Skip to main content

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်၊ စက်တင်ဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ၎င်းတို့၏မူဝါဒ၊ သဘော ထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လေးစားချစ်ခင်အပ်ပါသော မိဘပြည်သူများ၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကောင်းခြင်း မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေခင်ဗျာ-

ရက်များမကြာခင်မှာ လွှတ်တော်သက်တမ်းတစ်ခုနဲ့ အစိုးရတစ်ရပ်ရဲ့တာဝန်များ ကုန်ဆုံးပြီး အနာဂတ်သစ်တစ်ခုကို ပြည်သူများ ဖန်တီးခွင့်ရကြဦးတော့မှာ ဖြစ်ပါတယ်။ ကျင်းပတော့မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးက တိုင်းပြည်နဲ့လူမျိုးအတွက် အနာဂတ်အသစ်ကို ပုံဖော်ပေးမှာဖြစ်ပါတယ်။ နိုင်ငံတော်မှာကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်အရ ပြည်သူလူထု အများစုက ထောက်ခံဆန္ဒပြုရွေးချယ်လို့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် အခွင့်အာဏာအပ်နှင်း ခြင်းခံရသူများသာ အနာဂတ်နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးကို ဦးဆောင်သယ်ပိုးခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ပြည်သူလူထုရဲ့ အဆုံးအဖြတ်သာလျှင် အခရာဖြစ်ပါတယ်။ နိုင်ငံရေးပါတီများအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ကံကြမ္မာကို ဦးဆောင်ဖန်တီးပေးလိုတယ်ဆိုလျှင် ဖန်တီးနိုင်မယ့်အခြေအနေနဲ့ ဖန်တီးပိုင်ခွင့်ဆိုတဲ့လုပ်ပိုင်ခွင့်ကို လက်ဝယ်ပိုင်ပိုင်ရဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲအောင်နိုင်မှလည်း အခြေအနေဖန်တီးနိုင်ခွင့်၊ လုပ်ပိုင်ခွင့်များရရှိတာ ဖြစ်ပါတယ်။ ဒီသဘောတရားအရပဲ နိုင်ငံရေးပါတီတစ်ခုရဲ့ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်ဟာ တိုင်းပြည်ရဲ့ပစ္စုပ္ပန်နဲ့ အနာဂတ်အနေအထားတွေ၊ ကံကြမ္မာတွေကို ပြုပြင်ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာ လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်တွေက သက်သေပြနေပြီ ဖြစ်ပါတယ်။ ပြည်သူရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ အဲဒီကိုယ်စားလှယ်အများစုပါဝင်တဲ့ ပါတီများက တိုင်းပြည်ရဲ့ကံကြမ္မာကို ဦးဆောင်ဖန်တီးသွားတယ်ဆိုပေမယ့် ဒီကိုယ်စားလှယ်တွေကို ရွေးချယ်ရမယ့်လုပ်ပိုင်ခွင့်က ပြည်သူလူထုလက်ထဲမှာ ရှိနေတာပါ။ ဒါကြောင့် ပြည်သူတွေစဉ်းစားသုံးသပ်ရွေးချယ်နိုင်အောင် နိုင်ငံရေးပါတီများကလည်း နိုင်ငံတော်အတွက် ရေရှည် မျှော်မှန်းချက်တွေ၊ ပါတီကဆောင်ရွက်မယ့် မူဝါဒတွေ၊ အကောင်အထည်ဖော်မယ့်လုပ်ငန်းစဉ်တွေ၊ ပြည်သူလူထုကို ခိုင်ခိုင်မာမာတင်ပြချင်တဲ့ ကတိကဝတ်တွေကို ယခုလို ရှင်းလင်းတင်ပြကြရတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ နိုင်ငံတော်နဲ့နိုင်ငံသား အားလုံးအတွက် ပိုမိုတောက်ပတဲ့အနာဂတ်ကို