Skip to main content

တန်းစဉ်မှန်မှန်ကူးပြောင်းလျက် မပျက်မကွက် ပညာခရီးရှေ့သို့ဆက်

“လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်။ ပညာသင်ကြားရေးသည် အနည်းဆုံးမူလတန်းနှင့် အခြေခံအဆင့်တို့တွင် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရဖြစ်ရမည်။ စက်မှုလက်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာများကို လူအများသင်ယူနိုင်စေရမည်ဖြစ်ပြီး အဆင့်မြင့်ပညာရေးကို အရည်အချင်းပေါ်အခြေခံ၍ အားလုံးတန်းတူရည်တူရရှိစေရမည်။” ဟု ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၆ အပိုဒ်ခွဲ (၁) တွင် ဖော်ပြထားသည်။ ပညာသင်ယူခွင့်သည် လူ့အခွင့်အရေးဖြစ်ပြီး ပညာသင်ယူခွင့်အပေါ် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ တစ်နည်းနည်းဖြင့် ပိတ်ပင်ခြင်းတို့မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း “နိုင်ငံတော်သည် အခမဲ့မသင်မနေရမူလတန်းပညာရေးစနစ်ဖော်ဆောင်ရမည်။” ဟူ၍လည်းကောင်း၊ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ (က) ပညာ သင်ကြားပိုင်ခွင့်ရှိသည်၊ (ခ) ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်။” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။ လက်ရှိမိမိတို့နိုင်ငံတွင် အခမဲ့မသင်မနေရ ပညာရေးစနစ်ကို အခြေခံပညာအလယ်တန်းအဆင့်အထိ ဖော်ဆောင်နေပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်မှုများ မရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၃၉၄၅၂၈ ဦး အပ်နှံပြီးစီးခဲ့ပြီး ကျန်ရှိနေသည့် ကျောင်းသား ကျောင်းသူများလည်း သက်ဆိုင်ရာကျောင်းများသို့ လာရောက်အပ်နှံလျက်ရှိသည်။

ကျောင်းအပ်နှံသည့် ကလေးများအားလုံးအတွက် ပညာရေးဝန်ကြီးဌာနက ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေးသည့်အပြင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။ မိမိတို့နိုင်ငံတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆၁၇၈ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်းပေါင်း ၁၅၈၇၇ ကျောင်း၊ မူလတန်းအဆင့် ကျောင်းပေါင်း ၂၅၇၀၅ ကျောင်းရှိရာ စုစုပေါင်း အခြေခံပညာအဆင့်ကျောင်းပေါင်း ၄၇၇၆၀ ကျောင်းရှိသည်။ နိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်နိုင်ရန်အတွက် လူသားအရင်းအမြစ်သည် အဓိကဖြစ်ရာ နိုင်ငံသူ နိုင်ငံသားတို့ ပညာရည်မြင့်မားရေးကို နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၃ ပုံ ၁ ပုံခန့်ဖြစ်သော ၁၈ ဒသမ ၂ သန်းခန့်မှာ အလယ်တန်းအဆင့်နှင့် ၎င်းအဆင့်အောက် ပညာမသင်ကြားခဲ့ရသူများဖြစ်ရာ ပညာရေးမြှင့်တင်မှုသည် မဖြစ်မနေ အလေးထားဆောင်ရွက်ရမည့်လုပ်ငန်းလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများအပေါ်အခြေခံပြီး မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို လေ့လာဆန်းစစ်ကြည့်ရာတွင် မူလတန်းအောင်မြင်၍ အလယ်တန်းသို့ တက်ရောက်သူ ၆၈ ဒသမ ၁၂ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့် (နဝမတန်း) သို့ မူလကျောင်းစတင်နေသူဦးရေ၏ ၄၉ ဒသမ ၂၈ ရာခိုင်နှုန်းတက်ရောက်ခဲ့ကြပြီး နဝမတန်းမှ တက္ကသိုလ်ဝင်တန်းသို့ တက်ရောက်နိုင်သူမှာ စတင်ကျောင်းနေသူဦးရေ၏ ၁၉ ဒသမ ၅၅ ရာခိုင်နှုန်းသာရှိခဲ့သည်။ သူငယ်တန်းမှ ကျောင်းတက်ခဲ့သူ ၁၀၀ တွင် ၂၀ ခန့် နီးနီးသာ တက္ကသိုလ်ဝင်တန်းသို့ရောက်ရှိလာပြီး ၈၀ ကျော်မှာ ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်သွားကြခြင်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် အခမဲ့ပညာရေးစနစ်ကို အလယ်တန်းအဆင့်ထိ ‌ဖော်ဆောင်ပေးထားပြီး အခြေခံပညာအလယ်တန်းအဆင့် (KG+9) သင်ယူပြီးမြောက်ပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူ၊ စာရင်းရေး စာရင်းကိုင်စသည့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါင်းစပ်ပါဝင်နေသော သက်မွေးဝမ်းကျောင်းပညာရေးဖြင့် ပညာရေးခရီးကို ဆက်လှမ်းနိုင်ကြမည်ဖြစ်ရာ ကျောင်းထွက်သူများ ပပျောက်ရေး၊ တန်းစဉ်မှန်မှန် ကူးပြောင်းရေးအတွက် မိဘ၊ အုပ်ထိန်းသူ၊ ဆရာ၊ ကျောင်းသား၊ တာဝန်ရှိသူများနှင့် လူမှုအသိုက်အဝန်းအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရပါမည့်အကြောင်း။ ။