးသည့် ကျောင်းသူကျောင်းသား အရွယ်များအတွက် ဆိုရှယ်မီဒီယာများပေါ်မှ အန္တရာယ်များကိုရှောင်တိမ်းတတ်ရန်မှာ အသိပညာပေးသင်ကြားမှုများစွာလိုသည်။ မသမာသူများက ဆိုရှယ်မီဒီယာမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် ဥပဒေ၊ လူမှုစည်းကမ်း၊ ယဉ်ကျေးမှုတို့နှင့် မကိုက်ညီသော ကျောင်းသူကျောင်းသား လူငယ်များအတွက် တစ်နည်းနည်းဖြင့် အန္တရာယ်ရှိစေသော နည်းပေးလမ်းပြများစသည်တို့ မှလည်း ကာကွယ်ရန်လိုအပ်သည်။

စာသင်ကြားကြရမည့် ကျောင်းသူကျောင်းသားလူငယ်များ စမတ်ဖုန်းများသုံးစွဲခွင့်ပြုမှုကန့်သတ်ခြင်းကို မိမိတို့၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ဆောင်ရွက်နေကြခြင်းမှာ ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းတို့ကို ထိခိုက်မှုများဖြစ်ပေါ်စေနိုင်ခြင်းကြောင့်ဖြစ်သည်။ စင်စစ် စမတ်ဖုန်းနှင့်အင်တာနက်လူမှုကွန်ရက်တို့မှာ အသုံးပြုတတ်လျှင် အကျိုးကြီးမားသကဲ့သို့ မသုံးတတ်လျှင်၊ အလွဲသုံးလျှင်လည်း အန္တရာယ်ကြီးသည်။ ကျောင်းသူ ကျောင်းသားကလေးငယ်များ အင်တာနက်လူမှုကွန်ရက်များ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ မိဘများနှင့် ဆရာဆရာမများက ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးမှု၊ ထိန်းကျောင်းကွပ်ကဲမှုများပြုကာ လမ်းမှန်သို့တည့်မတ်ပေးကြရပါမည့်အကြောင်း။ ။