Skip to main content

ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူ

နေပြည်တော် ဇူလိုင် ၁၈

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သောဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှုခံယူခဲ့ပါသည်။ ကျန်းမာရေးစစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများနှေးကွေးတုန့်ဆိုင်းသည့်ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၁၅-၄-၂ဝ၂၄ ရက်မှ ၁၉-၄-၂၀၂၄ ရက်အထိစင်ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre တွင် ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများခံယူခဲ့ပြီး ၂၇-၅-၂၀၂၄ ရက်မှ ၁၈-၆-၂၀၂၄ ရက်အထိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် ဆေးကုသမှု ခံယူခဲ့ပါသည်။

ယင်းကာလအတွင်း ယာယီသမ္မတဦးမြင့်ဆွေ၏ ဝဲ၊ ယာမျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံပြန်လည်ကောင်းမွန်လာခဲ့သော်လည်း အာရုံကြောအားနည်းရောဂါကို ဆက်လက်ခံစားနေရသဖြင့် ၁၈-၆-၂ဝ၂၄ ရက်မှ ၃၀-၇-၂၀၂၄ ရက်အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူးဆေးကုသမှုအဖွဲ့၏ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပါသည်။ ၃ဝ-၆-၂၀၂၄ ရက်နှင့် ၁၄-၇-၂၀၂၄ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် (၈) ဦးပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကိုပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသေးဘဲ အစားအသောက်စားသုံးခြင်းအပါအဝင် နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့