ရန်ကုန်၊ စက်တင်ဘာ ၁၅
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချော မွေ့စေရေးကော်မတီ (Investment Promotion Committee-IPC) တတိယအကြိမ် အစည်း အဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဦးကျော်မျိုး၊ ဦးခင်မောင်ဝင်း၊ ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ ဦးဆက်အောင်၊ ဦးတင်လတ်တို့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် အခြား IPC အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် လုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ လေ့လာသူများက သက်ဆိုင်ရာနေရာဒေသများမှ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများကို တုံ့ပြန်ရန်နှင့် ကိုဗစ်အလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ခြင်း အနေ ဖြင့် စက်မှုဇုန်တည်ထောင်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်လုပ်မှု ကွင်း ဆက် (Supply Chain)၊ ကျန်းမာရေးနှင့်ဆက်စပ်သည့်ထုတ်လုပ်မှုလုပ်ငန်းများ၊ Digitization လုပ်ငန်းများ အဓိကတိုးတက်စေရန်၊ အဆိုပါကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan-MIPP)ကို ပြန်လည်သုံးသပ်ရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
တိုးတက်မှုများရှင်းလင်း
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ကော်မတီ၏ လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်ရန်လုပ်ငန်းများနှင့် လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ချက်များအပေါ်တင်ပြခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း ၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့(၅)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက ၎င်းတို့၏ လုပ်ငန်းအဖွဲ့ အလိုက်ရေးဆွဲထားသည့် နှစ်အလိုက်လုပ်ငန်းစဉ် (Annual Activities Plan) များနှင့် စပ်လျဉ်းသည့် တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ (IPC) အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌတို့က သက်ဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်