ဖော်ဆောင်နိုင်ရန် ပါတီရဲ့မူဝါဒတွေနဲ့ လုပ်ငန်း စဉ်တွေကို နိုင်ငံတော်ရဲ့သမိုင်းကြောင်းနောက်ခံ၊ ပကတိအခြေအနေနဲ့ အရှိတရားများ အပေါ်မှာ သေသေချာချာ စဉ်းစားသုံးသပ်ချမှတ်ထားပါတယ်။ ပိုမိုတောက် ပသော အနာဂတ်ဆိုတာ ကတော့ ပြည်သူတွေအတွက် လက်ရှိအခြေအနေထက်ပိုပြီး စီးပွားဥစ္စာရှာဖွေရလွယ်ကူတဲ့ အနာဂတ်၊ ပိုမိုလုံခြုံတဲ့အနာဂတ်၊ ပိုမိုလွတ်လပ်ပွင့်လင်းပြီးဖိနှိပ်ခြင်း၊ ကြောက်ရွံ့ရခြင်း ကင်းတဲ့အနာဂတ်၊ အခြေခံဥပဒေကပေးထားတဲ့ နိုင်ငံသားအခွင့်အရေးကို နိုင်ငံသားတိုင်း အပြည့် အဝခံစားရရှိနိုင်မယ့် အနာဂတ်၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဥပဒေပါအခွင့်အရေး အပြည့်အဝရမယ့် အနာဂတ်၊ နိုင်ငံသားတိုင်းဟာ ကိုယ့်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းဖို့ စိုးရွံ့အားငယ်စရာမရှိတဲ့ အနာဂတ်၊ ကလေးသူငယ်များ ကျား/မ မဟူ လူငယ်လူရွယ်များအတွက် သင်ယူမှုအခွင့်အလမ်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ နိုင်ငံ့သားကောင်း၊ သမီးကောင်းဖြစ်မှုအခွင့်အလမ်းတွေနဲ့ ပြည့်လျှမ်းနေစေမယ့် အနာဂတ်၊ အပြန် အလှန်နားလည်စာနာမှု၊ ညီညွတ်မျှတမှုတွေနဲ့ အမုန်းတရားကင်းတဲ့ အနာဂတ်လူမှုအဖွဲ့အစည်းကိုဆိုလိုခြင်း ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့အတွက် အာမခံချက်များကို တင်ပြပါ့မယ်။ လက်တွေ့အောင်မြင်အောင်လည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ် ကြောင်း ဦးစွာတင်ပြလိုပါတယ်ခင်ဗျာ။ မဲဆန္ဒရှင် ပြည်သူများခင်ဗျာ၊ ကျွန်တော်တို့ပါတီဟာ အစိုးရဖွဲ့ပြီး နိုင်ငံ့တာဝန်များကိုထမ်းဆောင်ခဲ့စဉ်က နိုင်ငံတော်ရဲ့ လူမှုရေး၊ စီးပွားရေး၊ လုံခြုံ ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအစရှိတဲ့မြားမြောင်လှသော ကိစ္စရပ်များအပေါ်မှာ မူဝါဒ ချမှတ်ပြီး ပိုင်ပိုင်နိုင်နိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သလို အများအခေါ် အတိုက်အခံပါတီဆိုတဲ့အနေအထားကို ရောက်ရှိလာတဲ့အချိန်မှာလည်း နိုင်ငံတော်နဲ့နိုင်ငံသားများရဲ့ အထွေထွေအရပ်ရပ်သောအရေးအရာတွေမှာ အစိုးရကို ထိန်းညှိထောက်ပြခြင်း၊ အနာဂတ်အတွက် မူဝါဒများနဲ့လုပ်ငန်းစဉ်များ ချမှတ်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နေပါကြောင်းတင်ပြလိုပါတယ်။ ပိုမိုတောက်ပတဲ့ အနာဂတ်အသစ်ကို တည်ဆောက်နိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကိုင်စွဲထားတဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးနဲ့ ပြည်ထောင်စုသားများရဲ့ အမျိုးသားအကျိုးစီးပွားအပေါ်မှာ ခိုင်ခိုင်မာမာအခြေခံထားတဲ့ မူဝါဒကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံနဲ့လူမျိုးရှိနေသမျှ ဘယ်တော့မှ မဖောက်မပြန်၊ မလွဲမှားနိုင်တဲ့ မူဝါဒပဲ ဖြစ်ပါတယ်။ ဒီအမျိုးသားရေးမူဝါဒအပေါ်မှာအခြေခံပြီး တိုင်းပြည်ရဲ့ လတ်တလော လုပ်ဆောင်သင့်တဲ့လုပ်ငန်းများကို စဉ်းစားလိုက်တဲ့အခါမှာတော့

