Skip to main content

မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၉

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ မီတာ ၆၀၀ အာဆီယံစက်ပစ်ကွင်း၌ ဇူလိုင် ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံရုရှားတပ်မတော် သေနတ်ပစ်အသင်းမှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV၊ နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများ တက်ရောက်ကြသည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် အလံတော်အဖွဲ့မှ မြန်မာ-ရုရှားနှစ်နိုင်ငံအလံကို စက်ပစ်ကွင်းအတွင်း သယ်ဆောင်ကာ နှစ်နိုင်ငံအလံအား လွှင့်ထူပြီး အလေးပြုကြ၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများဖြစ်ကြသော မြန်မာ-ရုရှား နှစ်နိုင်ငံ ဗိုလ်လောင်းများသည် သေနတ်ပစ်ပြိုင်ပွဲ အခမ်းအနားကျင်းပရာ စက်ပစ်ကွင်းအတွင်း နေရာယူကြပြီး ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် မီတာ ၃၀၀ ဗိုလ်လောင်းရိုင်ဖယ်ပစ်ပြိုင်ပွဲ၊ ၂၅ မီတာ ဗိုလ်လောင်းပစ္စတိုပစ်ပြိုင်ပွဲတွင် အသင်းလိုက်ပစ်ခတ်စဉ်များ၊ တစ်ဦးချင်းပစ်ခတ်စဉ်များကို ပြိုင်ပွဲအမျိုးအစားအလိုက် ၃ ရက်အကြာ ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ယနေ့နံနက်ပိုင်းတွင် ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများနှင့် အသင်းလိုက်ဆုရရှိ ကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် မြန်မာ-ရုရှား နှစ်နိုင်ငံအလံအား အလံတော်အဖွဲ့မှ အလံချအခမ်းအနားကို ပြုလုပ်ပြီး ပြိုင်ပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

အဆိုပါ မြန်မာ-ရုရှား နှစ်နိုင်ငံဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံဗိုလ်လောင်းများ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံသေနတ်ပစ် အားကစားနည်းစနစ် ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်များသေနတ်ပစ်ပြိုင်ပွဲသို့ တက်ရောက်လာကြသော ရုရှားသေနတ်ပစ်အသင်းမှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV နှင့် နည်းပြအရာရှိများ၊ ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် ဗထူးတပ်မြို့သို့ရောက်ရှိစဉ် စူဠာမုနိကုသိုလ်တော်ဘုရား၊ ဗထူးစမ်းနှင့် ရပ်စောက်မြို့မဈေးသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။