နေပြည်တော် ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၆၀ ကျော်ကို ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၅ ရက်နေ့တွင် ဂွမြို့နယ်တွင်း သောင်းကျန်းသူများ စိမ့်ဝင်မှုမရှိစေရေးနှင့် အဖျက်အမှောက်လုပ်ငန်းများ မလုပ်ဆောင်နိုင်စေရေး လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများကို အဓမ္မခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်မှုမရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများသည် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လုံခြုံရေးဆောင်ရွက်ရာ နေရာဒေသများအနီးရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကိုဖမ်းဆီးခြင်းစသည့် လှုံ့ဆော်ဝါဒဖြန့် သတင်းမှားများဖြင့် အများပြည်သူ စိုးရိမ်ထိတ်လန့်လာစေပြီး ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။