(၁) စီးပွားရေးနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးမှာ ဖြစ်သလို အမျိုးသားအကျိုးစီးပွားအခြေခံနဲ့စဉ်းစားပြီးတော့ မိမိတို့နိုင်ငံသားများ လုပ်ငန်းရှင်များကို ထိုက်သင့်တဲ့အကာအကွယ်တွေပေးမှာ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင် များ စိတ်ချလက်ချရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် “ယုံကြည်မှု”ကို အာမခံတည် ဆောက်ပေး ရပါမယ်။ နိုင်ငံတော်ဆိုတဲ့ အဖွဲ့အစည်းကြီးကနေပြီး နိုင်ငံသားတစ်ဦးချင်းစီမှာပါ လေးလံစွာ ကျရောက်နေတဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို တစ်နှစ်အတွင်းလျှော့ချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

(၂) စိုက်ပျိုးရေး၊ စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍအပါအဝင် တိုင်းပြည်ရဲ့စီးပွားရေး ဘက်စုံဖွံ့ဖြိုးမှုကို အရေးတကြီးဆောင်ရွက်ရပါမယ်။

(၃) လိပ်ခဲတည်းလည်း အငြင်းပွားနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ဦးစားပေးအဆင့်ထားပြီး ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ရည်မှန်းထားတဲ့ ဖက်ဒရယ်အနှစ်သာရ၊ ပြည်ထောင်စု အနှစ်သာရ၊ ဒီမိုကရေစီအနှစ်သာရများကို ချက်ချင်းပြသနိုင်မယ့် လက်တွေ့ကျတဲ့၊ လုပ်ဖို့လည်းမခက်တဲ့ ပြင်ဆင်မှုတွေနဲ့ ခရီးရောက်တဲ့ ပြောင်းလဲပြင်ဆင်မှုတွေကို ဆောင်ရွက်သွားပါမယ်။ နမူနာကောက်နုတ်ပြီး တင်ပြလိုတဲ့ ပြင်ဆင်ချက်တွေကတော့ တိုင်းဒေသကြီးနဲ့ ပြည် နယ်ဝန်ကြီးချုပ်များ ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မများ၊ တန်းတူညီမျှမှုကို လက်တွေ့ပုံဖော်နိုင်စေမယ့် ဥပဒေပုဒ်မများ၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးနဲ့ပြည်နယ်များအကြား လုပ်ပိုင်ခွင့်ခွဲဝေခြင်းနဲ့ပတ်သက်တဲ့ ဥပဒေပြုဇယားများ၊ မဏ္ဍိုင် (၃) ရပ် အပြန်အလှန်အမှန်အကန် ထိန်း ကျောင်းခြင်းကို အာမခံနိုင်ဖို့အတွက် အခြေခံဥပဒေဆိုင်ရာခုံရုံးတို့၊ ရွေးကောက်ပွဲကော်မရှင်တို့နဲ့ပတ်သက်သော ဥပဒေများ၊ ပြည်သူ့ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်း (Right to Recall) ဆိုင်ရာဥပဒေ၊ ရွေးချယ်တင်မြှောက်ခြင်းစနစ် (FPTP, PR) ရွေးချယ်ကျင့်သုံးမှုများဆိုင်ရာ ဥပဒေများ အပါအဝင် အခြားလိုအပ်တဲ့ ဥပဒေပြင်ဆင်မှုတွေ ဖြစ်ပါတယ်။

(၄) ပြည်ထောင်စု နိုင်ငံတော်ကြီးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ဒီမိုကရေစီတည်ဆောက်ရေးရဲ့အခြေခံဖြစ်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုများကိုလည်း ယုံကြည်မှုအပြည့်နဲ့ ဆက်လက်ဆောင်ရွက်သွားပါမယ်။

(၅) ပြည်သူအများ ယုံကြည်အားထားရတဲ့ လယ်ယာစီးပွားကဏ္ဍကို အလေးထား ဖော်ဆောင်ဖို့အတွက် တောင်သူလယ်သမားရေးရာဝန်ကြီးဌာန သီးခြားဖွဲ့စည်းပြီး အသေးစိတ်စီမံ ဆောင် ရွက်ပါမယ်။

(၆) လယ်ယာထွက်ကုန်သီးနှံများ၊ စိုက်ပျိုးရေးထုတ်ကုန်များအတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ်ထက် ပိုမိုတဲ့ရောင်းဈေးနှုန်းနဲ့ ဈေးကွက်ကို ဖန်တီးပေးပါမယ်။

(၇) အလုပ်သမားတွေ အတွက် အနိမ့်ဆုံးရသင့်တဲ့ လစာငွေဟာ ဖြစ်ပေါ်နေသည့် လူနေမှုစရိတ်ကိုကာမိအောင်၊ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သတ်မှတ်ပေးပါ့မယ်။

