Skip to main content

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှု စစ်ဆေးပြီး ခနောင်တို-တွံတေး တံတားစီမံကိန်း ပန္နက်တင်ခြင်းအခမ်းအနားသို့တက်ရောက်

ရန်ကုန် စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး မွန်းလွဲပိုင်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် (ခနောင်တို-တွံတေး) တံတားစီမံကိန်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် နံနက် ၁၁ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက်နှင့် ဇဝနရပ်ကွက်များတွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ရွေ့လျားကိုယ်အပူချိန်တိုင်းတာသည့် စက်ကြီးများ တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် ကိုဗစ်-၁၉ ရောဂါအတွက် ကျန်းမာရေး စစ်ဆေးပေးနေမှုများကို ကြည့်ရှု၍ ပြည်သူများကို အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက လေးထောင့်ကန်ရပ်ကွက်  အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းခန်းမ တွင် မြို့နယ်အတွင်း မော်တော်ယာဉ် ၁၀ စီးဖြင့် ကျန်းမာရေးစစ်ဆေးပေးနေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် မွန်းလွဲ ၁ နာရီခန့်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့အား တွံတေးတူး​​မြောင်းကို ဖြတ်ကျော်၍ တည်ဆောက်မည့် (ခနောင်တို-တွံတေး) တံတား စီမံကိန်း ဆိပ်ကြီးခနောင်တိုဘက်ခြမ်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ဆိပ်ကြီးခနောင်တိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် လမ်းပန်းဆက်သွယ်ရေးဖြစ်သည့် တံတားကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီမှုများကို ကျေးဇူးတင်ပါကြောင်း ထို့ပြင် ရေကောင်းရေသန့်ရရှိရေး၊ မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တံတား ကြီး ပြီးစီးသွားပါက ဒီဒေသတွင် နေထိုင်ကြသော ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ခနောင်တို-တွံတေးတံတားသည် သံမဏိသံပေါင်တံတား၊ နှစ်လမ်းသွားဖြစ်ပြီး တံတားအရှည် ၇၇၅ မီတာနှင့် အကျယ် ၁၀ မီတာ၊ ချဉ်းကပ်လမ်းအပါအဝင် စုစုပေါင်းအရှည် ၂၅၄၂ ပေရှိရာ ငွေကျပ် ၂၅ ဘီလီယံ ကုန်ကျခံ ၍ ဂျပန်နိုင်ငံတွင် နောက်ဆုံးတည်ဆောက်နေသည့် တံတားဒီဇိုင်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁) တာဝန်ယူတည်ဆောက်မည်ဖြစ်​ကြောင်း သိရသည်။

အသက် ၈၀ ရှိသော ဒေသခံအဘိုးအိုတစ်ဦးက “ရန်ကုန်ကိုရောက်ဖို့ ကားနဲ့သွားရင် နှစ်နာရီလောက်ကြာ တယ်။ စက်လှေစီးရင် နာရီဝက်လောက် ကြာတယ်။ တံတား ထိုးပြီးသွားရင် ၁၅ မိနစ်အတွင်း ရန်ကုန်ကို ရောက်မှာဆိုတော့  အဘတို့ ထပ်ခါထပ်ခါ မက်ခဲ့ရတဲ့ "အိပ်မက်လေး" အကောင်အထည်ပေါ် လာတော့ ပျော်လိုက်တာဗျာ” ဟု ပြောကြားသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)