(၈) ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ ကိုယ်ရတဲ့လစာငွေနဲ့ ထောက်ပံ့မှုများနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်အောင် ၂၀၂၁ ခုနှစ်ကစပြီး နှစ်အလိုက် လစာနှင့်ထောက်ပံ့မှုတွေ တိုးမြှင့်ပေးပါမယ်။

(၉) အခွန်ထမ်းဆောင်ရန် တာဝန်ရှိတဲ့ အခွန်ထမ်းပြည်သူအားလုံးအတွက် ထမ်းဆောင်နိုင် တဲ့နှုန်းထား၊ သင့်တင့်သောနှုန်းထားနဲ့ မပင်မပန်းအခွန်ထမ်းဆောင်နိုင်မယ့်စနစ်ကို သုံးသပ် ပြင်ဆင်ပေးပါ့မယ်။

(၁၀) လက်ရှိအခြေအနေထက် ပိုမိုထိရောက်တဲ့ တရားဥပဒေစိုးမိုးရေး၊ ဒေသအလိုက် တည် ငြိမ်အေးချမ်းရေးနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပါမယ်။

(၁၁) ခြိမ်းခြောက်ခံနေရတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ဥပဒေများပြင်ဆင်ခြင်းနဲ့ရှိပြီး ဥပဒေများကို ထိထိရောက်ရောက် ကိုင်စွဲကျင့်သုံးပြီးတော့ ကာကွယ်ဆောင်ရွက်သွားပါ့မယ်။

(၁၂) ကျက်မှတ်စွဲမြဲမှု၊ ထိုးထွင်းကြံဆမှုနဲ့ ပိုင်းခြားသုံးသပ်တတ်မှုကနေပြီး လက်တွေ့အသုံးချမှုကိုကူးပြောင်းနိုင်တဲ့ ပညာရေးစနစ်နဲ့ ဆရာနဲ့တပည့်ကြားက အပြန်အလှန်တန်ဖိုးထားရိုသေလေးစားမှုများကို ပြန်လည် ပျိုးထောင်ပါ့မယ်။

(၁၃) လူငယ်များ၊ အမျိုးသမီးများအတွက် အားကစားကဏ္ဍမြှင့်တင်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်သလို ကျား၊ မ ခွဲခြားမှုမရှိဘဲ အရည်အချင်းနဲ့ လုံ့လဥဿာဟအတိုင်း အခွင့်အရေး တန်းတူရှိစေရပါမယ်။ နိုင်ငံသားတိုင်း ကျန်းမာသန်စွမ်းရေးအတွက် ထိရောက်တဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုများဆောင်ရွက်ပါ့မယ်။

(၁၄) နိုင်ငံတကာအဖွဲ့အစည်းအားလုံး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ်အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အမျိုးသားအကျိုးစီးပွားကို စံထားပြီး ပြန်လည်သုံးသပ် ဆောင်ရွက်သွား ပါမယ်။

(၁၅) မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာမြှင့်တင်ရေး၊ ကြီးပွား တိုးတက်ရေး၊ ဘဝလုံခြုံရေးတို့ကို လက်တွေ့ကျကျ ဆောင်ရွက်ပေးပါမယ်။

အဲဒီကတိကဝတ်များ၊ လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ဆိုရင် တော့ ကျွန်တော်တို့တစ်ပါတီတည်းနဲ့ဆောင်ရွက်ခြင်း၊ ပါတီခေါင်းဆောင်တစ်ကိုယ်တော် တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ ဆောင်ရွက်ခြင်းမျှဖြင့်တော့ ခါချဉ်ကောင်မာန်ကြီးတဲ့ ရည် မှန်းချက်၊ ကြုံးဝါးချက်မျိုးသာဖြစ်နိုင်မယ်ဆိုတာလည်း ကျွန်တော်လက်တွေ့ကျကျယုံကြည် ထားတဲ့အတွက် ပါဝင်သင့်ပါဝင်ထိုက်သူ၊ ပါတီ၊ အဖွဲ့အစည်း၊ လူမျိုးစုများ၊ တစ်ဦးချင်း ထူးချွန်ထက်မြက်သူများ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့မူဝါဒကို လက်ကိုင်ထားပါတယ်။
ပါတီစုံစနစ်မှာ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ၊ ကိုယ်စားလှယ်လောင်းများဟာ မိမိတို့အပေါ် ပြည်သူလူထုရဲ့အထင်ကြီးလေးစားမှုနဲ့ ယုံကြည်မှုရစေဖို့အတွက် ဟောပြောမှု၊ ရေး သားမှု၊ ကတိကဝတ်နဲ့ အာမခံချက်ပေးမှုတွေကို လုပ်ကြတာဟာ သဘာဝပါပဲ။ သို့ပေမယ့် လက်တွေ့လုပ်ကိုင်လိုတဲ့ စေတနာရှိမှု၊ မရှိမှု၊ လုပ်နိုင်ကိုင်နိုင်၊ ကတိကဝတ်တွေကို အကောင် အထည်ဖော်ဆောင်နိုင်တဲ့ အရည်အချင်း၊ အရည်အသွေးနဲ့ စိတ်စေတနာများဟာ ပြည်သူ အများစုအပေါ်မှာ အာရုံထားရပ်တည်ထားခြင်း ဟုတ်၊ မဟုတ်ဆိုတာတွေကလည်း ရက်ပိုင်း၊ နှစ်ပိုင်းအတွင်းမှာပဲ သိသာပေါ်လွင်လာတတ်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။

ဒါကြောင့် နှစ်များစွာစောင့်ပြီးမှ ကိုယ့်လက်ထဲရောက်လာတဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် အလွန်တန်ဖိုးကြီးတဲ့ ရွေးချယ်ခွင့်ကို သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ ဆုံးဖြတ်အသုံးပြု စေချင်တာပါ။
ကျွန်တော့်ကိုရွေးပေးပါလို့ မပြောလိုသလို၊ ကျွန်တော့်ပါတီကို ရွေးချယ်ပေးကြပါလို့လည်း မပြောလိုပါဘူးခင်ဗျာ။ မဲဆန္ဒရှင်ပြည်သူတွေက ဆုံးဖြတ်မယ့်လူ၊ ရွေးချယ်မယ့်လူ၊ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေက ဆုံးဖြတ်ခံ၊ ရွေးချယ်ခံမယ့်လူတွေ ဖြစ်ပါ တယ်။

ကျွန်တော် အထက်ကတင်ပြသလိုပဲ ကျွန်တော်တို့ကို ရွေးပေးရမှာလို့မခံယူဘဲ မိဘပြည်သူ များက စိတ်ကြိုက်ရွေးယူရမယ့် အခွင့်အရေးဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက် အသုံးချကြပါခင်ဗျာ။

ကျွန်တော့်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေပြီး ရေးသားတင်ပြခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်အရ လူတစ်ယောက်ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ ထိုက်သင့်တဲ့ စောင့် စည်းမှု၊ ကိုယ်ကာယလေ့ကျင့်မှုကို ကာလရှည်ကြာလေ့ကျင့်ရပါတယ်။
တစ်ယောက်ချင်း စိတ်ချမ်းသာဖို့ စိတ်လေ့ကျင့်ခန်းတွေနဲ့ သတိကပ်ရှုမှတ်မှုတွေကို ကာလရှည်ကြာ လေ့ကျင့်ဖို့လိုပါတယ်။ တစ်ယောက်ချင်း ချမ်းသာကြွယ်ဝဖို့ စုဆောင်းမှု၊ မြှုပ်နှံမှု၊ စွန့်စားမှုတွေနဲ့ ကာလရှည်ကြာ အားထုတ်ရပါတယ်။

သို့သော် တိုင်းပြည်နဲ့လူမျိုးနဲ့ချီပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာဖို့ဆိုရင် တစ်ချက်တည်း၊ တစ်ရက်တည်း လုပ်ဖို့ပဲလိုပါတယ်။ အဲဒါကတော့ “မှန်ကန်တဲ့ ရွေးချယ်မှု”ပဲ ဖြစ်ပါတယ်။
မဲဆန္ဒှရှင်ပြည်သူအားလုံး မဲရုံကိုသွားပြီး တန်းစီပြထားတဲ့ အရောင်အသွေးစုံ၊ အရည်အသွေးစုံ၊ ပါတီစုံ၊ ကိုယ်စားလှယ်အစုံထဲက မိမိစိတ်ကြိုက် ရွေးချယ်ရယူအသုံးချပြီး မိမိတို့ရဲ့တောက်ပတဲ့အနာဂတ်ကို ဖန်တီးကြဖို့ အလေးအနက် တိုက်တွန်း တင်ပြအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန် ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ။